(ဒေါကလု)ခေါ် ကရင်အမျိုးသားအစည်းအရုံး (Karen National Association)သည် ဗမာနိုင်ငံရေး အစည်းအရုံးများ မပေါ်ပေါက်မီ ၁၈၈၁ ခုနှစ် က စ၍ -- ၁။ ဒေါက်တာတီသံပြာ၊ ၂။ ဦးလူနီ(မစ္စတာစစ်ဒနီလူနီ၏ဖခင်) ၃။ဒေါက်တာမြတ်စံ၊ ၄။ ဦးစံလုံး နှင့် အခြားသော ကရင်မျိုးသားခေါင်းဆောင်ကြီးများက တည်ထောင်ခဲ့သော အစည်းအရုံး ဖြစ်လေသည်။ အန္ဒိယဂွန်ဂရက်သည် (ဒေါကလု)အသင်းကြီးရှိပြီး(၂)နှစ်အကြာ ၁၈၈၃ ခုနှစ်၌ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်။ ဒေါက်တာတီသံပြာ(MA.DD)သည် ပဌမဦးဆုံး ဥက္ကဌဖြစ်၍၊ စောဘမောင်(Bar-at-Law)သည် အင်္ဂလိပ်များ မြန်မာပြည်မှ ဆုတ်ခွါသွားသည့်အထိ နောက်ဆုံးဥက္ကဌတစ်ဦး ဖြစ်လေသည်။ အဆိုပါ ဥက္ကဌ စောဘမောင်သည် အင်္ဂလိပ်များ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ပြီး မကြာမီ ၁၉၄၅ ခုနှစ် ဇွန်လအတွင်းတွင် အနိစ္စရောက်ရရှာလေသည်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ၌ ကျင်းပသော ကရင်လူထုအစည်းအဝေးကြီး ပြီးသည့် နောက်များမကြာမီအတွင်း နိုင်ငံရေးစိတ်ဝင်စားသော ကရင်လူငယ်တစုက ကရင်လူငယ်အစည်းအရုံး တည်ထောင်ရန် ထိုလူထုအစည်းအဝေးကြီးက တင်မြောက်ထားသော ခေါင်းဆောင်များနှင့် တိုင်ပင်ကြ၏။ ထိုအခါ အစည်းအရုံးခေါင်းဆောင်များက ‘ဤကဲ့သို့ အသင်းအပင်းတခု ထပ်မံ၍ ဖွဲ့စည်းခြင်းဖြင့် နောင်သောအခါ သဘောထားကွဲလွှဲမှုများ ပေါ်ပေါက်လာချေသော် တဦးနှင့်တဦး အတိုက်အခံဖြစ်ပြီး အမျိုးသားများ၏ အကျိုးကို ထိခိုက်ဖို့ လမ်းကြောင်းရှိနှင့် နှီးနှောခဲ့လေသည်’။ လူငယ်ခေါင်းဆောင်ဖြစ်သော ဗိုလ်ထွန်းစိန် ကလည်း ဤသို့ ဖြစ်ဖို့မရှိ၊ ကရင်လူငယ်များသည် ကရင်လူကြီးများ၏ အကူအညီအတွက်သာ ဖြစ်သည်ဟု ဂတိပေးခဲ့လေသည်။ ထိုအခါ လူကြီးခေါင်းဆောင်များ၏ အကူအညီဖြင့် ကရင်လူငယ်အစည်းအရုံး(Karen Youth Organisation)ကို ဖွဲ့စည်းတည်ထောင်လေသည်။ ထိုအခါ KYO ကရင်လူငယ်အစည်းအရုံးခေါင်းဆောင် ဗိုလ်ထွန်းစိန်သည် စစ်ထဲသို့ ပြန်ဝင်ခါနီး မိမိ၏ ဥက္ကဌနေရာတွင် စောဘဦးကြီး(Bar-at-Law)သို့မဟုတ် ဆရာသာထိုကို တင်မြောက်ရန် လူကြီးများ နှင့် တိုင်ပင်သော်လည်း ၎င်းတို့က လက်မခံနိုင်သောကြောင့် KCO မှ အမှုဆောင်တဦးဖြစ်သူ မန်းဘခိုင် ကို တင်မြောက်ရန် လူကြီးများက သဘောတူကြလေသည်။ ဖေါ်ပြပါအတိုင်း လူကြီး နှင့် လူငယ်တို့သည် အတူတကွ ပူးပေါင်းဆောင်ရွက်လာကြရာမှ ၆ လမျှကြာသောအခါ KCO နှင့် KYO တို့သည် သဘောထားကွဲလဲကြောင်းနှင့် တိုင်းရင်းသားမဂ္ဂဇင်းတွင် မသိမသာ ပေါ်လာလေသည်။ ဤသို့ဆက်လက်၍ သဘောထားကွဲလွဲမှု ဖြစ်သည့် သတင်းမျိုး ပိုမိုပေါ်ပေါက်လာသောအခါ လူကြီးနှင့်လူငယ်ခေါင်းများသည် တွေ့ဆုံ စေ့စပ်ကြရာတွင် ၁၉၄၇ ခုနှစ် ဖေေါ်ဝါရီလ၌ ကျင်းပသော ညီလာခံကြီးတွင် KNA၊ KCO၊ BKNA၊ KYO ကရင်အမျိုးသားအဖွဲ့ကြီးလေးဖွဲ့ တညီတညွတ်တည်း ပူးပေါင်းပါဝင်ပြီး KNU ကရင်အမျိုးသားအစည်းရုံးကြီး ဖွဲ့စည်းလိုက်လေသည်။ ပထမဦးဆုံး ဥက္ကဌမှာ စောစံဖိုးသင် ဖြစ်လေသည်။ KNU ကရင်အမျိုးသားအစည်းရုံးကြီး ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့် ပြဿနာပေါ်လာသည်။ ထိုပြဿနာကို ဖေါ်ပြပါ ကရင်ညီလာခံသဘင်ကြီးသို့ တက်ရောက်လာသော လူထုကိုယ်စားလှယ်(၂၀၀၀)ကျော်တို့သည် နှစ်ရက်တိုင် ဆွေးနွေးခဲ့ကြလေသည်။ ဥက္ကဌ မေဂျာစံဖိုးသင်သည် ထိုစဉ်အခါက ရွေးကောက်ပွဲကို မ၀င်သင့်၊ ၀င်ရောက်သောကရင်များကို ပစ်သတ်ရမည်ဟု ရဲရဲတောက် ဟောပြောခဲ့လေသည်။ ရွေးကောက်ပွဲသို့ ၀င်လိုသော လူငယ်များကလည်း ရွေးကောက်ပွဲသို့ ၀င်သင့်ကြောင်းနှင့် အမျိုးမျိုး ဟောပြောခဲ့ကြလေသည်။ မန်းဝင်းမောင်သည် ရွေးကောက်ပွဲသို့ဝင်လိုသော်လည်း မိမိ၏သဘောထားကို အတိအလင်း ထုတ်ဖေါ်ပြောဆိုခြင်းမပြုဘဲ၊ လူငယ်ကိုယ်စားလှယ်တဦးဖြစ်သူ စောကျော်စိန်၏ ရွေးကောက်ပွဲ ၀င်သင့်ကြောင်း ကြောင်းပြချက်ကိုသာ ထောက်ခံလေသည်။ စောဘဦးကြီးက ရွေးကောက်ပွဲဝင်သင့် မ၀င်သင့်ကိစ္စကို လေးလေးနက်နက် စဉ်းစားရန်လိုကြောင်း၊ အကိုးအကားပြ၍ သတိပေးသည့်အပြင် ၎င်း၏သဘောထားကား လူထု၏အလိုကိုသာ လိုက်နာဖို့ အသင်ရှိကြောင်းနှင့် အတိအလင်း ဖွင့်ဟ ပြောဆိုလေသည်။ ရွေးကောက်ပွဲကို မ၀င်သင့်ကြောင်း ၀င်ရောက်သောကရင်များကို သတ်ပစ်ရမည်ဟူသော ရဲရဲတောက်ဟောပြောသွားခဲ့ကြသော စောစံဖိုးသင်က ထိုအတောအတွင်းမှာပင် စောစံဖိုးသင်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၃ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးလျက် နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်းကို ကရင်ဗဟိုရ်အဖွဲ့ချုပ်သို့ ဖိတ်ကြားကာ စကားပြောဆိုလေသည်။ ဗိုလ်ချုပ်အောင်ဆန်းစကားထ၍ ပြောမည့်အပြုတွင် စောစံဖိုးသင်အား ဘာအကြောင်းပြောရမည်ကို မေးမြန်းပြီး ကရင်များ၏ လိုလားချက်ကို ကရင်ခေါင်းဆောင် နှင့် ဗမာခေါင်းဆောင်များ မျှတအောင် စေ့စပ်နိုင်သည့်အကြောင်း ဖဆပလ၏ စေတနာကောင်းပုံစသည်တို့ကို အကျယ်တ၀င့် ပြောပြပြီး ကရင်နယ်ကိစ္စမှာမူ မလိုအပ်ကြောင်း ကရင်ပြည်ကို မေ့ပစ်ဖို့လိုကြောင်း စသည်ဖြင့် နိရုံးချုပ်သွားလေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဟောပြောချက်ကို ကြားသိရသော ကရင်အမျိုးသားအားလုံးလိုလိုပင် သဘောမတူမနှစ်သက်ကြသော်လည်း စောစံဖိုးသင်ကမူ ဗိုလ်ချုပ်အောင်ဆန်းကို အမွှန်းတင်၍ မိမိအသက်ကို ကယ်ဆယ်ခဲ့သော ကျေးဇူးရှင်တဦးဖြစ်ကြောင်း၊နှင့် လူထုရှေ့တွင် ကြေငြာလေသည်။ စောစံဖိုးအား