วันอาทิตย์ที่ 10 กุมภาพันธ์ พ.ศ. 2556

ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲများကို နိဂုံးချုပ်ကြည့်ခြင်း

တော်လှန်ရေးကောင်စီအစိုးရရဲ့ ၁၉၆၃ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့ ထုတ်ပြန်ကြေညာချက်ကြောင့် တော်လှန်ရေးကောင်စီနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် လာရောက်ဆွေးနွေးကြတဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အမျိုးစုံဖြစ်ပါတယ်။ တပြည်လုံးရှိ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနီးပါး လာရောက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးဆန္ဒကို ဖော်ပြခဲ့ကြပါတယ်။ အလံနီကွန်မြူနစ်ပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကလွဲရင် ကျန်ပါတီအဖွဲ့အစည်းများဟာ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြပါတယ်။ အားလုံးသောအဖွဲ့အစည်းတိုင်းဟာ ပြည်တွင်းစစ်ရပ်စဲရေးကို လိုလားကြပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရဲ့ တောင်းဆိုချက်၊ တင်ပြချက်၊ ရှင်းလင်းချက်၊ သဘောထားထုန်ပြန် ပြောဆိုချက်တွေကို ခြုံငုံကြည့်ရင် အဖွဲ့အစည်းတိုင်းဟာ အဏာရအစိုးရဆက်ဆက်ရဲ့ မတရားသဖြင့် နှိပ်ကွပ်မှု၊ တွန်းပို့မှု၊ မမှန်မကန် လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့ ခုခံစစ်ကို ဆင်နွဲရင်း၊ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်ရတာချည်းဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီ တို့ရဲ့ ရှေ့ရှုချက်တွေက ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရေးဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ဆင်နွှဲပြီး၊ ပြည်သူ့ဒီမိုကရေစီသမတနိုင်ငံတော်သစ် ဖော်ဆောင်ရေးဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လိုလားချက်က နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေး အခြေခံပေါ်ကနေ ပြည်တွင်းစစ်ကိုရပ်၊ ပြည်သူလူထုတရပ်လုံးရဲ့ ဒီမိုကရေစီအခွင့်အရေးကို အာမခံ၊ နိုင်ငံရေးပါတီတွေရဲ့ တရားဝင် ရပ်တည်လှုပ်ရှား ဆောင်ရွက်ခွင့်တွေကို အပြည့်အ၀ပေး၊ လူနည်းစု အမျိုးသားငယ်များရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးအပ်ပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးဖြစ်ပါတယ်။ မန်းဘဇန် ခေါင်းဆောင်တဲ့ ကေအင်ယူပါတီအပါအ၀င်၊ ဗမာပြည်ကွတ်မြူနစ်ပါတီ အပါအ၀င် မဒညတကည်း ဆိုရှယ်လစ်လမ်းကြောင်းကို လက်ခံကြောင်းဖော်ပြခဲ့ပါတယ်။ မဒညတ တွင်းရှိ လူမျိုးစုလက်နက်ကိုင်ပါတီတွေအပါ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ လိုလားချက် တောင်းဆိုချက်တွေကတော့၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပါအ၀င် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တန်းတူရည်တူရှိတဲ့ စစ်မှန်တဲ့ပြည်ထောင်စုဖွဲ့စည်းရေးပဲဖြစ်ပါတယ်။ ကေအိုင်စီ က လွတ်လပ်တဲ့ ကချင်သမတနိုင်ငံ ထူထောင်ရေးအထိ တောင်းဆိုခဲ့တယ် ဆိုပေမယ့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းလိုလိုရဲ့ အဓိက ရလို ယူလို ပိုင်ဆိုင်လိုတဲ့ဆန္ဒကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်အပါအ၀င် သီးခြားလွတ်လပ်တဲ့ ပြည်နယ်များအဆင့် ရရှိရေးလို့ ဆိုရမှာဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီက အဲဒီလိုလားချက် တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊ မဒညတ တို့နဲ့ တွေ့ဆုံဆွေးမှုတွေကို ပြန်ကြည့်မယ်ဆိုရင် တွေ့ဆုံဆွေးနွေးမှုအဆင့်ဟာ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ထိတောင် မရောက်ခဲ့ကြရပါ။ အာဏာပိုင်အဆင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့် မရောက်မီ၊ ငြိမ်းချမ်းရေးအကြိုကာလ ဖန်တီးရေးအတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအဆင့်မှာပင် ဆွေးနွေးပွဲရပ်ဆိုင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပဏာမကိုယ်စားလှယ်အဆင့်မှာပင် သဘောတူညီချက် ရတော့မလိုလို အနေအထားကနေ၊ မူသဘောဆောင်တဲ့ တောင်းဆိုချက်၊ ပြင်းထန်တင်းကြပ်လွန်းတဲ့ စည်းကမ်းချက်တွေ တောင်းဆိုသတ်မှတ် ပြဌာန်းလာတာ ခံလိုက်ရပြီး တဖက်သတ်ဖျက်သိမ်းမှုကို ခံလိုက်ကြရတာဖြစ်ပါတယ်။ တကယ်က တော်လှန်ရေးကောင်စီဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုတာမဟုတ်ဘဲ ဆိုရှယ်လစ်ရေးဆိုင်းဘုတ်ပြပြီး၊ အရင်အစိုးရအဆက်ဆက် သွားခဲ့တဲ့လမ်းကြောင်းတွေနဲ့ မတူတဲ့ဆီ ဦးတည်ရှေ့ရှုသွားမယ်ဆိုတာကို ဖော်ပြပြီး၊ တနည်းအားဖြင့် မျှော်လင့်ချက်ပေးပြီး၊ ဖျားယောင်းချော့မြူ၊ ကျုံးသွင်းခဲ့တာသာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးကျုံးသွင်းပြီး လက်နက်ချရေးဆီရောက်အောင် အားထုတ် လုပ်ဆောင်ခဲ့တာသာဖြစ်ပါတယ်။ မဒညတနဲ့ ဗမာပြည်ကွန်မြူနစ်ပါတို့အပေါ် တော်လှန်ရေးကောင်စီက ‘နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်၊ မရိုးမသားဆောင်ရွက်ခဲ့ကြတယ်၊ လူထုနည်းနဲ့ အကြပ်ကိုင်ဖို့ ကြိုးစားခဲ့ကြ ကြံစည်ခဲ့ကြတယ်’လို့ အမျိုးမျိုးစွပ်စွဲ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ တကယ်စဉ်းစားကြည့်မယ်ဆိုရင် အဲဒီလိုအမြတ်ထုတ်ဖို့ အကြပ်ကိုင်ဖို့ မရိုးမသားနည်းနာအားလုံးကို လက်တွေ့လုပ်ဆောင်ခဲ့သူဟာ တော်လှန်ရေးကောင်စီသာဖြစ်နေပါတယ်။ ဘာကြောင့်လဲ့။ လက်နက်ကိုင်နည်းနဲ့ မတော်မတရား အာဏာသိမ်းပြီး တက်လာခဲ့တဲ့ တော်လှန်ရေးကောင်စီအစိုးရဟာ တက်လာလာပြီးချင်း(၄) လအကြာမှာပဲ ကျောင်းသားတွေကိ အသေသတ်၊ သမဂ္ဂအဆောက်အဦကြီးကို ဗုံးနဲ့ခွဲ ပြာချပစ်ခဲ့ပြီး လူထုကြား မျက်နှာပျက်စရာဖြစ်နေချိန်မှာ နိုင်ငံရေးအရ မကျေနပ်စရာ၊ ဒေါသပုန်ထစရာတွေ တိုးပွားလာနေရချိန်မှာ၊ အဲဒီဟာတွေကို လမ်းလွှဲပစ်ဖို့ လူထုရဲ့အာရုံကို လူထုအလိုလားဆုံးကိစ္စနဲ့ အာရုံးလွှဲပစ်ဖို့ သွေးစွန်းနေတဲ့ လူသတ်လက်ကို မြန်မြန်နောက်ဝှက်လိုက်ပြီး ငြိမ်းချမ်းရေးသံလွင်ခက်ကို လက်တဖက်နဲ့ ထုတ်ပြန်ခဲ့တာသာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့အသံဟာ လူထုကြိုက် လူထုအလိုလားဆုံး အသံဖြစ်တော့ ကျန်တာတွေအားလုံးအပေါ်မှာ ယာယီဖုံးလွှမ်းသွားပြီး တော်လှန်ရေးကောင်စီအဖို့ အသက်ရှူပေါက် ပြန်လည်ဖန်တီးနိုင်ခွင့်၊ လူကြားသူကြား မင်္ဂလာယူစရာ ဖန်တီးနိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေးအမြတ်ထုတ်မှုစစ်စစ့်ဖြစ်ပါတယ်။ ကျောင်းသားထုအပေါ် သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့တာတွေ၊ တနေ့တခြား အထွေထွေမကျေနပ်မှုတွေ တိုးပွားများပြားလာနေတာတွေကို ‘ငြိမ်းချမ်းရေးခေါ်တယ်’ ‘တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ်’ ဆိုတာနဲ့ အရှိန်သတ်ပစ်နိုင်အောင် ကြိုးပမ်းခဲ့တာဖြစ်သလို၊ ဆိုရှယ်လစ်ရေးကို လိုလားကြတဲ့ တောတွင်းရှိ လက်နက်ကိုင်အင်အားစုတွေကိုလည်း ဆိုရှယ်လစ်ဆိုင်းဘုတ်ပြပြီး ငြိမ်းချမ်းရေး နဖူးစည်းအောက်မှာ လက်နက်ချရေးဖြစ်အောင် ကြံစည်ခဲ့တာဖြစ်တဲ့အတွက် နိုင်ငံရေးအမြတ်ထုတ်ဖို့ ကာယကံမြောက်လုပ်ဆောင်ခဲ့သူဟာ စစ်အစိုးရပဲဆိုတာ ထင်ရှားနေခဲ့ပါတယ်။ တော်လှန်ရေးကောင်စီဟာ တချက်ခုတ် နှစ်ချက်ပြတ်နည်း ကျင့်သုံးပြီး ငြိမ်းချမ်းရေးခေါ်ခဲ့တြာ့ဖစ်ပါတယ်။ သွေးစွန်းနေတဲ့လက်ကို အသာအယာပြန်ဝှက်ပြီး၊ ကျန်လက်တဖက်နဲ့ ငြိမ်းချမ်းရေးသံလွင်ခက်ကို ထုတ်ပြရင်း အထွေထွေမကျေနပ်မှုတွေဆီ ဦးတည်နေတာတွေအားလုံးကို ယာယီတားဆီးနိုင်တာ အာရုံလမ်းလွှဲပေးတာတွေ လုပ်နိုင်ကိုင်နိုင်ခွင့် ရခဲ့ပါတယ်။ ဒါဟာ အမြတ်ကျန်အောင်လုပ်ခဲ့တာ မရိုးမသား လုပ်ဆောင်ခဲ့တာပဲ မဟုတ်လား။ အပစ်အခတ်ရပ်စဲရေးအတွက် လက်တွေ့လုပ်ကိုင်နိုင်ဖို့ သဘောတူညီချက်တွေ အများအပြားရရှိထားပြီးဖြစ်ပါလျက် မူသဘောဆောင်တဲ့အချက်တွေကို အတင်းအကြပ်တောင်းဆို၊ မဖြစ်နိုင်တဲ့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ စည်းကမ်းချက်တွေကို တဖက်သတ် ချမှတ်ပြဌာန်းပြီး ဆွေးနွေးပွဲတွေကို တဖက်သတ်ရပ်စဲပစ်ခဲ့တာကို ကြည့်မယ်ဆိုရင် အစကတည်းက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်လို့ ငြိမ်းချမ်းရေးခေါ်ခဲ့တာမဟုတ်ကြောင်း ထင်ရှားနေခဲ့ပါတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးဆိုင်ရာ အခြေခံမူတွေအထိ ထိပါးနေတဲ့ တောင်းဆိုချက်တွေ စည်းကမ်းချက်တွေကို ချမှတ်ပြဌာန်းလာတာဟာ မသိလို့နားမလည်လို့မဟုတ်ဘဲ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ တောင်းဆိုချမှတ်လာခဲ့တာဖြစ်တဲ့အတွက် ဒါဟာ မရိုးမသားလုပ်ဆောင်မှုဖြစ်သလို မဖွယ်မရာ အကြပ်ကိုင်မှုစစ်စစ်လဲပဲဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေခေါ်ယူပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားတာ မရိုးမသားလုပ်ဆောင်တာ အကြပ်ကိုင်ဖို့အားထုတ်တာဟာ တော်လှန်ရေးကောင်စီဖက်ကသာဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ချင်လို့မဟုတ်၊ အထွေထွေမကျေနပ်မှုတွေကို လမ်းကြောင်းပြောင်းစေချင်၊ အာရုံပြောင်းစေချင်ပြီး