(ဒေါကလု)ခေါ် ကရင်အမျိုးသားအစည်းအရုံး (Karen National Association)သည် ဗမာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ် က စ၍ -- ၁။ ဒေါက်တာတီသံပြာ၊ ၂။ ဦးလူနီ(မစ္စတာစစ်ဒနီလူနီ၏ဖခင်) ၃။ဒေါက်တာမြတ်စံ၊ ၄။ ဦးစံလုံး နှင့် အခြားသော ကရင်မျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံး ဖြစ်လေသည်။ အန္ဒိယဂွန်ဂရက်သည် (ဒေါကလု)အသင်းကြီးရှိပြီး(၂)နှစ်အကြာ ၁၈၈၃ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။ ဒေါက်တာတီသံပြာ(MA.DD)သည် ပဌမဦးဆုံး ဥက္ကဌဖြစ်၍၊ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွါသွားသည့်အထိ နောက်ဆုံးဥက္ကဌတစ်ဦး ဖြစ်လေသည်။ အဆိုပါ ဥက္ကဌ စောဘမောင်သည် အင်္ဂလိပ်များ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး မကြာမီ ၁၉၄၅ ခုနှစ် ဇွန်လအတွင်းတွင် အနိစ္စရောက်ရရှာလေသည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ၌ ကျင်းပသော ကရင်လူထုအစည်းအဝေးကြီး ပြီးသည့် နောက်များမကြာမီအတွင်း နိုင်ငံရေးစိတ်ဝင်စားသော ကရင်လူငယ်တစုက ကရင်လူငယ်အစည်းအရုံး တည်ထောင်ရန် ထိုလူထုအစည်းအဝေးကြီးက တင်မြောက်ထားသော ခေါင်းဆောင်များနှင့် တိုင်ပင်ကြ၏။ ထိုအခါ အစည်းအရုံးခေါင်းဆောင်များက ‘ဤကဲ့သို့ အသင်းအပင်းတခု ထပ်မံ၍ ဖွဲ့စည်းခြင်းဖြင့် နောင်သောအခါ သဘောထားကွဲလွှဲမှုများ ပေါ်ပေါက်လာချေသော် တဦးနှင့်တဦး အတိုက်အခံဖြစ်ပြီး အမျိုးသားများ၏ အကျိုးကို ထိခိုက်ဖို့ လမ်းကြောင်းရှိနှင့် နှီးနှောခဲ့လေသည်’။ လူငယ်ခေါင်းဆောင်ဖြစ်သော ဗိုလ်ထွန်းစိန် ကလည်း ဤသို့ ဖြစ်ဖို့မရှိ၊ ကရင်လူငယ်များသည် ကရင်လူကြီးများ၏ အကူအညီအတွက်သာ ဖြစ်သည်ဟု ဂတိပေးခဲ့လေသည်။ ထိုအခါ လူကြီးခေါင်းဆောင်များ၏ အကူအညီဖြင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organisation)ကို ဖွဲ့စည်းတည်ထောင်လေသည်။ ထိုအခါ KYO ကရင်လူငယ်အစည်းအရုံးခေါင်းဆောင် ဗိုလ်ထွန်းစိန်သည် စစ်ထဲသို့ ပြန်ဝင်ခါနီး မိမိ၏ ဥက္ကဌနေရာတွင် စောဘဦးကြီး(Bar-at-Law)သို့မဟုတ် ဆရာသာထိုကို တင်မြောက်ရန် လူကြီးများ နှင့် တိုင်ပင်သော်လည်း ၎င်းတို့က လက်မခံနိုင်သောကြောင့် KCO မှ အမှုဆောင်တဦးဖြစ်သူ မန်းဘခိုင် ကို တင်မြောက်ရန် လူကြီးများက သဘောတူကြလေသည်။ ဖေါ်ပြပါအတိုင်း လူကြီး နှင့် လူငယ်တို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်လာကြရာမှ ၆ လမျှကြာသောအခါ KCO နှင့် KYO တို့သည် သဘောထားကွဲလဲကြောင်းနှင့် တိုင်းရင်းသားမဂ္ဂဇင်းတွင် မသိမသာ ပေါ်လာလေသည်။ ဤသို့ဆက်လက်၍ သဘောထားကွဲလွဲမှု ဖြစ်သည့် သတင်းမျိုး ပိုမိုပေါ်ပေါက်လာသောအခါ လူကြီးနှင့်လူငယ်ခေါင်းများသည် တွေ့ဆုံ စေ့စပ်ကြရာတွင် ၁၉၄၇ ခုနှစ် ဖေေါ်ဝါရီလ၌ ကျင်းပသော ညီလာခံကြီးတွင် KNA၊ KCO၊ BKNA၊ KYO ကရင်အမျိုးသားအဖွဲ့ကြီးလေးဖွဲ့ တညီတညွတ်တည်း ပူးပေါင်းပါဝင်ပြီး KNU ကရင်အမျိုးသားအစည်းရုံးကြီး ဖွဲ့စည်းလိုက်လေသည်။ ပထမဦးဆုံး ဥက္ကဌမှာ စောစံဖိုးသင် ဖြစ်လေသည်။ KNU ကရင်အမျိုးသားအစည်းရုံးကြီး ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ပြဿနာပေါ်လာသည်။ ထိုပြဿနာကို ဖေါ်ပြပါ ကရင်ညီလာခံသဘင်ကြီးသို့ တက်ရောက်လာသော လူထုကိုယ်စားလှယ်(၂၀၀၀)ကျော်တို့သည် နှစ်ရက်တိုင် ဆွေးနွေးခဲ့ကြလေသည်။ ဥက္ကဌ မေဂျာစံဖိုးသင်သည် ထိုစဉ်အခါက ရွေးကောက်ပွဲကို မ၀င်သင့်၊ ၀င်ရောက်သောကရင်များကို ပစ်သတ်ရမည်ဟု ရဲရဲတောက် ဟောပြောခဲ့လေသည်။ ရွေးကောက်ပွဲသို့ ၀င်လိုသော လူငယ်များကလည်း ရွေးကောက်ပွဲသို့ ၀င်သင့်ကြောင်းနှင့် အမျိုးမျိုး ဟောပြောခဲ့ကြလေသည်။ မန်းဝင်းမောင်သည် ရွေးကောက်ပွဲသို့ဝင်လိုသော်လည်း မိမိ၏သဘောထားကို အတိအလင်း ထုတ်ဖေါ်ပြောဆိုခြင်းမပြုဘဲ၊ လူငယ်ကိုယ်စားလှယ်တဦးဖြစ်သူ စောကျော်စိန်၏ ရွေးကောက်ပွဲ ၀င်သင့်ကြောင်း ကြောင်းပြချက်ကိုသာ ထောက်ခံလေသည်။ စောဘဦးကြီးက ရွေးကောက်ပွဲဝင်သင့် မ၀င်သင့်ကိစ္စကို လေးလေးနက်နက် စဉ်းစားရန်လိုကြောင်း၊ အကိုးအကားပြ၍ သတိပေးသည့်အပြင် ၎င်း၏သဘောထားကား လူထု၏အလိုကိုသာ လိုက်နာဖို့ အသင်ရှိကြောင်းနှင့် အတိအလင်း ဖွင့်ဟ ပြောဆိုလေသည်။ ရွေးကောက်ပွဲကို မ၀င်သင့်ကြောင်း ၀င်ရောက်သောကရင်များကို သတ်ပစ်ရမည်ဟူသော ရဲရဲတောက်ဟောပြောသွားခဲ့ကြသော စောစံဖိုးသင်က ထိုအတောအတွင်းမှာပင် စောစံဖိုးသင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၃ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးလျက် နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်းကို ကရင်ဗဟိုရ်အဖွဲ့ချုပ်သို့ ဖိတ်ကြားကာ စကားပြောဆိုလေသည်။ ဗိုလ်ချုပ်အောင်ဆန်းစကားထ၍ ပြောမည့်အပြုတွင် စောစံဖိုးသင်အား ဘာအကြောင်းပြောရမည်ကို မေးမြန်းပြီး ကရင်များ၏ လိုလားချက်ကို ကရင်ခေါင်းဆောင် နှင့် ဗမာခေါင်းဆောင်များ မျှတအောင် စေ့စပ်နိုင်သည့်အကြောင်း ဖဆပလ၏ စေတနာကောင်းပုံစသည်တို့ကို အကျယ်တ၀င့် ပြောပြပြီး ကရင်နယ်ကိစ္စမှာမူ မလိုအပ်ကြောင်း ကရင်ပြည်ကို မေ့ပစ်ဖို့လိုကြောင်း စသည်ဖြင့် နိရုံးချုပ်သွားလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောချက်ကို ကြားသိရသော ကရင်အမျိုးသားအားလုံးလိုလိုပင် သဘောမတူမနှစ်သက်ကြသော်လည်း စောစံဖိုးသင်ကမူ ဗိုလ်ချုပ်အောင်ဆန်းကို အမွှန်းတင်၍ မိမိအသက်ကို ကယ်ဆယ်ခဲ့သော ကျေးဇူးရှင်တဦးဖြစ်ကြောင်း၊နှင့် လူထုရှေ့တွင် ကြေငြာလေသည်။ စောစံဖိုးအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ၃ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုပြီး ဗမာ၏ မြူဆွယ်ပရိယာယ်များဖြင့် ဖယ်ထုတ်စည်းရုံး အသိမ်းသွင်းခံကြရရှာလေပြီဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ်လ ၃ ရက်နေ့၌ လုပ်ငန်းစီစဉ်ရေးအဖွဲ့ အစည်းအဝေး၌ ဘိလပ်မှ ပြန်စာမရရှိသည့်အပြင် ၀န်ကြီးအဖွဲ့မှ ပြန်ကြားသောစာကို မကျေနပ်သဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားလုံး သဘောတူညီကြသဖြင့် လူငယ်ခေါင်းဆောင် အချို့တို့သည် အစည်းအဝေးမှ ရုတ်တရက် ထွက်ခွါသွားကြလေသည်။ ထိုအစည်းအဝေးကို ဆက်လက်စည်းဝေးနိုင်ရန် စောစံဖိုးသင်၏နေရာ၌ ယာယီသဘာပတိ တဦးကို ရွေးကောက်တင်မြေက်ကြရလေသည်။ ၎င်းအစည်းအဝေးတွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားလုံးသဘောတူဆုံးဖြတ်ကြလေသည်။ လူထုကိုယ်စားလှယ်များက ၀န်ကြီး စောဘဦးကြီးအား ရာထူးမှ နှုတ်ထွက်ရန် ဆက်လက်ဆုံးဖြတ် အတည်ပြုကြလေသည်။ ထိုအခိုက်အတန့်၌ ကရင်လူငယ်အစည်းအရုံး အမှုဆောင်များနှင့် စောစံဖိုးသင်တို့သည် စည်းဝေးတိုင်ပင်ကာ ရွေးကောက်ပွဲသို့ဝင်ရန် ဆုံးဖြတ်ကြပြီးနောက် KNU အမှုဆောင်အဖွဲ့မှ စောစံဖိုးသင်၊ မန်းဝင်မောင်၊ စောစိန်တင်၊ မန်းဘခိုင် နှင့် စောကျော်စိန်တို့သည် နှုတ်ထွက်ကြောင်း နှုတ်ထွက်စာတင်ကြလေသည်။ ဥက္ကဌ စောစံဖိုးသင် နှင့် အမှုဆောင်လေးဦး တို့ ထွက်သွားသည့်အပြင် အရေးကြီးသောပြဿနာများ ပေါ်ပေါက်လာသဖြင့် လုပ်ငန်းစီစဉ်ရေးဆွဲရေးကောင်စီက ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၃- ရက် ၂၄ ရက်နေ့များတွင် အရေးပေါ်ညီလာခံသဘင် ကျင်းပရန် ဆုံးဖြတ်ကြသည့်အတိုင်း ညီလာခံသဘင်ကြီးကို ခေါ်ယူကာ အောက်ပါအရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ကြလေသည်။ ၁။ ကရင်ပြည် ထူထောင်ရေး၌ ဖြစ်စေ၊ ကရင့်ကံကြမ္မာကို ကရင်ဖန်တီးရေး၌ ဖြစ်စေ၊ အားထုတ်လျက်ရှိသော အမျိုးသားတဦးကို သူတပါး စော်ကားခဲ့သော် ထိုအရေးကို ကရင်တမျိုးသားလုံး၏ အရေးဟု ယူဆရမည်။ ၂။ (က) တိုင်းပြုပြည်ပြုလွှတ်တော်သို့ ၀င်ရောက်အရွေးခံမည်ဖြစ်သော ကရင်အမတ်များသည် ကရင်လူထု၏ကိုယ်စားလှယ် အစစ်အမှန်မဟုတ်သဖြင့် လွှတ်တော်အတွင်း၌ဖြစ်စေ၊ အပြင်အပ၌ဖြစ်စေ၊ ၎င်းတို့ပြောဆိုဟောပြော ဆောင်ရွက်ချက်ဟူသမျှတို့သည် ကရင်လူထု၏သဘောထားနှင့် လိုအင်ဆန္ဒဟု မယူဆကြရန်။ (ခ) လူထု၏ဆန္ဒအရ ၀န်ကြီးရာထူးမှ နှုတ်ထွက်သွားသော အမျိုးသားဝန်ကြီး စောဘဦးကြီးသည် ကိုယ်ကျိုးကိုမငဲ့ရာ၌ မြန်မာရာဇ၀င်တလျှောက်လုံးတွင် မကြုံဘူး၊ မကြားဘူးလောက်အောင် လက်တွေ့စံပြစနစ်ဖြင့် ဆောင်ရွက်သွားသဖြင့် ထိုအမျိုးသားပုဂ္ဂိုလ်ကြီးအား ဤညီလာခံသဘင်ကြီးက လေးစားစွာဖြင့် ချီးကြူးကြောင်း မှတ်တမ်းတင်ထားကြပါရန်။ (ဂ) လူထုဆန္ဒအရ ရွေးကောက်ပွဲသို့ ၀င်ရောက်အရွေးမခံကြသော အမျိုးသားခေါင်းဆောင်များနှင့် မဲပေးခြင်း၌ ၀င်ရောက်အားပေးဆောင်ရွက်ခြင်းမပြုသော အမျိုးသားများအား ဤညီလာခံသဘင်ကြီးက အထူးကျေးဇူးတင် ရှိပါကြောင်း။ (ဃ) ရွေးကောက်ပွဲတင်မြောက်ပြီးဖြစ်သော ဗဟိုရ်အမှုဆောင်အဖွဲ့ကြီးအား KNU ၏ လုပ်ငန်းစဉ်နှင့် ညွန်ကြားချက်အ၀၀ကို ရေးဆွဲရန် တာဝန်လွှဲအပ်ကြောင်း။ ၃။ ဤညီလာခံသဘင်ကြီးက လူနည်းစုများ၏ တပ်ဦးကို ဖွဲ့စည်းတည်ထောင်ရန် ဗဟိုရ်အမှုဆောင်များ အားလုံးတာဝန်လွှဲအပ်ကြောင်း။ ၄။ KNU အဖွဲ့ချုပ်၏ ကြွေးကြော်သံအနေနှင့် အပါတ်စဉ် သတင်းစာတစောင် အလျှင်အမြန် ထုတ်ဝေသွားရန် စသည်တို့ဖြစ်ပါကြောင်း။ ကရင်အမျိုးသားများ စစ်ရေးသတိရှိကြ။ နိုင်ငံရေးသတိရှိကြ။ ဖါးစည်သံ ကရင်အမျိုးသားနှင့်နိုင်ငံရေးစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားပါသည်။
วันศุกร์ที่ 1 พฤศจิกายน พ.ศ. 2556
วันอาทิตย์ที่ 19 พฤษภาคม พ.ศ. 2556
ဗိုဟ်နေဝင်း လက်စဖျောက် သုတ်သင်တာ ခံလိုက်ရတဲ့ သီပေါ ရှမ်းဘုရင်
၁၈ -၅ -၂၀၁၃
သျှမ်းနီလူငယ်
သီပေါမြို့လို့လူသိများတဲ့ မြောက်ပိုင်းသျှမ်းပြည်နယ်ရဲ့
วันอังคารที่ 12 มีนาคม พ.ศ. 2556
တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၄)
သန်းဝင်းလှိုင် မတ်လ ၈၊ ၂၀၁၃ ● အာဏာသိမ်းပြီးနောက် အခြေအနေ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သွင်းကုန်ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး အခြေအနေ ရုတ်တ ရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစဌာနချုပ်တွင်လည်း ပထစအစိုးရအဖွဲ့ ၀န်ကြီးများ အဖမ်းခံရခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက် သတင်းမေးကြ၍ ပထစခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက်ရှိသည်။ ထိုနေ့၌ပင် ပထစအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေးကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ အမတ်များ လုံး၀၀င်ခွင့်မပြုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးအခြေအနေ ရုတ်တရက်ပြောင်းလဲသွားခြင်းကို မိမိတို့ ပထစအမတ်များက အံ့အားသင့်ရကြောင်း ပြောကြားသည်။ အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်းမှာမူ စိတ်မကောင်းသည့်အသွင်ဖြင့် မည်သို့မျှဝင်ရောက်ပြောဆိုခြင်း မပြုဟု ဆိုသည်။ ● ဗိုလ်ချုပ်ကြီးနေ၀င်း၏ရှင်းလင်းချက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပထစ၊ ဖဆပလနှင့် ပမညတ အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်ငါးဦးစီတို့အား ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ရုံးချုပ်အတွင်းရှိ ဒဂုံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပထစအဖွဲ့ချုပ်မှ သခင်ကျော်ထွန်း၊ ဗိုလ်တင်မောင်ကြီး၊ စောလူးလူ၊ ဗိုလ်အေး၊ ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ ဦးခင်မောင်လတ်၊ ဦးထွန်းတင်၊ ပမညတအဖွဲ့မှ သခင်ချစ်မောင်၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်နှင့် ဦးအောင်မြင့်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အထွေထွေအခြေအနေကို ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်တွင် ကုန်ဈေးနှုန်း