နိုင်ငံရေးအမြတ်ကျန်ချင်လို့ ငြိမ်းချမ်းရေးအစစ်အမှန် ရချင်လို့မဟုတ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်နက်ချတာရချင်လို့ အစီအစဉ်ရှိရှိ လုပ်ဆောင်ခဲ့သူဟာ တော်လှန်ရေးကောင်စီသာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရအဖို့ ထင်သလောက် အမြတ်မထွက်ခဲ့ပါ။ ရပ်တည်ချက်ရှိတဲ့၊ နိုင်ငံရေးအမြော်အမြင်ရှိတဲ့၊ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးက စစ်အစိုးရရဲ့ ကျုံးသွင်းမှုကို ကျုံးသွင်းမခံဘဲ သတိရှိရှိ တုန့်ပြန်ရပ်တည် ဖော်ပြသွားခဲ့ပြါတယ်။ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းပေါင်းစုံတွေထဲမှာ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီ(ကေအာစီ)ကိုသာ တော်လှန်ရေးကောင်စီက ရရှိလိုက်ပါတယ်။ ကေအင်ယူအဖွဲ့အစည်းကြီးထဲက ပဲထွက်လာတဲ့ ကေအာစီ အစုတစုကိုသာ တော်လှန်ရေးကောင်စီ စစ်အစိုးရက နားချလိုက်နိုင်ပြီး၊ ကေအာစီနဲ့ တော်လှန်ရေးကောင်စီ သဘောတူညီမှုရရှိခဲ့ပါတယ်။ (စောဟန်တာသာမွှေးခေါင်းဆောင်တဲ့ ကရင့်တော်လှန်ရေးကောင်စီနဲ့ တော်လှန်ရေးကောင်စီစစ်အစိုးရတို့ဟာ ၁၉၆၄ ခုနှစ်၊ မတ်လ(၁၂) ရက်နေ့မှာ သဘောတူစာချုပ်ချုပ်ဆိုပြီး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ စောဟန်တာသာမွှေးနဲ့အတူ လက်နက်စွန့်လာကြသူတွေထဲမှာ ကေအိုင်ဒီအိုခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ စောအောင်စိန်၊ စောအုန်းဖေ စတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။ စောအောင်စိန် ဟာ ၁၉၄၉ ခုနှစ်၊ ဧပြီလတုန်းက ပထမဆုံးသော ကေအိုင်ဒီအိုနဲ့ ပြည်ထောင်စုအစိုးတို့ရဲ့ စစ်ပြေငြိမ်းရေး၊ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုအပျက်မှာ၊ စောဘဦးကြီးရဲ့ ရိုးသားစွာ သဘောတူညီလာမှုကို ပယ်ဖျက်ပြီး လက်မခံနိုင်ကြောင်း တရားဝင်ပေးစာပို့ရာမှာ စောဟန်တာသာမွှေးနဲ့အတူ ပူးတွဲလက်မှတ်ရေးထိုးခဲ့တဲ့ ကေအိုင်ဒီအို ခေါင်းဆောင်ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီစစ်အစိုးရက သူတို့နဲ့ သဘောတူညီမှုရယူပြီး တရားဝင် လက်နက်စွန့်လာခဲ့တဲ့ ကရင်တော်လှန်ရေးကောင်စီ အဖွဲ့ခေါင်းဆောင် စောဟန်တာသာမွှေးကို သူကောင်းပြုတဲ့အနေနဲ့ နောက်ပိုင်းမှာ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ) လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ လက်နက်ချလာရေးအတွက် နိုင်ငံရေးကျုံးသွင်းမှုအဖြစ် လုပ်ခဲ့တာလည်းဖြစ်၊ ပြည်သူလူထုရဲ့ အာရုံကို တဖက်သတ်လွှဲပေးပြီး လိမ်ညာလှည့်ဖျားဖို့အတွက် အစီအစဉ်ရှိရှိ ကြံစည်ပြုလုပ်ခဲ့တဲ့၊ အစကတည်းက သဘောထားမမှန်ခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေဟာ သဘာဝကျစွာပဲ စစ်အစိုးရရဲ့ ဖျက်သိမ်းလိုက်မှု၊ ရပ်ဆိုင်းကြောင်း ကြေညာလိုက်မှုနဲ့ နိဂုံးချုပ်ခဲ့ရပါတယ်။ ၀င်းတင့်ထွန်း ရေး - အမှောင်ကြားက ဗမာပြည် စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။

0 ความคิดเห็น:

แสดงความคิดเห็น