အဆမတန်တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားနေသောကိစ္စ နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသောကိစ္စတို့ကို ဆွေးနွေးပြောကြား၍၊ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပိုင်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့် တိုင်ပင်၍ ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေခံ ဥပဒေမှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ရာတွင် ပထစအဖွဲ့ချုပ်၊ ဖဆပလအဖွဲ့ချုပ်၊ ပမညတတို့နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။ ဗိုလ်ချုပ်ကြီးနေ၀င်း ရှင်းပြသည့် တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် လုပ်ငန်းစဉ်များကို ပမညတအဖွဲ့ချုပ်က ကြိုက်နှစ်သက် သဘောကျသောကြောင့် ပါဝင်ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ● ဗိုလ်မှူးချုပ်အောင်ကြီး၏ သတင်းစာရှင်းလင်းပွဲ ၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင်ပင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးဌာန ၀န်ကြီး ဗိုလ်မှူးကြီးစောမြင့်တို့သည် ဒဂုံရိပ်သာ၌ပင် သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြန်သည်။ ၎င်းက- “အာဏာသိမ်းတဲ့ကိစ္စမှာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတို့မှ ဖြစ်ပေါ်လာတဲ့အပေါ်မှာတည်ပြီး သိမ်းခြင်းဖြစ်ပါတယ်။ ဒီဗမာပြည်မှာတော့ အာဏာသိမ်းရခြင်းအကြောင်းကတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကောင်စီဟာ အာဏာကိုလိုချင်လို့ အဓမ္မယူခြင်းမဟုတ်ပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် လွန်ခဲ့သော ၂ နှစ်လောက်က လူထုအစိုးရအား အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဟာ ထင်ရှားပါတယ်။ ခု ဒုတိယအကြိမ် သိမ်းခြင်းဟာ ဖက်ဒရယ်မူ၏ အရေးတကြီးဖြစ်ပေါ်နေသော အကြောင်းကြောင်းများကြောင့် ယခုလို မလွှဲမရှောင် သာဘဲ နှင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အာဏာသိမ်းယူရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ တိုင်းပြည်ငယ်ငယ်ကလေးပါ။ အဲဒီလို ငယ်တဲ့တိုင်းပြည်ကလေးဟာ အစိပ်စိပ်အမွှာမွှာကွဲပြီးတော့ သူတလူငါတမင်းနဲ့ တိုင်းပြည်ငယ်ကလေးများ ဖွဲ့စည်း၍ မဖြစ်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ လွတ်လပ်ရေးရပြီးသည့်နောက် ဆယ်နှစ်စေ့တဲ့အခါမှာ ပြည်ထောင်စုကြီးမှ ခွဲထွက်နိုင်တယ် ဆိုတာ မှန်ပါတယ်။ ဆိုပါတော့ စကော့တလန်ပြည်ဟာ အင်္ဂလန်ပြည်မကြီးမှ ခွဲထွက်ဖို့ဟာ ခုလို ဆယ်နှစ်မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ကြံရွယ်နေပါတယ်။ ဒါပေမယ့် သူတို့ ခုထက်ထိ စည်းစည်းလုံးလုံးရှိနေတာကို တွေ့ရပါတယ်။ ဗမာပြည်မှာတော့ လွတ်လပ်ရေးရပြီးသည့်နောက် ၁၅ နှစ်မှာပဲ ဗမာပြည်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးကြောင့် ခုလို ခွဲထွက်ဖို့ စကားတွေဟာ တစ်နေ့တခြား ကျယ်လောင်လာပါတယ်။ အဲဒီတော့ ဥပမာဆိုကြပါစို့၊ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လာတဲ့ လောပြည်တို့၊ ဗီယက်နမ်တို့ကို ကြည့်ပါ။ သူတို့ ဒီလိုဖြစ်နေတဲ့အတွက် သူတို့တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ အသိသားပဲ။ အဲဒီလို လောပြည်၊ ဗီယက်နမ်ပြည်တို့မှာ ဖြစ်နေသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဖြစ်မခံနိုင်ဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့် ဒီမကျေနပ်မှုဟာ အုပ်မနိုင်ထိန်းမရဖြစ်လာတဲ့အခြေအနေမှာ ဒီကိစ္စကို အေးချမ်းအောင် ဘယ်သူမှ မလုပ်နိုင်ပါ။ ရှမ်း၊ ကယားတို့က တသီးပုဂ္ဂလပြည်နယ်အဖြစ် တောင်းပါတယ်။ ကယားပြည်လို လူဦးရေ (၈၇,၀၀၀) သာရှိတဲ့ ပြည်နယ်အငယ်ဆုံးကလေးက တသီးပုဂ္ဂလပြည်နယ်တောင်းလာတယ်” ဟူ၍ ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြဿနာများကို ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြား၍ ဦးနုအားဝေဖန်ခဲ့သည်။ ဗိုလ်မှူးချုပ်အောင်ကြီးသည် မတ်လ ၉ရက်နေ့တွင်လည်း ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ အမျိုးသားကာကွယ်ရေးတက္က သိုလ် (ယခု ယုဇနဟိုတယ်) တွင် သတင်းစာဆရာများနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အာဏာသိမ်းယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြန်သည်။ အဆိုပါရှင်းလင်းပွဲသို့ ပြန်ကြားရေးဌာန၀န်ကြီးဗိုလ်မှူးကြီးစောမြင့်၊ ဒုတိယဗိုလ်မှူးကြီး လွင်၊ ဒုတိယဗိုလ်မှူးကြီး ဘိုနှင့် ပညာရေးစိတ်ဓာတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဦးတို့ တက်ေ၇ာက်ကြသည်။ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် အောင်ကြီးက - “ဒီမိုကရေစီအောင်တာ မအောင်တာ ပြဿနာမဟုတ်ပါဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေရောက်လာလို့ ထိန်းသိမ်းရတာပဲ။ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာမရှိပါဘူး။ အစိုးရက သဘောထားကြီးကြောင်း ပြတာနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားစိတ်တွေရှိလာကြတာပဲ။ ပလိပ်ရောဂါ၊ ၀မ်းေ၇ာဂါ ဖြစ်ခါမှ ရေကို ချက်သောက်ရမယ်လို့ တရားဟောနေရင် အဲဒီအချိန်မှာပဲ လူဦးရေတ၀က်ကုန်သလောက် ဖြစ်နေမှာပဲ။ အသံလွှင့်ရုံမှာ ကျင်းပတဲ့ အမျိုးသားနှီးနှောဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာ ဖြစ်ကုန်ကြမှာပဲ။ ပြည်နယ်တွေကပဲ သူတို့ လိုချင်တာ ပေးရင်ပေး၊ မပေးရင်ခွဲမယ်၊ တိုက်ရမယ်ဖြစ်ကုန်ကြပြီ။ ၁၉၄၈ ခုနှစ်က အခြေအနေကို ဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး” ဟု ပြောကြားခဲ့သည်။ ထို့နောက် ဗိုလ်မှူးချုပ်အောင်ကြီးက ဆက်၍ - “ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖောက်ပြန်မှုပဲ။ ဖက်ဒရယ်ဆိုတာက အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကို အရေခြုံထားတာပဲ။ အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖောက်ပြန်မှုလို့ပဲ ယူဆတယ်။ လွတ်လပ်ရေးရတာ ၁၅ နှစ်လောက်ရှိပြီ။ တကယ်သာ ရိုးဖြောင့်တယ်ဆိုရင် ကစားဝိုင်းတွေလုပ်ကြမှာ မဟုတ်ဘူး။ လယ်ယာကိုင်းကျွန်း၊ ကျန်းမာရေး၊ ပညာရေးဘက်တွေမှာ တိုးတက်အောင် လုပ်ကြမှာပေါ့။ ခုတော့ ဒီလူတွေက ဘာလုပ်တယ်ထင်သလဲ။ လူထုဆီက အခွန်တော်ကောက်တယ်။ ရတဲ့ငွေနဲ့ ကားဝယ်စီးတယ်။ မယားငယ်ထားတယ်။ ကျောင်းတစ်ကျောင်းများ ဆောက်ပေးသလား။ အစိုးရက လျော်ကြေးပေးသည့်ငွေတွေကို စော်ဘွားတွေက နင့်အောင်ယူခဲ့ကြတယ်။ ဒါပေမယ့် လူထုအတွက်တော့ တစ်ပြားမှ မသုံးဘူး။ ရှမ်းပြည်နယ်မှာရှိသည့် ကိုးကန့်နယ်ဆိုရင် နိုင်ငံခြားလို သဘောထားတယ်။ “၀” နယ်ဆိုရင် အရိုင်းတွေလို သဘောထားတယ်။ ၀န်ကြီးတွေကတော့ တခေါက်မှ မရောက်ကြဘူး။ ပအို့ဝ်ဆိုရင် သူပုန်ထကြတာ ၇ နှစ်လောက်ရှိနေပြီ။ ပအို့ဝ်တွေ သူပုန်ထတာ ပဒေသရာဇ်ကို မလိုချင်လို့ တိုက်တာပဲ။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ်လွှမ်းမိုးဖို့ လုပ်တာပဲ။ ဒီလိုအလုပ်မျိုးက ကမ္ဘာမှာ မကြံကောင်းတာ ကြံတာပဲ” ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက စော်ဘွားများ ဤကဲ့သို့ ဖောက်ပြန်ခဲ့ရသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပျော့ ကွက်ကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်မူမှာ ပဒေသရာဇ်များ ဆက်၍ လွှမ်းမိုးနိုင်ခွင့် ရရှိစေရန် အကာအကွယ်ယူခြင်းဖြစ်ကြောင်း၊ စော်ဘွားများအတွက် အမတ် ၂၅ နေရာ သတ်မှတ်ပေးထားခြင်းမှာ ပဒေသရာဇ်စနစ်ကို ကာကွယ်ရန် အခွင့်အရေးရခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။ ● အာဏာသိမ်းခြင်းနှင့်ပတ်သက်၍ သဘောထားများ သို့သော် ၀န်ကြီးချုပ် ဦးနုကမူ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲမည့်အန္တရာယ်ပေါ်ပေါက်လာသည်ဟူသော အချက်ကိုလည်း ကောင်း၊ နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟူသော အချက်ကိုလည်းကောင်း လက်မခံခဲ့ပေ။ ထိုစဉ်က နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးမဟုတ်သည်ကို လူအများစုက သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင်း ကျင်းပသည့် လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲမှာ မိမိကိုယ်တိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း ဦးနုက ပြောကြားခဲ့သည်။ လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော အဆိုကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက တင်သွင်း၍ ကချင်ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်းကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) နှင့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြရန်၊ ထိုအဆိုပြုချက်နှင့် ထောက်ခံဆွေးနွေးချက်များကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ကိုယ်စားလှယ်များနှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့ဝင်တို့ က သေချာစွာ လေ့လာရန်၊ ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ နှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့တို့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖက်ဒရယ်မူနှင့်ပတ်သက်သော သဘောထားများကို တင်ပြရန်၊ ထို့နောက် ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ခြောက်ဦး၊ ပမညတ၊ ဖဆပလ၊ ရပလဖ နှင့် ပထစ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်သုံးဦးစီနှင့် အတိုင်ပင်ခံအဖွဲ့ဝင် လူကြီးများပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန်၊ ထိုကော်မတီတွင် ဦးနုက နာယကအဖြစ် ဆောင်ရွက်ရန်၊ ထိုကော်မတီက ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ရရှိသည့် သဘောတူညီချက်ကို အစီရင်ခံရန် ဦးနုက စီစဉ်ထားသည်။ ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်သော ကော်မတီက ဆွေးနွေးညှိနှိုင်းနေစဉ်မှာပင် သင့်လျော်သော အချိန်တွင် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောကြားမည်ဟုလည်း ဆိုသည်။ သို့သော် နှီးနှောဖလှယ်ပွဲကြီး မပြီးဆုံးမီမှာပင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပေသည်။ ထို့ကြောင့် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြောကြားရန် ရည်ရွယ်ထားသော သဘောထားများကို မပြောကြားခဲ့ရပေ။ ထို့အတူ အသံလွှင့်ရုံ၌ ပြုလုပ်သည့်ဆွေးနွေးပွဲအစီအစဉ်အရ ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပထစ၏ သဘောထားကို ၀န်ကြီး ဒေါက်တာ ဦးဧမောင်က ၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြောကြားရန် ဖြစ်သော်လည်း မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ရုတ်တရက် အာဏာသိမ်းပိုက်လိုက်သောကြောင့် ၀န်ကြီး ဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းကို ထိုစဉ်က စာအုပ်အဖြစ် အသင့်ရိုက် နှိပ်ထားပြီးဖြစ်၍ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ထိုစဉ်က ပထစ၏ သဘောထားကို စာဖတ်သူသိရှိနားလည်နိုင်ရေးအတွက် ထည့်သွင်းဖော်ပြ လိုက်ပါသည်။ ၀န်ကြီးဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းတွင် - ပြည်ထောင်စုကြီးတည်တံခိုင်မြဲရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် သေရေးရှင်ရေးတမျှ အလွန်အရေး ကြီးပြီး ပြည်ထောင်စုကြီးတစ်ရပ်လုံးနှင့် ဆိုင်သည့် ပြဿနာဖြစ်ကြောင်း၊ ထိုပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် မည်သည့်တိုင်းရင်းသားမျှ သက်သာခွင့်ရမည်မဟုတ်ဘဲ ပြည်ထောင်စုသားအားလုံး ကျွန်သပေါက်ဘ၀ကို ပြန်ရောက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းသင့် ကြောင်း ပထမတင်ပြထားသည်။ ထို့နောက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ခံသမိုင်းကို ပင်လုံညီလာခံမှစ၍ အခြေခံဥပဒေရေးဆွဲပြီး သည်အထိ အကျဉ်းချုပ်၍ တင်ပြသည်။ ထိုသို့တင်ပြရာတွင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သည့် အဆိုပေါင်း ၁၄ ခုရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက် ဆိုသည်မှာလည်း ဖဆပလ ပဏာမ ညီလာခံတွင် တင်သွင်းသော အဆို (၁၄) ခုအနက်မှ ပထမ (၇) ခုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန် (၇) ချက်ကိုသာ ကွက်၍ ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းချပေးသည့် လမ်းညွှန်ချက်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မကိုက်ညီသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ကြောင်း၊ သို့သော် ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆို (၁၄) ခုစလုံးကို ဖတ်ရှုလေ့လာကြည့်လျှင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုက်ညီသည်ကို တွေ့ရကြောင်း ဖော်ပြထား သည်။ ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆိုပြုချက် (၁၄) ခုမှာ- ၁။ မြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမ ပြင်ဆင်မှုညီလာခံသဘင်က လေးနက်ခိုင်မာစွာပြဋ္ဌာန်းလိုက်သည်။ ၂။ တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အဆိုပါလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်သည်- (က) ယခုအထိ ဗြိတိသျှမြန်မာအပြည်အတွင်းတွင် ပါဝင်နေသော (၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ (၂) ဟုမ္မလင်းခရိုင်ခွဲ (၃) ဆင်ကလိုက်ခမ်းတီး (ဆင်ကလိန်ခန္တီး) (၄) သောင်ဒွတ် (သောင်သွတ်) (၅) ဆောမရနယ်ပယ် (ဆွမ္မရာ) (၆) နာဂတောင်တန်းများ (၇) သံလွင်ခရိုင် (၈) ကံပက်လက်ခရိုင်ခွဲ (၉) ရခိုင်တောင်တန်းနယ်ပယ်များ ဟူ၍ ခေါ်ဝေါ်သောဒေသများ (ခ) ကိုးခမ်း(ကိုးကန့်) နှင့် မောင်းပိုင်(မိုးဗြဲ) တို့အပါအ၀င်ဖြစ်သော ရှမ်းပြည်ထောင်စု (Federated Shan States) (ဂ) ကရင်နီပြည်နယ်များ (ဃ) ကချင်တောင်တန်းများ (င) ကံပက်လက်ခရိုင်ခွဲမပါသောချင်းတောင်တန်းခရိုင်တို့ပါဝင်သောပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်။ ၃။ (၁) အောက်ပါ ဂုဏ်အင်္ဂါအားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ (ခ) (ဂ) (ဃ) (င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် “ပြည်ထောင်စုပြည်နယ်” (Union State) အဆင့် အတန်း ကို ဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” (Autonomous State) အဆင့်အတန်းကိုဖြစ်စေ “လူမျိုးစုပြည်နယ်” (National Area) အဆင့်တန်းကိုဖြစ်စေရရှိရမည်။ ထိုဒေသများသည် မိမိတို့အားအပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍ သော်လည်းကောင်း ရရှိသော အာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား- (၁) ပထ၀ီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း (၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း (၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း (၄) ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း (၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။ (၆) လူဦးရေအတော်အတန်ရှိခြင်း (၇)ပြည်ထောင်စုအဖွဲ့ဝင်သီးခြားဒေသတစ်ခုအဖြစ်ဖြင့်မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေထိုင်သော ဆန္ဒ ရှိခြင်း တို့ ဖြစ်လေသည်။ (၂) ထိုအာဏာများနှင့်တာဝန်များသည် ပဏာမပြင်ဆင်မှုညီလာခံသဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက်သဘောတူညီချက်ကို ရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့်တာဝန်များဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိသော တူညီချက်သည် (ဖဆပလ) အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိမည်။ ၄။ (ဤနေရာမှစ၍ လာမည့်အပိုဒ်များတွင် – “ပြည်ထောင်စုဥပဒေပြုအဖွဲ့” ဟု ခေါ်ဆိုအပ်သော) ဗဟိုဥပဒေပြုအဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတ၀ှမ်းလုံးဖြစ်ရမည်။ “ပြည်ထောင်စုပြည်နယ်” သို့မဟုတ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” သို့မဟုတ် “လူမျိုးစုပြည်နယ်” တို့၏ ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်း ပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင် ပါဝင်သည့်ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာရှိရမည။် (၁) ပြည်ထောင်စုအစိုးရဌာနများ (၂) ပြည်နယ်အချင်းချင်းကိစ္စများ (၃) (ထိုလုပ်ငန်း – ၂ မျိုးမှအပ) ကျန်ကိစ္စများ (၄) ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှုကိစ္စများ (၅) “ပြည်ထောင်စုနယ်” “ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်” “လူမျိုးစုပြည်နယ်” တို့မှလွဲ၍ ကျန်ဒေသများနှင့်စပ်လျဉ်ေးသာ ကိစ္စများ မှတ်ချက်။ (အထက်ပါအပိုဒ်ကြီ – ၄၊ အပိုဒ်ခွဲ (၅) တွင် ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုဖွဲ့များ သတ်သတ် ထားရှိမည် မဟုတ်ချေ။) ၅။ ဤ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံအဖွဲ့ဝင်ပြည်နယ်ဒေသများသည်လည်းကောင်း၊ထိုနိုင်ငံ၏အစိုးရဌာနများသည်လည်းကောင်း၊အသီးသီးတို့သည်မိမိတို့၏ တန်ခိုး တေ ဇာ နှင့် အာဏာ အားလုံးတို့ ကို တိုင်းသူပြည် သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။ ၆။ လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းတူညီမှု၊ အခွင့်လမ်းတူညီမှု၊ တရားဥပဒေအရတူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောက၀တ္တရားတို့နှင့်လည်းကောင်း၊ သင့်မြတ်လျော်ကန် စေရမည်ဖြစ် သော လွတ်လပ်စွာတွေ့ကြုံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သွားခွင့်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု တို့ကိုပြည်သူ ပြည်သားအားလုံးတို့ ရရှိခံစားနိုင်အောင် ၀န်ခံချက်ရှိရမည်။ ၇။ (၁) “တိုင်းရင်းသားလူနည်းစုများ” ၏ အခွင့်အရေးများဖြစ်သော- (က) လူတို့၏ အခွင့်အရေး (ခ) လူမျိုးနှင့်ယဉ်ကျေးမှုအခွင့်အရေး (ဂ) ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရပြဋ္ဌာန်းနိုင်ခွင့်နှင့်အတူ လွတ်လပ်စွာပေါင်းသင်းဆက်ဆံနိုင်သောအခွင့်အရေး (ဃ) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇ၀င်အစဉ်အလာအားဖြင့်လည်းကောင်း၊ ကွဲပြားသောသူများလည်းဖြစ်၍သက်ဆိုင်ရာ အဖွဲ့ဝင်ဒေသတွင် လူဦးရေ (၁၀) ပုံ (၁) ပုံ ထက် မနည်းရှိသည့်သူများလည်းဖြစ်သော ပြည်သူတစု သည် ခံစားနိုင်ပါသည် ဟု ခံဝန်ချက်ရှိရမည်။ (၂) ကရင်အမျိုးသားတို့နှင့်သက်ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် “ကရင်ရေးရာအဖွဲ့” တခုကို ဖွဲ့စည်းရမည်။ ၈။ “ပြည်ထောင်စုပြည်နယ်” “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်” “လူမျိုးစုပြည်နယ်” တို့အား ပိုင်းခြားသတ်မှတ် အပ်နှင်းလွှဲပြောင်းပေးထားသော အာဏာများမှတပါး လွတ်လပ်သော အချုပ်အခြာအာဏာများမှတပါး လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်၏ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာတို့သည်ပြည်ထောင်စုမြန်မာနိုင်ငံ၌ ရှိ၍ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက တည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဌာနများကသော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။ ၉။ ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ ပြည်သူအားလုံး၏ အထွန်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်အကြီးအမှူးဖြစ်သည့် သမ္မတနှင့်တကွ ပြည်သူ့လွှတ်တော်လူမျိုးစုလွှတ်တော် နှစ်ရပ်ပါဝင်သော ပြည်ထောင်စုမဟာလွှတ်တော်(Union Assembly) တို့တွင် ပြည်ထောင်စုဥပဒေပြုအာဏာကို အပ်နှင်းထားရှိစေရမည်။ သမ္မတအားပြည်ထောင်စုမဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော်အမတ်များကို လျှို့ဝှက်မဲဆန္ဒပေးစနစ်အရ အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် “ပြည်ထောင်စုပြည်နယ်” မှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ“ပြည်နယ်” မှလည်းကောင်း၊ “လူမျိုးစုပြည်နယ်” မှ လည်းကောင်း၊ “တိုင်းရင်းသားလူနည်းစု” မှ လည်းကောင်း၊ အဖွဲ့ဝင်ဒေသတစ်ခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်း အပ်သော ကျန်ဒေသများမှလည်းကောင်း ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။ ၁၀။ တရားဥပဒေနှင့် ဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့က ပြဋ္ဌာန်းမည့် စည်းကမ်းချက်များကို ထောက်၍ ပြည်သူတို့တွင် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အမတ်ကို နုတ်ပယ်ခေါ်ယူနိုင်သော အခွင့်အရေးရှိစေရမည်။ ၁၁။ ပြည်ထောင်စုအစိုးရဟူ၍ ခေါ်ဆိုအပ်သည့် ပြည်ထောင်စု နိုင်ငံတော်၏ အချုပ်အခြာအုပ်ချုပ်မှုအာဏာတည်ရှိရာဖြစ်သော အစိုးရအဖွဲ့သည် ပြည်သူ့လွှတ်တော်အား တာဝန်ခံရမည်။ ၁၂။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သော်လည်းကောင်း၊ တရားဥပဒေကသော်လည်းကောင်း၊ တည်ထောင်ထားသော တရားရုံးတော်များသည် တရားစီရင်ခြင်းကို ပြုရမည်။ ထိုတရားရုံးများက မဟာတရားရုံး တော်နှင့်တကွ ထိုတရားရုံးတော်၏ လက်အောက်ခံတရားရုံးများဖြစ်သည်။ တရားသူကြီးများသည် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဥပဒေတို့ကိုသာ ထောက်၍ လွတ်လပ်စွာတရားစီရင်ရမည်။ မဟာတရားရုံး တော်၏ တရားဝန်ကြီးများကို “ပြည်ထောင်စုမဟာလွှတ်တော်” က ရွေးကောက် တင်မြှောက်ရမည်။ ၁၃။ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်ရှိနေသည်ဟူသော ဂုဏ်သိက္ခာ သည်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်နိုင် သော အခွင့်အရေးများသည်လည်းကောင်း၊ ထိုဂုဏ်သိက္ခာ ထိုအခွင့်အရေးများသည် တရားမျှတမှုနှင့် လည်းကောင်း၊ တိုင်းကြီး၊ ပြည်ကြီးတို့၏ ဥပဒေနှင့်လည်းကောင်း လျော်ညီစွာ တည်တံ့ခိုင်မြဲနေရမည်။ ၁၄။ ကျွန်ုပ်တို့ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကိုရရှိ၍ လူသတ္တ၀ါခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည့်အလျောက် အစွမ်းကုန်အားထုတ်ဆောင်ရွက်ပြီးလျှင် ပြည်ထောင်အချင်း ချင်း တရားမျှတမှုနှင့် လောက၀တ္တရားတို့ကိုထောက်ကာ၊ နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက် မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုထားလေသည်။ စသည်တို့ဖြစ်သည်။ ဆက်လက်၍ ၀န်ကြီးဒေါက်တာဦးဧမောင်က အခြေခံဥပပဒေရေးဆွဲပုံနှင့်ပတ်သက်၍- ပြည်ထောင်စုနှင့်ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တစ်ကြိမ်ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြစ်သော ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဦးအောင်ဆန်းကိုယ်တိုင်သဘာပတိအဖြစ် ကြီးမှူး၍ ဆပ်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှတ်တမ်းများအရ အောက်ပါအတိုင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါတယ်။ အဲဒီအစည်းအဝေးမှတ်တမ်းကို နောက်တစ်နေ့ (၂၅-၆-၄၇) ရက်နေ့ အစည်းအဝေးက အတည်ပြုထားတာ တွေ့ရှိရပါတယ်။ ဟု ဖော်ပြထားပြီး ၎င်းပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာဆပ်ကော်မတီမှ- ညောင်ရွှေစော်ဘွားကြီး၊ မိုင်းပွန်စော်ဘွားကြီး နှင့် ဆမားဒူးဝါးဆင်ဝါးနောင်တို့ မေးမြန်းသော မရှင်းလင်းသည့် အချက်အလက်တို့ကို ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘချိုနှင့် ဦးချန်ထွန်းတို့က အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီးနောက် ဖွဲ့စည်းလတ္တံသော မြန်မာပြည်ထောင်စုတွင် မြန်မာပြည်မှအပ အခြားအခြားသော ပါဝင်ပတ်သက်သည့် နယ်များတွင် သီးသန့်အုပ်ချုပ်ရေးနှင့် အစိုးရရှိရမည်ဖြစ်သော်လည်း မြန်မာပြည်မနှင့် အခြားပြည်နယ်များမှာ နိုင်ငံအကျယ်အ၀န်း၌ လည်းကောင်း၊ လူဦးရေ၌လည်းကောင်း၊ စီးပွားရေးအခြေအနေ၌လည်းကောင်း၊ လွန်စွာခြားနားသည့် အပြင်ငွေကြေးနှင့် လူအင်အားစသော အခက်အခဲတို့ကြောင့် မြန်မာပြည်အတွက် သီးခြားသောလွှတ်တော်နှင့် အစိုးရမထားရှိဘဲ ပြည်ထောင်စုလွှတ်တော်အစိုးရကပင်လျှင် မြန်မာပြည်မအတွက်ကိုပါ ဆောင်ရွက်ရန် ဖဆပလ ပဏာမညီလာခံမှ ရေးဆွဲထားသော မူကို အကြမ်းအားဖြင့် အားလုံးသဘောတူပြဋ္ဌာန်းကြသည်။ မြန်မာနိုင်ငံတွင် ပါဝင်လျက်ရှိသော ပြည်နယ်များအခြေအနေအရ ရှိပြီးဖြစ်သော မည်သည့်ပြည်ထောင်စုမူမျိုး နှင့်မှ မြန်မာနိုင်ငံနှင့် တသွေမတိမ်းလုံးဝမကိုက်ညီနိုင်သဖြင့် ကမ္ဘာပေါ်ရှိ အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှားနိုင်ငံ အစရှိသော ပြည်ထောင်စုမျိုးစုံမှ မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ကောင်းနိုးရာရာအချက်တို့ကိုသာ စိစစ်ပေါင်းစပ်ရေးဆွဲခြင်းကို နှစ်ခြိုက်ပါကြောင်း။ ဆိုသည့် အပိုဒ်ကို ထုတ်နုတ်ကိုးကား၍ ၀န်ကြီး ဒေါက်တာ ဦးဧမောင်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ထို့အပြင် ပြည်ထောင်စုဗဟိုအစိုးရနှင့် ပြည်နယ်များအာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများရှိစဉ်ကပင်ထိုကိစ္စကိစဉ်းစားဆွေးနွေး ဆုံး ဖြတ်ခဲ့ပြီးဖြစ်ကြောင်းအောက်ပါအတိုင်း တင်ပြထားသည်။ အာဏာများခွဲဝေသတ်မှတ်ရာတွင် ပြည်နယ်များ၏ အာဏာများကို သတ်မှတ်ပြီးနောက် မသတ်မှတ်ရသော အာဏာတို့ကို ဗဟိုအစိုးရသို့ပေးရန် သဘောတူညီကြောင်းကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်မပြည်နယ်ခေါင်းဆောင်ကြီးများဟာ ပြည်ထောင်စု အစိုးရအား အများနှင့်သက်ဆိုင်သော ကိစ္စအတွက်သာ အာဏာခွဲဝေပေးပြီး ကျန်အာဏာများကို ပြည်နယ်များကို အုပ်ချုပ်ရန်ဆိုတဲ့ အပိုင်းကို လက်မခံကြောင်းထင်ရှားပါတယ်။ လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များရှိစဉ်ကပင် လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးမူကို လက်မခံခဲ့ကြောင်း အောက်ပါအတိုင်း တင်ပြထားသည်။ ပြည်နယ်ခေါင်းဆောင်များရဲ့ “ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူ” ရဲ့ တတိယပိုင်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ်အခွင့် အာဏာတူပေးရေးဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း ကိုယ်စားလှယ်တော်လူကြီးမင်းများ သိရှိတော်မူပြီးတဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်မပြည်နယ် ခေါင်းဆောင်များပါ အလေးအနက်စဉ်းစားခဲ့ပြီး အောက်ပါအချက်အလက် များအရ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့တာကို တွေ့ရှိရပါ တယ်။ ဒီဆုံးဖြတ်ချက် ကို ကျွန်တော်စောစောပိုင်းက တင်ပြပြီးပါပြီ။ ဒီအစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ကို သဘာပတိကြီးမှတဆင့် အနည်းငယ်ပြန်လည်တင်ပြပါရစေ။ ဒီအစီရင်ခံစာမှာ ပထမအချက်အနေနဲ့ “ဗဟိုအစိုးရအဖွဲ့ကို ပြည်သူ့လွှတ်တော်က တာဝန်ခံယူရမည်” ဟု ဖော်ပြထားပါတယ်။ ဒီသဘောဟာ လွှတ်တော်နှစ်ရပ်စလုံး အခွင့်အာဏာတူပေးမထားကြောင်း ထင်းရှားလှပါတယ်။ ဒီလို အခွင့်အာဏာတူမပေးခြင်းကို အကြောင်းပြ ထားတာကတော့ လွှတ်တော်နှစ်ရပ်စလုံးအပေါ် တာဝန်ခံယူရမည်ဟု ဖော်ပြထားပါက နိုင်ငံရေးဂိုဏ်းဂဏ၊ ပါတီ၊ လူမျိုးစုအမျိုးမျိုးအစားစားရှိတဲ့အတွက် ခိုင်မြဲသောအစိုးရကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ရယ် ပြည်သူ့လွှတ်တော်မှာ လူဦးရေအလိုက်ရွေးကောက်တင်မြှောက်ထားသည့် အမတ်များပါဝင် ပြီး လူမျိုးစုလွှတ်တော်မှာ လူဦးရေအလိုက် ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ၊ လူဦးရေနည်းသည့် ပြည်နယ်များနှင့် လူနည်းစုတို့အား သက်ညှာသောအားဖြင့် ကိုယ်စားလှယ် များကို လူဦးရေအလိုက် ရှိသင့်သည်ထက် အဆပေါင်းများစွာ ပိုမိုပေးအပ်ထားရသဖြင့် ဒီမိုကရေစီဝါဒအရ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံယူရန် ပြဋ္ဌာန်းထားသည်ဟု ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီ စနစ်အရ ပြည်သူ့ လွှတ်တော်ကိုသာ အခွင့်အာဏာပေးထားတာ တွေ့ရပါတယ်။ လွတ်တော်နှစ်ရပ်ကို အခွင့်အာဏာတူ ပေးထားတာကို မတွေ့ရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများဟာ ဒီမိုကရေစီထွန်းကားရေးနဲ့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် လွှတ်တော်နှစ်ရပ် အခွင့်အာဏာတူ ပေးတဲ့မူ ကို ထိုအချိန်အခါကပင် လက်မခံခဲ့ပါဘူး။ ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းသော ပြည်ထောင်စုစစ်စစ်မူအပေါ် ပထစ၏ သဘောထားမူကိုလည်း ၀န်ကြီးဒေါက်တာ ဦးဧမောင်က - (၁) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများအမြှော်အမြင် ကြီးမားစွာ ချမှတ်ခဲ့သော ပြည်ထောင်စု အခြေခံဥပဒေရည်ညွှန်းချက်ပါ သဘောထားများနှင့် လုံးဝကွဲပြားခြားနားနေသည့် အချက်များကြောင့်လည်းကောင်း။ (၂) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်လျက်ရှိသည့် သဘောများပါဝင်နေသည့်အချက်များကြောင့်လည်းကောင်း။ (၃) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့်ဆန့်ကျင်ကာ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့် အချက်အလက်များပါရှိနေခြင်းကြောင့်လည်းကောင်း။ (၄) ပြည်ထောင်စုအဖွဲ့အစိုးရက ပြည်နယ်များအတွက် ဖြစ်နိုင်သည့် ကိစ္စ ဟူသမျှကို မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန်ဆောင်ရွက်နေသည်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲတို့ကိုရှေးရှု၍ပြည်နယ်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးတင်ပြ သော ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို ပြည်ထောင်စုအဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ပါ။ (သို့ရာတွင် နိုင်ငံတော်အကြံပေးအဖွဲ့မှ အလေးအနက် ဝေဖန်ဆွေးနွေးပြီးတင်ပြထားသော ထောက်ခံချက်များမှာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ညီမျှရေးနှင့် လွတ်လပ်ရေးတည်းဟူသော အခြေခံမူကြီးများနှင့် ကိုက်ညီသည်ဟု ပထစအဖွဲ့ချုပ်က ယုံကြည်ပါကြောင်း) လေးနက်စွာ တင်ပြအပ်ပါသည်။ ဟူ၍ တင်ပြသွားသည်။
တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၃)
သန်းဝင်းလှိုင် မတ်လ ၅၊ ၂၀၁၃ ၁၉၆၂ မတ်လ ၁ ရက်နေ့ တွင် မြန်မာ့အသံ၌ ဖက်ဒရယ်မူနှင့်ပတ်သက်သော လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ကျင်းပနေစဉ် ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှအကြာ ည(၁၂)နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီရန် နှင့် အချက်အခြာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့များဝင်ရောက်ခြင်းမပြုမီ ရက်အနည်းငယ်ကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း နှင့် စစ်တပ်အကြီးအကဲ အချို့သည် နိုင်ငံတော်အာဏာကို သိမ်းပိုက်ရေးအတွက် ကြိုတင်ကြံစည်ခဲ့ကြသည်။ ကြိုတင်စီစဉ်နေသော စစ်တပ်အကြီးအကဲများအနက် တစ်ဦးတည် နိုင်ငံတော်အာဏာသိမ်းပိုက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်အတွက် ပြည်စောင့် ရဲတပ်ရင်း၏ အခြေအနေကိုပင် ကြိုတင်၍ စူးစမ်းလေ့လာထားခဲ့ကြသည်။ ထိုစဉ်က ပြည်စောင့်ရဲတပ်ဌာန၏ ဒုတိယရဲတပ်ချုပ်မှာ ဗိုလ်မှူးကြီး တန်ယုဆိုင်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်တပ်အကြီးအကဲအချို့သည် လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲ စတင်ကျင်းပသည့် ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စ၍ နိုင်ငံတော်အာဏာသိမ်းယူရေးကို အဆောတလျင်ဆောင်ရွက်လာခဲ့သည်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းအမိန့်ဖြင့် စစ်တပ်အကြီးအကဲတို့က နိုင်ငံတော်အာဏာသိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ တရားဝန်ကြီးချုပ်၊ ပြည်နယ်အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသော နေရာဌာနများကို ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာတပ်မှူးများအား တာဝန်ပေးအပ်ခဲ့သည်။ တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူသည့် နေ့ရက်နှင့် အာဏာသိမ်းယူရေးအစီအစဉ် စတင်မည့် အချိန် နာရီတို့ကို လျှို့ဝှက်ထားသဖြင့် မသိခဲ့ရဟု ဆိုသည်။ ၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မူ အာဏာသိမ်းရန် စစ်ဆင်ရေးကို ဆင်နွှဲကြရမည်။ တာဝန်ခံတပ်မှူးများသည် စစ်ဆင်ရေးဆင်နွှဲရန် အမိန့်ရရှိသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။ ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံးအဆင်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နှုတ်မိန့်ထွက်လာသည်။ ထိုအခါ စစ်ဆင်ရေးတာဝန်ခံတပ်မှူးများသည် အချင်းချင်းတိုင်ပင်ဆွေးနွေးကြပြီး စစ်ဆင်ရေးဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ ဟုလည်းကောင်း၊ စတင်မည့်အချိန်ကို မတ်လ ၁ရက်နေ့ည ၁၂ နာရီတိတိဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။ ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေးညွှန်ကြားမှူးဗိုလ်မှူးတင်ဦးနှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှူးညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဘနီတို့လည်း သိရှိခဲ့ကြသည်။ သို့သော် ထိုစစ်ဆင်ရေးအစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော် တပ်မှူးများသည် အခြားအရာရှိများ၊ မိမိတို့ လက်အောက်အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်းမပြုခဲ့ချေ။ စစ်ဆင်ရေးတစ်ရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။ ● အာဏာသိမ်းစစ်ဆင်ရေး ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ ည ၁၁နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။ ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်းဖြစ်သည်။ စစ်တပ်သည် မင်္ဂလာဒုံလေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများနေထိုင်သော ၀င်ဒါမီယာ၊ ၀င်ဒါမီယာကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်ရှိ ၀န်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စ၀်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေဇာလမ်း (ယခုဒဂုံ မြို့နယ်ရှိ တော်ဝင်လမ်း) ရှိ ကယားဂေဟာ တို့ကို သွားဝိုင်းရံထားလိုက်ကြသည်။ နံနက် ၂ နာရီခန့်တွင် တပ်မတော်တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း ပြည်ထောင်စုလမ်းသွယ် အမှတ် ( ) တွင် နေထိုင်သော ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးဒေါက်တာဦးဧမောင် နှင့် ပြည်လမ်း ခုနစ်မိုင်ခွဲတွင် နေထိုင်သော မိုးနဲစော်ဘွား စ၀်ပြည့်၊ မိုင်းနောင် စော်ဘွား စ၀်အုန်းမောင်တို့ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို စစ်ထောက်လှမ်းရေးမှ ဖမ်းဆီးပြီးနောက် ကားပေါ်သို့ တင်အပြီး၌ စကားဝှက်ဖြင့် “လောက်ကောင်” မိပြီဟု ဌာနချုပ်သို့ သတင်းပို့ခဲ့သည်။ နောင်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ကျွန်မကြားတာက “ဇာတ်ကောင်” ပါပဲ။ ဖေဖေနားကြားလွဲသွားတယ်နဲ့ တူပါတယ် ဟူ၍ ပြောပြခဲ့ဖူးသည်။ သို့သော် ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံသမိုင်း (လက်နှိပ်စက်စာမူ) ၌ ဦးနုအားဖမ်းစဉ်က စာကားဝှက် “လောက်ကောင်” ဟုသာ သုံးနှုန်းထားကြောင်း တွေ့ရှိရ၍ ၀န်ကြီးချုပ် ဦးနုကြားသည့်အတိုင်း “လောက်ကောင်” သည်သာ အမှန်ဖြစ်ပါကြောင်း သိရှိရသည်။ ယင်းစာမူ၌ အခြားဝန်ကြီးများ၏ နာမည်ကိုလည်း စကားဝှက်ဖြင့် “ဖာသယ်”၊ “မိန်းမရွှင်” “ဆိတ်လစေ့” “နှစ်ဖက်ချွန်” ဟူ၍ သုံးနှုန်းထားရာ ရန်ကုန်ဘဆွေနှင့် အာဏာသိမ်း ခေါင်းဆောင်ဗိုလ်ချုပ်ကြီးနေ၀င်းတို့ ဆက်နွှယ်ပတ်သက်နေမည်လားဟု တွေးထင်စရာပင်ဖြစ်သည်။ ထို့နောက် နံနက် ၃ နာရီခန့်တွင် အခြားဝန်ကြီးများဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင်၊ ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယားဦးစိန်တို့ကိုလည်းကောင်း၊ အင်းလျားလမ်း နေအိမ်သစ်တွင် နေထိုင်သော သမ္မတ မန်းဝင်းမောင်တို့ကိုလည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်နယ်မှ အမတ်များကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်ဥက္ကဌများကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။ အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရှင်းပြ၍ ၎င်းတို့အိမ်တွင် ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းဆီးစဉ်က ဖမ်းဝရမ်းတောင်းသဖြင့် ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။ တပ်မှူး လည်း ဦးမြင့်သိန်း၏ အိမ်သို့ လိုက်သွားပြီး တပ်မတော်က အာဏာသိမ်းခြင်းဖြစ်ကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။ ၀န်ကြီးများ၏ နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား စစ်တပ်တပ်ဖွဲ့ဝင်များရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်း မပြုရန် ကြိုတင်ညွှန်ကြားထားသောကြောင့် ၀န်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေလွယ်ကူစေခဲ့သည်။ သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စ၀်ရွှေသိုက်နေအိမ်သို့ ရောက်ရှိစဉ်က လုံခြုံရေးအစောင့်များအား ရှမ်းဘာသာဖြင့် ခုခံခြင်းမပြုရန် အော်၍ ပြောသေးသည်။ သို့သော် အစောင့်များက ပစ်ခတ်သဖြင့် စစ်တပ်မှလည်း ပြန်လည်ပစ်ခတ်ရာတွင် စ၀်ရွှေသိုက်၏သားငယ် အသက် (၁၇) နှစ် အရွယ်ရှိ စ၀်မီမီသိုက် ခေါ် စ၀်စေးဟုမ်ဖ မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့ရသည်။ စ၀်မီမီသိုက် သေဆုံးမှုနှင့်ပတ်သက်၍ စ၀်မီမီသိုက်၏ အစ်ကို (ယူဂျင်းသိုက် (Eugene Thaike) က ရန်ကင်းရဲဌာနတွင် အမှုဖွင့် တုင်ကြားခဲံသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ၀င်ရောက်လာက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ညီ စ၀်မီမီသိုက်ကို ထိမှန်သေဆုံးသွားကြောင်း တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကင်းရဲဌာနမှ လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ တပ်မတော်ကမူ စ၀်မီမီသိုက်သေခဲ့ရခြင်းအတွက် စာနာထောက်ထားမှုရှိကြောင်းပြသပြီး တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေ၀င်းကလည်း စ၀်မီမီသိုက် ကွယ်လွန်အနိစ္စရောက်ခြင်းကို တော်လှန်ရေးကောင်စီဝင်များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သ၀ဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စ၀်ရွှေသိုက်နှင့် မဟာဒေ၀ီတို့ထံ ပေးပို့ခဲ့သည်။ ထိုစဉ်က မဟာဒေ၀ီ စ၀်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီးစောမြင့်သည် ၀မ်းနည်းသ၀ဏ်လွှာကို စ၀်ရွှေသိုက်၏သားအကြီးဆုံးဖြစ်သူ စ၀်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျင်းပသည့် ဈာပနအခမ်းအနားသို့လည်း တော်လှန်ရေးကောင်စီက လွမ်းသူ့ပန်းခွေပေးပို့ခဲ့သည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွန်ချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာ စောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစု လွှတ်တော်ဥက္ကဋ္ဌ စ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွားသမ္မတဟောင်း စ၀်ရွှေသိုက်၊ မိုးနဲစော်ဘွား စ၀်ပြည့်၊ လဲချားစော်ဘွား စ၀်နွံ၊ သာမိုင်းခမ်းစော်ဘွား စ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သိန္နီမြောက်ပိုင်း အမတ်)၊ စ၀်အောင်ဖူး (လွိုင်လင်အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံ အနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်းအမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင် တို့ ဖြစ်ကြသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် အဖမ်းမခံရသော ပုဂ္ဂိုလ်နှစ်ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင်နှင့် သမ္မတ အဖြစ် ရွေးချယ်ရန် လျာထားပြီးဖြစ်သော ဆမားဒူးဝါဆင်ဝါးနောင် တို့ ဖြစ်ကြသည်။ ဆမားဒူဝါးဆင်ဝါးနောင် မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ဘိုးဘွားမိဘများအစဉ်အဆက်နေထိုင်ခဲ့သော ဆမားရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။ အဖမ်းခံရသူတို့တွင် ဒေါက်တာစောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ်၊ ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြားပုဂ္ဂိုလ်များပါဝင်ခြင်းမရှိပေ။ မတ်လ ၂ ရက်နေ့ နံနက်က အဖမ်းခံရသူပုဂ္ဂိုလ်များစွာကို ပထမတွင် ၀င်ဒါမီယာအနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။ စစ်တပ် တပ်ဖွဲ့များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင့်ရုံအတွင်းရှိ ယမန်နေ့ညက ဖက်ဒရယ်မူဆွေးနွေးပွဲကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။ နံနက် ၆ နာရီခန့်တွင်မူ ဖမ်းထားသော ပုဂ္ဂိုလ်များကို လော်ရီကားများပေါ်တင်၍ လက်နက်ကိုင်အစောင့်အကြပ်များ စီးနင်းသော ကားများလိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။ ထိုနေ့နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ ရွာလျက်ရှိသည်။ မင်္ဂလာဒုံသို့ သွားရာလမ်းတစ်လျှောက်တွင် တင့်ကားများနှင့် စစ်သားများစောင့်ကြပ်လျက် ရှိသည်။ ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို မင်္ဂလာဒုံရှိ ရန်ကြီးအောင် တပ်မတော်ရုပ်ရှင်ရုံတွင် စုရုံးထားသည်။ စစ်သားများသည် ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည်၊ နံပြားတို့ဖြင့် ဧည့်ခံ ကျွေးမွေးသည် ဟူ၍ ကယားဦးစိန်ရေးသားခဲ့သော “အာဏာသိမ်းမှတ်တမ်း” (လက်ရေးမူ) ၌ ဖော်ပြထားသည်။ မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စ၀်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင် နှင့် စ၀်မန်ဖ တို့ကို ရန်ကုန်မြို့သို့ ပြန်ခေါ်၍ စစ်ရုံးချုပ် (ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အတွင်းရှိ ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီးမိကြောင်း ပြောကြား၍ ပြန်လွှတ်ပေးခဲ့သည်။ မင်္ဂလာဒုံတွင် ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအနက် သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စ၀်ခွန်ချို၊ ဦးရာရှစ် နှင့် စ၀်ဝဏ္ဏ တို့ကို သီးခြားစီခွဲ၍ အစောင့်အကြပ် ထူထပ်စွာ ချထားခဲ့သည်။ ကျန်ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ မင်္ဂလာဒုံ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် ၁၉၈၈ ခုနှစ်အထိ ဗဟိုနိုင်ငံရေးတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံ ဖြစ်ပြီး ယခုအခါ တပ်မတော် ဆေးရုံကြီး၏ တိုးချဲ့အဆောက်အုံ) တွင် ထိန်းသိမ်းထားခဲ့သည်။ သို့သော် ပထစအစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ် ဦးနုနှင့်တကွ ထိန်းသိမ်းထားသူများအား မင်္ဂလာဒုံတွင် ထားရှိရာ၌ အလောသုံးဆယ် စီစဉ်ဆောင်ရွက်ခဲ့ရသဖြင့် လုံခြုံရေးအတွက် အလွန်အန္တရာယ်ရှိသည်ဟု တပ်မတော်အရာရှိဟောင်း စကြာကြည်ဆွေ ရေးသားခဲ့သော စာတမ်း (လက်နှိပ်စက်မူ) ၌ ဖော်ပြထားသည်။ အကြောင်းမှာ ဖမ်းဆီးခံရသော နိုင်ငံသားအများစုသည် လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ ရှိကြခြင်း၊ နယ်ချဲ့ကိုလိုနီများ၏ အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသူများရှိခဲ့ကြခြင်း များကြောင့် ဖြစ်သည်။ ထိုစဉ်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး တာဝန်ယူထားသော ဗိုလ်မှူးတင်ဦး (နောင်တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေး မှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး) သည် လုံခြုံရေးသဘောတရားကို နားလည်ထားသောကြောင့် အထူးဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ရသည်။ ရန်ကုန်နယ်နိမိတ်အတွင်းရှိ သေနတ်ကိုင်တပ်ရင်း (၄) နှင့်တကွ အခြားသေနတ်ကိုင်တပ်ရင်းများမှ ရသမျှအင်အားကို ရယူခြင်း၊ လက်နက်ကြီးများမှ စ၍ လက်နက်ခဲယမ်းမီးကျောက်များဖြည့်ဆည်းခြင်း၊ သံချပ်ကာကားတပ်မှ ဘရင်းကရီယာကားများ တွဲဖက်ထားရှိခြင်း စသည်များကို ပြုလုပ်ခဲ့သည်။ တပ်တွင်းလုံခြုံရေးနှင့်တကွ တပ်ပြင်တစ်ဝိုက် လုံခြုံရေးအတွက်ပါ အထူးစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ထိန်းသိမ်းထားသူများအား အခြားနိုင်ငံတစ်ခုခုမှ စစ်သင်္ဘောဖြင့် ပင်လယ်ဝအထိ လာရောက်ပြီး ရုတ်တရက် “ဟယ်လီဘွန်း” စစ်ဆင်ရေးမျိုး ပြုလုပ်ပြီး ကယ်တင်ရန် ကြိုးစားမှုများရှိနိုင်သောကြောင့် အရေးပေါ်တန်ပြန်တိုက်ခိုက်ရန်များကိုပါ စစ်ထောက်လှမ်းရေးမှူးရုံးမှ လေ့ကျင့် ပြင်ဆင်ထားခဲ့သည်။ လုံခြုံရေးကို အတွင်းစည်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေးအဖြစ် ခွဲခြားပြီးဆောင်ရွက်စေခဲ့သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အတွင်းအပြင်အားလုံး၌ အင့်ကာဘာခေါ် ထောက်လှမ်းရေးစနစ် အရ ထောက်လှမ်းရေးအမှုထမ်းများပစ္စည်းကိရိယာများ သုံးလျက် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များကို တည်ငြိမ်ကင်းများ၊ လှုပ်ရှားကင်းများ အဖြစ် ထားရှိ၍ လည်းကောင်း၊ အသေးစိတ်ဆောင်ရွက် ခဲ့ပါသည်။ ဤသို့လုံခြုံရေးစနစ်ကို တိကျစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဗိုလ်မှူးတင်ဦးသည် နောင်တွင် အထွတ်အထိပ် ရာထူးကြီးများရရှိကာ သမ္မတဦးနေ၀င်း၏ စစ်ဘက်လက်ထောက်အဖြစ် ခန့်ထားခြင်းခံရသည်ဟု ၎င်း၏စာတမ်း၌ ဖော်ပြထားပါသည်။ ● တော်လှန်ရေးကောင်စီ၏ ကြေညာချက် စစ်တပ်မှ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာသိမ်းပိုက်ခဲ့ပြီးနောက် ယင်းသို့အာဏာသိမ်းရာတွင် မတော်တဆ ထိခိုက်သေဆုံးမှုတစ်ခုမှအပ ချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ မတ်လ ၂ ရက် နံနက် ၀၇း၁၅ နာရီခန့်တွင် လုံခြုံရေးနှင့် စစ်ဆင်ရေး တာဝန်ယူရသော တာဝန်ခံအားလုံးက ညွှန်ကြားချက်အတိုင်း ချောမောအောင်မြင်စွာ အာဏာသိမ်းပြီးကြောင်း ကာကွယ်ရေးဦးစီး ချုပ်ရုံးတွင် အစီရင်ခံခြင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအိမ်သို့ သွားရောက်အစီအရင်ခံခြင်းကိစ္စများ ပြုလုပ်ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်သို့ စစ်တပ်က အာဏာသိမ်းလိုက်သည့်အကြောင်း ကြေညာရန်ကိစ္စ၊ နိုင်ငံခြားရေးဝါဒ ထုတ်ပြန်ရန်ကိစ္စ၊ တော်လှန်ရေးကောင်စီနှင့် အစိုးရသစ်ဖွဲ့စည်းရန်ကိစ္စ၊ ပြည်နယ်များကိစ္စ၊ ပါလီမန်ဖျက်သိမ်းရန်ကိစ္စ အ၀၀ကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ရန် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမသို့ အောက်ပါပုဂ္ဂိုလ်များကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သည်။ (၁) ဗိုလ်မှူးချုပ်အောင်ကြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်း) (၂) ဗိုလ်မှူးချုပ်သန်းဖေ ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေ) (၃) ဗိုလ်မှူးချုပ် တီကလစ် ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေ) (၄) ဗိုလ်မှူးချုပ် တင်ဖေ စစ်ထောက်ချုပ် (၅) ဗိုလ်မှူးကြီး သန်းစိန် စစ်ဦးစီး ဗိုလ်မှူးကြီး (၆) ဗိုလ်မှူးကြီး ကျော်စိုး စစ်ရာထူးခန့်အတွင်းဝန် (၇) ဗိုလ်မှူးကြီး စောမြင့် နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ် (၈) ဦးသီဟန် စစ်ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးဝန် (၉) ဒုတိယဗိုလ်မှူးကြီးဘနီ ဆက်သွယ်ရေးညွှန်ကြားရေးမှူး အစည်းအဝေးတွင် တိုင်းပြည်သို့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ရန်ကိစ္စ ဆွေးနွေးရာ၌ ဗိုလ်မှူးကြီးသန်းစိန် (စစ်ဦးစီး ဗိုလ်မှူးကြီး) ယူဆောင်လာသော စာမူကြမ်းကို ဆွေးနွေးကြရာ လိုရင်းသို့ မရောက်သေးဟု ယူဆသဖြင့် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေ၀င်းက ပယ်ချခဲ့သည်။ ထိုသို့ အာဏာသိမ်းပိုက်ပြီးနောက် ပြည်တွင်းပြည်ပသို့ ထုတ်ပြန်ရန် အချက်အလက် ရှာမရ၍ အကြံအိုက်နေစဉ်အတွင်း ဗိုလ်မှူးချုပ်အောင်ကြီးက ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲရတော့မည့် အန္တရာယ်ရှိလာမည့်အတွက် အာဏာသိမ်းပိုက်လိုက်ရ ကြောင်း ပြန်လည်ရေးသား၍ တင်ပြခဲ့ရာ ယင်းကို ဗိုလ်ချုပ်ကြီးနေ၀င်းက ဖတ်ကြည့်ကာ သဘောကျ၍ “အေးကောင်းတယ်၊ အဲဒီအတိုင်း အသံလွှင့်ကြေညာမယ်” ဟု ဆိုသောကြောင့် ချက်ချင်း အသံသွင်းခဲ့ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းပြည်သို့ ကြေညာချက်ထုတ်ပြန်မည့်အကြောင်းကိုလည်း တိုင်းပြည်သို့ ကြိုတင်အသိပေးလိုက်သည်။ ဤသို့ဖြင့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ် အချိန်တွင် ကရင်ပိုင်းအစီအစဉ်ထုတ်လွှင့်နေစဉ် ရုတ်တရက် ရပ်၍ ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင် အသံလွှင့်ရုံမှတဆင့် တိုင်းပြည်သို့ - “ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစေသောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း။ အရပ်ရပ်ရှိ တိုင်းသူပြည်သား ရဟန်း၊ ရှင်၊ လူ အများသည် ကြောင့်ကြစိုးရိမ်ပူပန်ခြင်း မဖြစ်ကြဘဲ ခါတိုင်း သာမန်အချိန်ကဲ့သို့ စိတ်လက်အေးချမ်းစွာ မိမိတို့ လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း။ အစိုးရအမှုထမ်း အရာထမ်းများသည်လည်း မိမိတို့တာဝန်ဝတ္တရားများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း။ အထူးသဖြင့် ပညာရေးဆိုင်ရာ တာဝန်ခံများနှင့် ကျောင်းသူကျောင်းသားများသည် မိမိတို့ စစ်ဆေးဖြေဆိုနေဆဲ ကိစ္စများကို မပျက်မကွက် ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း” ထုတ်ပြန်ကြေညာခဲ့သည်။ ထိုနေ့ နံနက်ပိုင်းမှာပင် ပြည်ထောင်စုမြန်မာနိုင်ငံတော် တော်လှန်ရေးကောင်စီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်- ၁။ ဗိုလ်ချုပ်ကြီးနေ၀င်း (ကာကွယ်ရေးဦးစီးချုပ်) – တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ၂။ ဗိုလ်မှူးချုပ်အောင်ကြီး (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ကြည်း) – အဖွဲ့ဝင် ၃။ ဗိုလ်မှူးချုပ်သန်းဖေ (ဒုတိယကာကွယ်ရေးဦးစီးချုပ်-ရေ) – အဖွဲ့ဝင် ၄။ ဗိုလ်မှူးချုပ် တီကလစ် (ဒုတိယကာကွယ်ရေးဦးစီးချုပ်-လေ) – အဖွဲ့ဝင် ၅။ ဗိုလ်မှူးချုပ် တင်ဖေ (စစ်ထောက်ချုပ်) - အဖွဲ့ဝင် ၆။ ဗိုလ်မှူးချုပ်စန်းယု (တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင် ၇။ ဗိုလ်မှူးချုပ်စိန်ဝင်း (တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင် ၈။ ဗိုလ်မှူးကြီးသောင်းကြည် (တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင် ၉။ ဗိုလ်မှူးကြီးကြည်မောင် (တိုင်းမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင် ၁၀။ ဗိုလ်မှူးကြီး မောင်ရွှေ (တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) – အဖွဲ့ဝင် ၁၁။ ဗိုလ်မှူးကြီး သန်းစိန် (စစ်ဦးစီးဗိုလ်မှူးကြီး) – အဖွဲ့ဝင် ၁၂။ ဗိုလ်မှူးကြီး ကျော်စိုး (စစ်ရာထူးခန့်အတွင်းဝန်) – အဖွဲ့ဝင် ၁၃။ ဗိုလ်မှူးကြီး စောမြင့် (နယ်ခြားဒေသအုပ်ချုပ်ရေးမှူးချုပ်) – အဖွဲ့ဝင် ၁၄။ ဗိုလ်မှူးချုပ် ချစ်မြိုင် (တွဲဖက်စစ်ထောက်ချုပ်) – အဖွဲ့ဝင် ၁၅။ ဗိုလ်မှူးကြီး ခင်ညို (လေ့ကျင့်ရေးညွှန်ကြားရေးမှူး) – အဖွဲ့ဝင် ၁၆။ ဗိုလ်မှူးကြီး လှဟန် (ဆေးဝန်ထမ်းညွှန်ကြားရေးမှူး) – အဖွဲ့ဝင် ၁၇။ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဒုတိယရဲတပ်ချုပ်၊ ပြည်စောင့်ရဲတပ်ဌာနချုပ်) – အဖွဲ့ဝင်တို့ ဖြစ်ကြသည်။ တဆက်တည်း ထိုနေ့မှာပင် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့သည်။ အစိုးရအဖွဲ့တွင် - ၁။ ဗိုလ်ချုပ်ကြီး နေ၀င်း – တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဌာန။ ၂။ ဗိုလ်မှူးချုပ် အောင်ကြီး – ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန။ ၃။ ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သမ၀ါယမ နှင့် ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီးဌာန။ ၄။ ဗိုလ်မှူးချုပ် သန်းဖေ – ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန။ ၅။ ဦးသီဟန် – နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ အိမ်ရာဆောက်လုပ်ရေးဝန်ကြီးဌာန၊သတ္တုတွင်းဝန်ကြီးဌာန။ ၆။ ဗိုလ်မှူးကြီး ကျော်စိုး – ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန။ ၇။ ဗိုလ်မှူးကြီး စောမြင့် – ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန။ ၈။ ဒုတိယဗိုလ်မှူးကြီး ဘနီ – လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန။ တို့ ပါဝင်သည်။ ကြေညာချက်တွင် ဖော်ပြမထားသော ၀န်ကြီးဌာနများနှင့် ပတ်သက်၍ မည်သည့်ဝန်ကြီးဌာနက ပူးပေါင်းတာဝန်ယူ ဆောင်ရွက်သွားမည်ကို ဆက်လက်ကြေညာမည်ဟုလည်း ဆိုသည်။ တော်လှန်ရေးကောင်စီ၏ တာဝန်ပေးချက်အရ ၀န်ကြီးဌာနများကို တာဝန်ယူကြသည်။ ပုဂ္ဂိုလ်များသည် ကြေညာချက်ထုတ်ပြန်သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနအသီးသီးသို့ သွားရောက်လက်ခံတာဝန်ယူဆောင်ရွက်ကြရမည်ဟုလည်း ဆိုသည်။ ၁၉၆၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် ကြေညာထားသည့်အတိုင်း ကျန်ရှိနေသေးသော ၀န်ကြီးဌာနများကို ထပ်မံတာဝန်ခွဲဝေသတ်မှတ်ပေးခဲ့သည်။ မူလတာဝန်တွင် ထပ်မံတာဝန်ပေးခဲ့သော ၀န်ကြီးဌာနများမှာ- ဗိုလ်ချုပ်ကြီး နေ၀င်း – ၀န်ကြီးချုပ်ရုံး၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဗိုလ်မှူးချုပ် အောင်ကြီး – ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာန ဗိုလ်မှူးချုပ် တင်ဖေ – လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဝန်ကြီးဌာန ဦးသီဟန် - ပြည်သူ့လုပ်ငန်းဌာနနှင့်ပြန်လည်ထူထောင်ရေးဌာနများကို အိမ်ရာဆောက်လုပ်ရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် ဗိုလ်မှူးကြီး ကျော်စိုး - (က) ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့် ဒေသန္တရအဖွဲ့များဝန်ကြီးဌာန (ခ) သာသနာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနမှ သာသနာရေးဌာနများကို အုပ်ချုပ်ဆောင်ရွက်သွားရန် (ဂ) အမျိုးသားမှတ်ပုံတင်ရေးဌာနကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် ဗိုလ်မှူးကြီး စောမြင့် - (က) ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဝန်ကြီးဌာန (ခ) လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာနမှ လူမှုဝန်ထမ်းဌာနများကို အုပ်ချုပ်သွားရန် ဒုတိယဗိုလ်မှူးကြီး ဘနီ – သယ်ယူပို့ဆောင်ရေးဌာနများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းအုပ်ချုပ်သွားရန် တို့ ဖြစ်သည်။
วันอาทิตย์ที่ 10 กุมภาพันธ์ พ.ศ. 2556
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို နိဂုံးချုပ်ကြည့်ခြင်း
วันอังคารที่ 16 ตุลาคม พ.ศ. 2555
ဇွဲကပင်တောင် ကရင်မောင်နှမ အကြောင်းတစေ့တစောင်း(အပိုင်း ၁)
ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး - အပိုင်း (၄)
ဆောင်းပါး - အောင်ထူး(ရှေ့ နေ) ကေအင်ယူ ဟူသည်မှာ အဘယ်နည်း။
အောက်တိုဘာလ (၁၂) ရက်နေ့နံက်တွင် ဘီဘီစီမှ မင်္ဂလာရှိသော သတင်းကြားလိုက်ရပါသည်။ ယင်းမှာ ကေအင်ယူ အတွင်းပြန်လည်ညှိနိုင်းလို့ရပြီဖြစ်ပြီး ခေါင်းဆောင်များ ဗဟိုကော်မတီ အစည်းအဝေးကို အတူတက်ကြမည် ဟူ၍ဖြစ် သည်။ အောက်ခြေ ကေအင်ယူ ပါတီဝင်များ၊ တပ်မှုး တပ်သားများနှင့် ကရင်လူထုများသာမက ပြည်တွင်းငြိမ်းချမ်းရေး ကို မြတ်နိုးကြိုးပမ်းလျှက် ရှိသောအဖွဲ့အစည်းများ၏ ခေါင်းဆောင်များပါ များစွာ စိတ်သက်သာရာ ရသွားကြပါမည်။ စာရေးသူလည်း အလားတူပင်ဖြစ်သည်။ သို့ရာတွင် ဗဟိုကော်မတီ အစည်းအဝေးအပြင် လေးနှစ်တကြိမ်ကျင်းပမည့် ညီလာခံကြီးပြီးမှသာ သေချာပါမည်။ ကျင်းပတော့မည့် ဗဟိုကော်မတီအစည်းအဝေး နှင့် ကွန်ဂရက်သည် ကေအင်ယူ နှင့် ကရင်တမျိုးသား လုံး အတွက် အဖိုးမဖြတ် နိုင်သောအမွေအနှစ်အဖြစ် ချန်ထားနိုင်ရုံသာမက အခြားတိုင်းရင်းသားအဖွဲ့အစည်းများ အားလုံး အတွက်ပါ စံနမူနာကောင်း အဖြစ် သမိုင်းတွင်ရစ်စေခြင်ပါသည်။ အဘယ်ကြောင့် ဤမျှ သမိုင်းနှင့်ချီ၍ ဆိုရပါသနည်း။ ယင်းကို နားလည်နိုင်ရန်မှာ ကေအင်ယူ ဟူသည်မှာ ဘာလဲ ပြန်လည် သုံးသပ်ကြည့်ရပါမည်။ ခက်ခဲကြမ်းတမ်းသည့် လက်နက်ကိုင် တော်လှန်စစ်ကို အဆက်မပြတ်ဆင်နွှဲခဲ့ရသဖြင့် ကေအင်ယူတွင် လည်းကောင်း၊ ကေအင်ယူခေါင်းဆောင်များတွင်လည်းကောင်း အားနည်းချက်များ အမြောက်အများရှိနိုင်ပါ သည်။ သို့ရာတွင် အနှစ် သာရကို မြင်အောင်ကြည့်ဘို့လိုပါမည်။ ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားတွေ အတွက်သာမက တိုင်းရင်းသားပေါင်းစုံလူထုကြီး အတွက်ပါ ဖြစ်စေရ မယ် ဟူ၍ကြွေးကြော် ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဦးဆောင်မှုကို ခံယူခဲ့သည့် အဖွဲ့အစည်း၊ ကရင်အမျိုးသားထု တရပ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တည်းခွင့် ရရှိရေးမှသည် တိုင်းရင်းသားပေါင်းစုံလူထုကြီး တရပ်လုံး ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးနိုင်ရေးအထိ နှစ်ပေါင်း ၆၀ ကျော် မဆုတ်မနစ် တိုက်ပွဲဝင်လာခဲ့သည့် အဖွဲ့အစည်း၊ မာနယ်ပလော လွတ်မြောက်နယ်မြေကို စစ်အာဏာရှင်များက စစ်ရေးနည်းသက်သက်ဖြင့် တိုက်၍မရနိုင်လောက် အောင် ဦးဆောင်ကာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နိုင်ခဲ့သည့် အဖွဲ့အစည်း၊ ရှည်ကြာလှသည့် ပြည်တွင်းစစ်အတွင်း ကရင် ကျေးရွာများ၏ ပြာပုံများ၊ ကရင်လူထု၏ သွေးနှင့်မျက်ရည်များ၊ ကရင် ရဲဘော်များ၏ အသက်နှင့် ခန္ဓာကိုယ်များ ကို မရေမတွက်နိုင်လောက် အောင် စွန့်လွှတ်ခဲ့ရသော်လည်း လက်နက်ကိုင် တော်လှန်ရေး ကို အလံမလှဲစတမ်း မြှင့်တင် ထားနိုင်သည့် အဖွဲ့အစည်း၊ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် တည်ရှိနေသမျှ ကျားကုတ်ကျားခဲ ဆက်လက်တိုက်ပွဲဝင် သွားလိမ့်မည်ဟူ၍ မဟာမိတ်များက မြှော်လင့်ခံရသော အဖွဲ့အစည်း၊ ဤသည်မှာ ကေအင်ယူဖြစ်သည်။ အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဓိက အပစ်အခတ်ရပ်စဲရေးလား။ စစ်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးများ အား ၁၉၈၉ ခုနှစ်မှစတင် ကာ အဓိကထား၍ လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများအား မည်သည့်အခါ တွင်မျှ အဓိကထား မလုပ်ခဲ့။၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်အတွင်း အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများ နယ်ခြားစောင့်တပ်ဖွဲ့စည်း အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးဖေါ်ဆောင်ရန်ကြိုးပမ်းခဲ့သည်။ အဖွဲ့ငယ်တချို့မှလွဲ၍ ၀သပ၊ ကေအိုင်အို၊ မွန်ပြည်သစ်ပါတီ အစရှိသည့်အဖွဲ့အစည်း ကြီးများက ဆန့်ကျင်ရပ်တည်ကြသောအခါ ၄င်း၏ အစီအစဉ် ရပ်ဆိုင်းသွား ခဲ့ရသည်။ ကချင်အမျိုးသား အစည်းအရုံး (ကေအိုင်အို) နှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် ကေအိုင်အို၏ နိုင်ငံရေးရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားလာသည်။ ၁၇ နှစ်တာ အပစ်ရပ်ခဲ့သော်လည်း နိုင်ငံရေးအရဆွေးနွေးမှု ဘာတခုမျှ မဖြစ်ခဲ့ကြောင်းကေအိုင်အို က ထောက် ပြလာ ခဲ့သည်။ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံးဖေါ်ဆောင်ရန်မှာပဓါနကျကြောင်း၊ ပင်လုံ စာချုပ်အပေါ်အခြေခံလျှက် ဆွေးနွေး အဖြေရှာပြီးနောက် ရရှိလာသည့် ဘုံသဘောတူညီချက်ဖြင့် အခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲသွားမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မည် ဖြစ်ကြောင်း ကေအိုင်အိုက တောင်းဆိုလာခဲ့သည်။ ဆိုလိုသည်မှာ စစ်အစိုးရက တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ကျေငြာ၊ တပြိုင်နက်တည်းတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို ချက်ခြင်း လုပ်ဆောင်သွားရန် ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုအဓိက ဖေါ်ဆောင်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ရေး ကေအိုင်အို၏ အဆိုပြုချက်မှာ စစ်အစိုးရအတွက် အနာပေါ် တုတ်ကျ ဖြစ်သွားခဲ့သည်။ သို့ဖြစ်၍ ကေအင်ယူ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း အက်စ်အက်စ် ပီပီ အစရှိသည့် အဖွဲ့အစည်းကြီး များအား အချိုသတ်ထားပြီး ကေအိုင်အိုကို ဖိကာ ထိုးစစ်ဆင် ပါတော့ သည်။ အကယ်၍ကေအိုင်အိုကို ပြန်လည်တိုက်ပွဲဆင်သည့် တနှစ်ခွဲမျှကာလအတွင်း နိုင်ငံရေးဆွေးနွေးပွဲများ လုပ် ဆောင်ခဲ့ လျှင်ပင် အတော်ပင် ခရီးပေါက်နေပါမည်။ သို့ရာတွင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်သည် ယခင် န၀တ နအဖ စစ်အစိုးရ အဆက်ဆက်ကဲ့သို့ပင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များကိုသာ အဓိကထားလုပ်နေဆဲ ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအများစုကြီး ပါဝင်ခဲ့ သည့် တပ်ပေါင်းစုက ၁၉၉၀ ခုနှစ်ကထဲက စတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယခုလည်း ထုတ်ပြန်ကြေငြာချက်ပေါင်း များစွာဖြင့် တောင်းဆိုဆဲဖြစ်သည်။ အာဏာရနေသော စစ်အစိုးရ အဆက် ဆက်သည် စစ်မှန်သော စေတနာ ရှိပါက ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများအား အခုလုပ် အခုရသည်။ နောက်ထပ် အချိန်ဆွဲရန်အကြောင်း ဘာမျှ မရှိ။ ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု ကမ္ဘာသိ အော်ဟစ်နေသော ဦးသိန်းစိန်အစိုးရ၏ သက်တမ်း တနှစ်ခွဲကျော်အတွင်း ပြည်တွင်းစစ်ဘာကြောင့်ဖြစ်ရသည်ကို ဘက်ပေါင်းစုံမှ ဖေါ်ထုတ်ဆွေးနွေးမှု လူထုများ အတွင်း ပေါ်လာအောင် စတင်လုပ်ဆောင်နေသည်ကို မတွေ့ရ။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများနှင့် သာ အချိန် ဆွဲထားလျှက်ရှိသည် မှာ အထင်အရှားပင်။ အဘယ်ကြောင့် ဆိုသော် အပစ်အခတ်ရပ်စဲရေးရှည်ကြာလေလေ စစ်အာဏာရှင်စနစ် ခိုင်မြဲလေ လေ ဖြစ်သောကြောင့်ပင်။ သာဓက တခုပြပါမည်။ ရှစ်လေးလုံးအပြီး ရှမ်းပြည်တောင်ပိုင်း တောင်တန်းများပေါ်၌ ကျောင်းသားတပ်တခုကို ဦးဆောင်ကာ လှုပ်ရှားလျှက် ရှိစဉ်အတွင်း စာရေးသူသည် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လျှက်ရှိသည့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေး တပ်ဦး မှ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှုးချုပ်ထွန်းကျော်နှင့် တွေ့ဆုံခင်မင်ခွင့်ရခဲ့သည်။ တောင်ကြောကြီးတခုအပေါ် နေရာ ယူလျှက် ရက်တချို့ကြာမျှ တော်လှန်ရေးတပ်များ အတူတကွပူးတွဲ စခန်းချ နားနေလျှက်ရှိစဉ် စကားပြောဆို အမြင် ဖလှယ် ခွင့် များ ရခဲ့သည်။ ဗိုလ်မှုးချုပ်ထွန်းကျော် သည် စစ်ရေးအရ ထက်မြက်သူဖြစ်ပြီး ထိုစဉ်က စစ်ပွဲတပွဲ တိုက် ရုံမျှနှင့် ရန်သူ့ ထံမှ လက်နက် ၁၈ လက်ရအောင် တိုက်ပြနေခဲ့သူဖြစ်သည်။ တော်လှန်ရေး သမားကောင်းတဦးဘဲ ဟု မိမိစိတ်တွင် သတ်မှတ်ခဲ့ဘူးသည်။ သို့ရာတွင် နှစ်တချို့ကြာပြီးနောက် အပစ်အခတ်ရပ်စဲရေးများ ခေတ်စားလာသောအခါ ကလလတ သည်လည်း အပစ် ရပ် အဖွဲ့ အစည်းစာရင်းဝင်ဖြစ်သွားခဲ့သည်။ ဤတွင် န၀တ စစ်အစိုးရက ကလလတ စစ်ခေါင်းဆောင်များအား စီးပွား ရေးလုပ်ငန်းများဖြင့် မြှုဆွယ်ပြီး စစ်ဘက်နှင့် နိုင်ငံရေး ခွဲပါတော့သည်။ ယခုဆိုလျှင် ဗိုလ်မှုးချုပ်ထွန်းကျော်မှာ မြို့ပေါ်၌ အကြီးအကျယ်ကြီးပွားချမ်းသာ နေပြီဖြစ်ကြောင်း ကြားရသည်။ ၄င်းတဦးအနေဖြင့် ဘ၀လွတ်မြောက်ရေး နှင့်ငြိမ်းချမ်းမှု ရသွားခဲ့ပါပြီ။ စစ်အာဏာရှင်စနစ်ကို မထိပါးသမျှကာလပတ်လုံး ၄င်းအား လက်ရှိ စစ်အစိုးရက ရန်ရှာမည် မဟုတ် တော့ပါ။ ဗိုလ်မှုးချုပ်ထွန်းကျော်မြှော်မှန်းတိုက်ပွဲဝင်ခဲ့သည့်ကရင်နီ လူထုကြီးလွတ်မြောက်ရေး၊ ကရင်နီ လူထုအနေဖြင့် ရသင့်ရ ထိုက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အခြေခံသည့်ငြိမ်းချမ်းမှုရရေး မှာမူ ဝေလာဝေးနေဆဲဖြစ်သည်။ လုံခြုံမှုမှာ ကျီး လန့်စာစားနေရဆဲဖြစ်သည်။ စီးပွားရေးအခွင့်အလန်းအရဆိုလျှင် အနိမ့်ဆုံးကလေးပင် မရသေးပါ။ ကရင်နီပြည်နယ် လောပီတမှ ရေအားလျှပ်စစ် အကြီး အကျယ်ထွက်ပြီး မြန်မာနိုင်ငံအတွင်းရှိမြို့ပြဒေသများ (အထူးသဖြင့် စစ် အာဏာ ရှင်စနစ် ယန္တယား ပိုမိုလည်ပတ်စေမည့် နေရာများတွင်) အဓိကထားသုံး နေသည့်အချိန်၌ ယင်းသယံဇာတ ပစ္စည်း၏ ပိုင်ရှင် ကရင်နီလူထုကြီးနေထိုင်သည့် ကျေးရွာများမှာ ယနေ့အထိ လျှပ်စစ်မီးမရကြသေးပါ။ ဤသည်မှာ စစ်အစိုးရအဆက်ဆက် ယနေ့တိုင် နှစ်ပေါင်း ၂၀ ကျော် ဖေါ်ဆောင်ဆဲဖြစ်သည့် အပစ်အခတ်ရပ်စဲရေး အဓိက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကျိုးဆက်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်စေရန် တိုင်းရင်းသားတပ်ပေါင်းစုများ၏ ကြိုးပမ်းမှုများ စစ်အစိုးရက ကချင်အမျိုးသား အစည်းအရုံး ကေအိုင်အိုကို ဖိတိုက်နေစဉ် (နောက်ပိုင်းတွင် အက်စ်အက်စ်ပီပီ ရှမ်း အဖွဲ့နှင့် ပါတိုက်ပွဲများဖြစ်လာ) ကျန်သည့် တိုင်းရင်းသား အဖွဲ့အစည်းကြီးများက ကေအိုင်အို ကို နိုင်ငံရေးအရ ၀န်းရံရေးမှာ မလုပ်မဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်လာသည်။ တပြည်လုံးအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည်ကို ဦးသိန်းစိန်အစိုးရက မျက်ကွယ်ပြုလျှက်ရှိခြင်း၊ ကေအိုင်အို အပေါ် ဆက်လက်ထိုးစစ်ဆင်နေခြင်း၊ များအားထောက်ပြလျှက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် ၄င်းတို့၏နိုင်ငံရေးရပ်တည်ချက်ကို ထုတ်ပြန်ကျေငြာခဲ့သည်။ ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုလက်ခံ၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်အတွင်း၌အများစုဆန္ဒမဲဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားရန်ဟူသည်ကို လက်မခံနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လွတ်လပ်မှုနှင့် တန်းတူညီမျှမှု အပေါ်အခြေခံလျှက် ဆွေးနွေးညှိနိုင်းအဖြေရှာမှု မဟုတ်၍ဖြစ်ကြောင်း ဟူ၍ဖြစ်သည်။ ထို့အပြင် ကေအင်ယူက အဖွဲ့ဝင် တဖွဲ့ အဖြစ်ပါဝင်လျှက်ပင်ရှိသော တိုင်း ရင်းသားလူမျိုးများကောင်စီက ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၂၂) ရက်နေ့တွင် အောက်ပါအတိုင်းကြေငြာချက်ထုတ်ကာ စစ်အစိုးရနှင့် ထိတွေ့ဆက်ဆန်မှုများ အားလုံး ကို ဆိုင်းငံ့ရန် တိုက်တွန်းလိုက်သည်။ "သမတ ဦးသိန်းစိန် အနေဖြင့် ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်တပ်က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုသည်။ ဤကဲ့သို့ ကချင်ပြည်၌ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ပါက အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ အနေဖြင့် ပြည်ထောင်စု အစိုးရနှင့် ထိတွေ့ဆက်ဆန်မှုများ အားလုံးကို ဆိုင်းငံ့ရန် တိုင်း ရင်းသားလူမျိုးများကောင်စီက တိုက်တွန်းသည်။" ကေအင်ယူ ပါဝင်လျှက်ရှိသော တိုင်းရင်းသား တပ်ပေါင်းစုကြီးများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ပြည်တွင်းငြိမ်းချမ်းရေး အတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်လာအောင် စုပေါင်းဖိအားပေး နေသည့်အချိန်မှာပင် ကေအင်ယူ ၏ တပ်မဟာ ဆက်ဆန်ရေးရုံးဟူသည်များတခုပြီး တခုပေါ်လာနေလျှက်ရှိသည်။ ယင်းကို ကြည့်ခြင်းဖြင့် ကေအင်ယူအတွင်း၌ တခုခုတော့ အမှားအယွင်းဖြစ်နေပြီ ဟူသည်ကို မြင်နိုင်သည်။ ကေအင်ယူ နှစ်ဖွဲ့ကွဲသွားစေရန် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရက သတ်ရှိုဖြိုခွဲသလား။ ဤသည်ကို ပြောရခက်ခဲ့ပါသည်။ ပြီးခဲ့သော စစ်အစိုးရများ အဆက်ဆက် နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲခဲ့သည့်ဖြစ်စဉ်များ အတွင်း သတ်ရှိုဖြိုခွဲမှုများ တွေ့ခဲ့သဖြင့် ယခုကေအင်ယူ ကိစ္စတွင်လည်း အလားတူ ခန့်မှန်း နိုင်သည်။ သို့ရာတွင် အတိအကျ မပြောနိုင်ခဲ့ပါ။ ယခု သံသယဖြစ်ဘွယ် အချက်တရပ်ပေါ်လာပါပြီ။ အောက်တို ဘာ လ (၁၁) ရက်နေ့နံက် လွတ်လပ်သော အာရှအသံနှင့် တွေ့ဆုံမေးမြန်းခန်း၌ ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်း က ကေအင်ယူကို ရည်ညွှန်းကာ အောက်ပါအတိုင်းပြောသွားခဲ့သည်။ (ဤလင့်ခ် တွင် နားဆင်ပါ။ https://docs.google.com/open?id=0BzC8VZhwp11ASUthY0JzOVFVZW8 ) "နိုင်ငံရေး အဖွဲ့နဲ့စစ်ရေး အဖွဲ့နှစ်ခုရှိတာပေါ့ဗျာ။ စစ်ရေး အဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်။ နိုင်ငံရေး အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို တဆင့်ပြီး တဆင့်သွား ခြင်တယ်။" ဘယ်လိုပါလိမ့် ၀န်ကြီးမင်း။ ဒါဟာ ကေအင်ယူကို နှစ်ခြမ်းခွဲလိုက်တာ မဟုတ်ဘူးလား ဟု မေးစရာပင် မလိုတော့ပါ။ ကေအင်ယူ ကွဲမှာ စိုးရိမ်၍ ကေအင်ယူ၏ သမိုင်းအစဉ်အလာ၊ နိုင်ငံရေးရပ်တည် ချက်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမူ၊ ကိုယ်ကျိုးစွန့်သည့်လုပ်ဟန်တို့ကို လေးစားတန်ဘိုးထားသော လူထုများ နှင့် မဟာမိတ်အဖွဲ့ အစည်းများက ၀ိုင်းဝန်းအကြံပေးကြ၊ အားပေးကြ၊ ၀န်းရံကြ လုပ်နေကြခြင်းဖြစ်သည်။ ဦးအောင်မင်းထိုသို့ ပြောနေ သည့် နေ့ရက်အထိ ကေအင်ယူသည် နှစ်ဖွဲ့မကွဲခဲ့ပါ။ နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခု ဆိုသည်မှာ လုံးဝမမှန်ပါ။ ကေအင်ယူသည် တခုတည်းသာရှိသည်။ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် သည် တခုတည်းသော ဗဟို ကော်မတီ၏ ဦးဆောင်မှု အောက်မှာပင် ယနေ့အထိ ရှိနေဆဲဖြစ်သည်။ ယင်းကို မျက်ကွယ်ပြုလျှက် နိုင်ငံရေး အဖွဲ့နှင့် စစ်ရေးအဖွဲ့ နှစ်ခုရှိသည် ဟု ၀န်ကြီး ဦးအောင်မင်းက ပြောလိုက်ခြင်း မှာ ကွဲနေပြီဟု ၄င်းကိုယ်တိုင်က အများသိအောင် ကြေငြာလိုက်ခြင်း မဟုတ်ဘူးလား။ ဦးအောင်မင်းသည် မီး ကလေး တစ အား တောမီးကြီး ဖြစ်အောင် မလုပ်သင့်ပါ။ စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ် ဟူ၍ သုံးလိုက် ခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ကိစ္စ၌ စစ်ရေးအဖွဲ့က ရှေ့မှာ ရောက်နေပြီး အတက်ကြွဆုံးလုပ်နေ သည့် သဘော ပြော လိုက်ခြင်းဖြစ်သည်။ အများထင်ယောင်မှားအောင် ကြေငြာလိုက်ခြင်းဖြစ်သည်။ အချက်အလက်အရ လုံးဝ ပင်လွဲမှား နေသည်။ ကေအင်ယူ ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးကို အတက်ကြွဆုံးတောင်းဆိုလာခဲ့သည်မှာ နှစ်ပေါင်းကြာလှပါပြီ။ မှတ်မိ သမျှ နှစ်ခုထောက်ပြပါမည်။ တခုက ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးမြက ၁၉၉၀ ခုနှစ်တွင်ကေအင်ယူပါဝင်ဖွဲ့စည်းထား သည့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် ကို ဦးဆောင်ခဲ့စဉ်က ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် စစ်အစိုး ရ ကို ကမ်းလှမ်းခဲ့ဘူးသည်။ ထို့နောက်ကွယ်လွန်သူ ဖဒိုစောဘသင် ဥက္ကဌအဖြစ် ဆောင် ရွက်ခဲ့စဉ်ကလည်း ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများကျင်းပရန် စာနှင့်ရေးကာ ကမ်းလှမ်းခဲ့ဘူးသည်။ ယင်းတို့မှာ ကေအင်ယူ၏ နိုင်ငံရေးက ဦး ဆောင် နေတာ မဟုတ်ဘူးလား။ ယခုလည်း စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး နှင့် အဖွဲ့ကို အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲသို့ ကေအင်ယူတခုလုံး၏နိုင်ငံရေးကိုဦးဆောင်နေသည့်လက်ရှိအမှုဆောင်ကော်မတီ က စေလွှတ်ခြင်း မဟုတ် ဘူးလား။ ယင်းသို့ဖြစ်ပါလျှက် "စစ်ရေးအဖွဲ့က ငြိမ်းချမ်းရေးကို မြန်မြန်သွားခြင်တယ်" ဟူ၍ ကရင်လူထု နှင့် အောက် ခြေတပ်ထုများ ထင်ယောင် ထင်မှား ဖြစ်အောင် ဦးအောင်မင်း ဘာကြောင့်ပြောနေပါသနည်း။ ပို၍ဆိုးသည်မှာ အောက်ပါ စကားလုံးကို သုံးသွားခြင်း ဖြစ် သည်။ "သူတို့နှစ်ဖွဲ့တွေ့ဆုံဆွေးနွေးခြင်တယ် ဆိုရင်လဲ ရန်ကုန်မှာလား ဘန်ကောက်မှာလား သူတို့ဆွေးနွေးခြင်တဲ့နေရာမှာ ဖြစ်အောင် စီစဉ်ပေးပါမယ်။" ယင်းအပြောအရ ရှင်းနေသော အချက်မှာ ကေအင်ယူ နှစ်ဖွဲ့ ရှိသည့်အနက် နှစ်ဖွဲ့လုံးကို ဆက်ဆန်သွားမည် ဟူ၍ ကြိုတင် မီးစိမ်းပြ လိုက်ခြင်းဖြစ်သည်။ ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရင် နှစ်ဖွဲ့တွေ သုံးဖွဲ့တွေ ပြောနေစရာ အကြောင်းမရှိပါ။ ကေအင်ယူ၏ လေးနှစ်တကြိမ်ညီလာခံမှ တရားဝင် ရွေးချယ်တင်မြှောက်ထားသော ကြီးငါးကြီး ခေါင်းဆောင်သည့် ဗဟိုအလုပ်အမှု ဆောင်ကော်မတီနှင့်ဖြစ်စေ၊ ၄င်းတို့က တာဝန်ပေးစေလွှတ်လိုက်သည့် ကိုယ်စား လှယ် အဖွဲ့နှင့် ဖြစ်စေဆက်ဆန်သွားရန်သာ ရှိသည်။ ဦးအောင်မင်းသည် ကေအင်ယူကို စည်းလုံးညီညွတ်စေခြင်ရုံသာမက ပြည်ထောင်စု တခုလုံးအတွက် ထာဝရ ငြိမ်းချမ်း ရေးကို မရောက် ရောက်အောင် သွားခြင်သည်ဟု ဆိုလျှင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းကျေညာကာ နိုင်ငံရေးအင်အားစု အားလုံးကိုပါ ဖိတ်ခေါ်လျှက် နိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံးဖေါ်ဆောင်ရန်သာ ရှိသည်။ သို့မဟုတ်ပါက ဦးအောင်မင်းသည် အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန်သာ ပံ့ပိုးပေးနေသည်ဟု သုံးသပ်ရပါမည်။ အပိုင်း(၅) ကို ဆက်လက်ဖတ်ရှုပါရန် အောင်ထူး (ရှေ့နေ) အပြည့်အစုံသို့ ....วันเสาร์ที่ 13 ตุลาคม พ.ศ. 2555
ထိုင်းနိုင်ငံရှိ ကရင်လူမျိုးများရာဇ၀င်မှ အဆက်
အပိုင်း(၃) မဲ့ဟောင်ဆောင်ပြည်နယ် ကရင်များ
မဲ့ဟောင်ဆောင်ပြည်နယ်တွင် ကရင်(၄)မျိုးရှိသည်။ ၎င်းတို့သည်- ၁။ စကောကရင် ၂။ ပိုးကရင် ၃။ ကယား (၀ါ) ဘ၀ယ်ကရင် ၄။ ကယန်းတို့ဖြစ်ကြသည်။ ၁။ မဲ့ဟောင်ဆောင်ပြည်နယ်တွင် စကောကရင်သည် လူဦးရေအများဆုံး ဖြစ်သည်။ ဆွတ်မေးမြို့နယ်၊ မဲ့ဟောင်ဆောင်ပြည်နယ် မြောက်ဖက်ခြမ်းတွင် အများအပြားနေထိုင်ကြပြီး ပန်းမဖမြို့နယ်နှင့် ပိုက်မြို့နယ်အထိ စကောကရင်များ နေထိုင်ကြသည် ခွန်ယွန်းမြို့နယ်တွင် “နိုင်ဆွန်ဘွန်း-ဖလိုင်းဝမ်း”အမည်ရှိ စကောကရင်လူငယ်တဦးသည် မဲ့ဟောင်ဆောင်ပြည်နယ်တွင် (ထိုင်းရတ်ထိုင်းပါတီ)မှ လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းတဦး ဖြစ်သည်။ အများအားဖြင့် ခရစ်ယန်ဘာသာနှင့် ကက်သလစ်ဘာသာကို ကိုးကွယ်ကြပြီး၊ ကက်သလစ်ဘာသာဖြင့် စကောကရင်ဘုန်းတော်ကြီးများသည် ၀ိညာဉ်စောင့်ရှောက်သူများအဖြစ် တာဝန်ယူသည်။ ၂။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ပိုးကရင်များသည် ဆွတ်မေးမြို့နယ်တွင် အများဆုံးနေထိုင်ကြပြီး၊ အုန်းကွယ်မြို့နယ်၊ ဇင်းမယ်ပြည်နယ်၊ ထာ့စန်ယန်မြို့နယ် တာ့ပြည်နယ်၊ မဲစလင်းမြို့နယ်အတွင်းသည်လည်း တစ်ချို့နေထိုင်ကြသည်။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ပိုးကရင်နှင့် စကောကရင်တို့၏ နေထိုင်ရာဒေသများသည် တောင်ထိပ် တောင်ခြေ၌ နေထိုင်ကြပြီး ရိုးရာဓလေ့နှင့် ကိုးကွယ်သည့်ဘာသာသည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်သူ အနည်းငယ်သာ ရှိကြသည်။ ၃။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ ကယား(သို့မဟုတ်) ဘ၀ယ် ဟူသော ကရင်မျိုးနွယ်စုများ၏ နောက်ကြောင်းရာဇ၀င်သည် ဗမာပြည်မှ ဖြစ်သည်။ ဗမာစစ်ဘေးဒဏ်ကြောင့် လူပေါင်း ၁၉၀၀၀မျှ ထိုင်းနိုင်ငံဖက်ကို တိမ်းရှောင်လာကြပြီး တစ်ချို့သည် ပန်းခွိက်ရွာစခန်း၊ နိုင်ဆွဲရွာစခန်း၊ မဲ့သုရင်းစခန်းတို့တွင် နေထိုင်ကြပြီး ၁၉၇၄ ခုနှစ် “ကိုဒင်းယန်း”အဆိုအရ မဲ့ဟောင်ဆောင်ပြည်နယ်တွင် နဂိုရ်မူးရင်းသည် ကယား ၁၅ ရွာရှိသည်။ လူဦးရေပေါင်း ၁၀၀၀ မျှ တို့သည် မြို့တွင်းနှင့် ခွန်ယွန်းမြို့နယ်တွင် နေထိုင်ကြသည်။ ၎င်းကယားအုပ်စုသည် သာသနာသက္ကရာဇ် ၂၄၂၈ ခုနှစ်မှာ ၀င်လာကြပြီး ၅ ဆက်မြောက် ထိုင်းဘုရင်လက်ထက် ကယား၊ အင်္ဂလိပ် အရေးအခင်းက ဖြစ်သည်။ ၄။ ကယန်း ခေါ်သော ပဒေါင်ကရင်သည် သာသနာသက္ကရာဇ် ၂၅၂၇ ခုနှစ် ဗမာနှင့် ကယား စစ်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ပြေးဒုက္ခသည်များအနေဖြင့် မဲ့ဟောင်ဆောင်ပြည်နယ်ထဲ ရောက်လာကြသည်။ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ်တွင် ဖားဘောင်ရပ်ကွက်နှင့် တဖက်တချက် နိုင်းဆွယ်ရွာတွင် လာရောက်နေထိုင်ကြသည်။ ပြည်နယ်အရာရှိမင်း ပေါ်လစီအရ မဲ့ဟောင်ဆောင်ပြည်နယ်သည် နိုင်ငံခြားခရီးသည်များ လည်ပတ်ရာပြည်နယ်အဖြစ် ပဒေါင်ယဉ်ကျေးမှုနှင့် ကျေးရွာဖွင့်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ မဲ့ဟောင်ဆောင်ပြည်နယ်ရှိ မြို့နယ်ထဲတွင် ‘ကယန်း’ရွာ ၃ ရွာရှိသည်။ ၁။ ဟွေ့ဘုကင်ရွာတွင် အိမ်ထောင်စု ၄၅ စု ရှိပြီး၊ အမျိုးသား- အမျိုးသမီး ဦးရေ ၁၀၀ ရှိသည်။ လည်ဆွတ်အမျိုးသမီး ၂၀ ယောက်နှင့် ကလေး လည်ဆွတ် ၂ ယောက် ရှိသည်။ ၂။ ကျားအိုဝ်ရွာတွင် အိမ်ထောင်စု ၁၅ စု ရှိပြီး၊ အမျိုးသား- အမျိုးသမီး ဦးရေ ၅၆ ယောက် ရှိသည်။ လည်ဆွတ်အမျိုးသမီး ၁၆ ယောက်နှင့် ကလေး ၄ ယောက်ရှိသည်။ ၃။ နိုင်ဆွေရွာတွင် အိမ်ထောင်စု ၃၈ စု ရှိပြီး အမျိုးသား- အမျိုးသမီး ဦးရေ ၁၆၅ ယောက် ရှိသည်။ လည်ဆွတ်အမျိုးသမီး ၅၆ ယောက်နှင့် ကလေး ၁၇ ယောက် ရှိသည်။ မဲ့ဟောင်ဆောင်ပြည်နယ် (၇)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင် စကောကရင်၊ ကယား(ဘ၀ယ်)ကရင်၊ ကယန်း(ပဒေါင်)ကရင်များသည် ရွာပေါင်း ၂၁၀ ရွာ ရှိပြီး စုစုပေါင်း လူဦးရေ ၈၃၂၆၃ ဦးရှိသည်။ ချင်းမိုင်(ဇင်းမယ်)ပြည်နယ် ကရင်များ (ဟွေ့ကိမဲနှင့် ၀င်းဇင်းမယ်) ဇင်မယ်ပြည်နယ်တွင် ပိုးကရင်၊ စကောကရင် နှစ်မျိုးလုံး နေထိုင်ကြသည်။ ပိုးကရင်များ နေထိုင်ရာအရပ်များတွင် မြေပြန့်ဖြစ်ပြီး၊ အူးကွယ်မြို့နယ်ရှိ ကရင်များသည် တောင်ပေါ်ဒေသတွင် နေထိုင်ကြသည်။ ထိုဒေသတွင် အစိုးရက ၉ ဆက်မြောက်“ဘုရင်ဘူမိဘော”ဆည်မြောင်း တည်ဆောက်ထားသည်။ ဆည်မြောင်းမှ ရေးများပြည့်လျှံကာ မဲ့နန်း“ပင်”ချောင်းထဲသို့ စီးဆင်းသဖြင့် ချောင်းနံဘေးမှ ရွာများကို တိုက်စားသောကြောင့် အိမ်ရာ မြေယာများ ရေထဲ ပါသွားကြသည်။ ရေဘေးဒဏ် သင့်ခံရသော ကရင်ရွာသားများကို ဒွဲတောင်မြို့နယ်၊ ဟော့မြို့နယ်သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။ ဟန်ဒွန်းမြို့နယ် ချန့်ခမ်းရွာတွင် ပိုးကရင်ရွာဖြစ်သည်။ ဆောင်ပါတောင်းမြို့နယ် ထွန့်ဖယ်ရွာသည်လည်း ပိုးကရင်ရွာဖြစ်သည်။ ထိုကရင်ရွာနှစ်လုံးရှိ ပိုးကရင်များသည် မြို့အသွင်ဆောင်ကြပြီး ပိုးကရင်ဘာသာစကားကိုတောင် မပြောတတ်ကြတော့ပေ။ ဆောင်ပါတောင်းမြို့နယ်ရှိ ကရင်များသည် “ပင်း”မြစ်ချောင်းအရှ့ဖက်ခြမ်းမှာ နေထိုင်ကြသည်။ ဒွဲတောင်မြို့နယ်၊ ဟော့မြို့နယ်၊ အုန်းကွယ်မြို့နယ်များတွင် ပိုးကရင်များ ထူထစွာ နေထိုင်ကြသည်။ စကောကရင်များသည် တောင်ကုန်းတောင်ပိုင်းဒေသများတွင် နေထိုင်ကြသည်။ အများအားဖြင့် မြစ်ချောင်း အင်း အိုင် စီးဆင်းရာနေရာများဖြစ်သည့် မဲ့ကျန်မြစ်၊ မဲ့ဝမ်းမြစ်၊ ဒွဲအင်ထနွန်တေင် စသည့် နေရာများတွင် နေထိုင်ကြသည်။ ဇင်းမယ်ပြည်နယ် (၁၉)မြို့နယ်မှ နေထိုင်ကြသော ပိုးကရင် စကောကရင်များသည် ရွာပေါင်း (၂၁၆) ရွာရှိပြီး စုစုပေါင်း လူဦးရေ ၁၁၁၆၀၉ ဦး ရှိသည်။ “ဆရာတော် ခရူဘာစီဝိချိုင်း ” ပိုးကရင် စကောကရင် နှစ်မျိုးစလုံးသည် “ဆရာတော် ခရူဘာစီဝိချိုင်း”ရဟန်းတော်ကို ကရင်မျိုးနွယ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ တစ်ချိန်က လိမြို့နယ် ပန်းရွာတွင် လန်းဖွန်းမြို့စား၏ ဆင်ကို ထိန်းကျောင်းပေးသည်ဟုလည်း ကြားသိရသည်။ ကရင်လူမျိုးတို့သည် “ဆရာတော် ခရူဘာစီဝိချိုင်း ” ရဟန်းတော်ကို လွန်စွာမှ ကြည်ညိုလေးစားကြသည်။ “က္ဆာဘောင်”အဖြစ် တင်မြာက်ထားကြသည်။ ထို့နောက် “ဆရာတော် ခရူဘာစီဝိချိုင်း”၏ တပည့်ဖြစ်သူ “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”ကိုလည်း “က္ဆာအွာ”အဖြစ် တင်မြောက်ထားကြသည်။ “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”ကို ၀ိနည်းသိက္ခာပုဒ်တော် ကျူးလွန်သည်ဟု စွပ်စွဲကာ လူဝတ်လဲခိုင်းသည်။ သို့သော်လည်း “ဆရာတော် ခရူဘာအဘိချိုင်းခေါင်ပီ”သည် လူဝတ်လဲရန် ငြင်းဆန်ခဲ့သည်။ နောက်ဆုံး တွင် အ၀တ်ဖြူကို ၀တ်ဆင်ကာ သာသနာတော်လုပ်ငန်းများကို ဘ၀၏ ချုပ်ငြိမ်းသည်အထိ လုပ်ဆောင်သွားတော့သည်။ “ဆရာတော် ခရူဘာစီဝိချိုင်း ” ရဟန်းတော်သည် ဇမယ်ပြည်နယ်ရှိ “ဒွဲဆွတ်ထေ့စေတီတော်”နှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း အမြောက်အများကို တည်ဆောက်ထားသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ကရင်မျိုးနွယ်များသည် “ဆရာတော် ခရူဘာစီဝိချိုင်း” ရဟန်းတော်ကို အလွန်ပင် ကြည်ညိုကြသည်။ တောင်တန်းဒေသရှိ ကရင်လူငယ် လူရွယ်အမြောက်အများသည် ရှင်သာမဏေ၊ ရဟန်းများ ၀တ်ကြကာ ထိုင်းနိုင်ငံတွင် တောင်တန်းရဟန်း သာမဏေအဖွဲ့အစည်းများ ပေါ်ပေါက်လာကြသည်။ ယခုထက်တိုင် ဇင်းမယ်ဒေသတ၀ိုက်တွင် တွေ့မြင်ရဆဲပင် ဖြစ်သည်။ ဆက်လက်တင်ပြပါမည်။ ရာဇဘူရီ - ထိုင်းကရင် ဆရာ “၀ုဘွန်းလုတ်”ရေးသားသည့် “ဆွမ်ဖူ့ကရင်စကားစဆိုလာသည့်အခါရာဇ၀င်” စာအုပ်မှ ။ ၂၀၀၅ ခုနှစ် ထီဖိုးစံ အရှင်ပုည ဗမာဘာသာဖြင့် ပြန်လည်ဘာသာပြန်ဆိုထားသော ထိုင်းနိုင်ငံ ကရင်ရာဇ၀င်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။