ဗိုလ်ချုပ်အောင်ဆန်းနှင့် ၃ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးမှုပြီး ဗမာ၏ မြူဆွယ်ပရိယာယ်များဖြင့် ဖယ်ထုတ်စည်းရုံး အသိမ်းသွင်းခံကြရရှာလေပြီဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ်လ ၃ ရက်နေ့၌ လုပ်ငန်းစီစဉ်ရေးအဖွဲ့ အစည်းအဝေး၌ ဘိလပ်မှ ပြန်စာမရရှိသည့်အပြင် ၀န်ကြီးအဖွဲ့မှ ပြန်ကြားသောစာကို မကျေနပ်သဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားလုံး သဘောတူညီကြသဖြင့် လူငယ်ခေါင်းဆောင် အချို့တို့သည် အစည်းအဝေးမှ ရုတ်တရက် ထွက်ခွါသွားကြလေသည်။ ထိုအစည်းအဝေးကို ဆက်လက်စည်းဝေးနိုင်ရန် စောစံဖိုးသင်၏နေရာ၌ ယာယီသဘာပတိ တဦးကို ရွေးကောက်တင်မြေက်ကြရလေသည်။ ၎င်းအစည်းအဝေးတွင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားလုံးသဘောတူဆုံးဖြတ်ကြလေသည်။ လူထုကိုယ်စားလှယ်များက ၀န်ကြီး စောဘဦးကြီးအား ရာထူးမှ နှုတ်ထွက်ရန် ဆက်လက်ဆုံးဖြတ် အတည်ပြုကြလေသည်။ ထိုအခိုက်အတန့်၌ ကရင်လူငယ်အစည်းအရုံး အမှုဆောင်များနှင့် စောစံဖိုးသင်တို့သည် စည်းဝေးတိုင်ပင်ကာ ရွေးကောက်ပွဲသို့ဝင်ရန် ဆုံးဖြတ်ကြပြီးနောက် KNU အမှုဆောင်အဖွဲ့မှ စောစံဖိုးသင်၊ မန်းဝင်မောင်၊ စောစိန်တင်၊ မန်းဘခိုင် နှင့် စောကျော်စိန်တို့သည် နှုတ်ထွက်ကြောင်း နှုတ်ထွက်စာတင်ကြလေသည်။ ဥက္ကဌ စောစံဖိုးသင် နှင့် အမှုဆောင်လေးဦး တို့ ထွက်သွားသည့်အပြင် အရေးကြီးသောပြဿနာများ ပေါ်ပေါက်လာသဖြင့် လုပ်ငန်းစီစဉ်ရေးဆွဲရေးကောင်စီက ၁၉၄၇ ခုနှစ်၊ ဧပြီလ ၂၃- ရက် ၂၄ ရက်နေ့များတွင် အရေးပေါ်ညီလာခံသဘင် ကျင်းပရန် ဆုံးဖြတ်ကြသည့်အတိုင်း ညီလာခံသဘင်ကြီးကို ခေါ်ယူကာ အောက်ပါအရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ကြလေသည်။ ၁။ ကရင်ပြည် ထူထောင်ရေး၌ ဖြစ်စေ၊ ကရင့်ကံကြမ္မာကို ကရင်ဖန်တီးရေး၌ ဖြစ်စေ၊ အားထုတ်လျက်ရှိသော အမျိုးသားတဦးကို သူတပါး စော်ကားခဲ့သော် ထိုအရေးကို ကရင်တမျိုးသားလုံး၏ အရေးဟု ယူဆရမည်။ ၂။ (က) တိုင်းပြုပြည်ပြုလွှတ်တော်သို့ ၀င်ရောက်အရွေးခံမည်ဖြစ်သော ကရင်အမတ်များသည် ကရင်လူထု၏ကိုယ်စားလှယ် အစစ်အမှန်မဟုတ်သဖြင့် လွှတ်တော်အတွင်း၌ဖြစ်စေ၊ အပြင်အပ၌ဖြစ်စေ၊ ၎င်းတို့ပြောဆိုဟောပြော ဆောင်ရွက်ချက်ဟူသမျှတို့သည် ကရင်လူထု၏သဘောထားနှင့် လိုအင်ဆန္ဒဟု မယူဆကြရန်။ (ခ) လူထု၏ဆန္ဒအရ ၀န်ကြီးရာထူးမှ နှုတ်ထွက်သွားသော အမျိုးသားဝန်ကြီး စောဘဦးကြီးသည် ကိုယ်ကျိုးကိုမငဲ့ရာ၌ မြန်မာရာဇ၀င်တလျှောက်လုံးတွင် မကြုံဘူး၊ မကြားဘူးလောက်အောင် လက်တွေ့စံပြစနစ်ဖြင့် ဆောင်ရွက်သွားသဖြင့် ထိုအမျိုးသားပုဂ္ဂိုလ်ကြီးအား ဤညီလာခံသဘင်ကြီးက လေးစားစွာဖြင့် ချီးကြူးကြောင်း မှတ်တမ်းတင်ထားကြပါရန်။ (ဂ) လူထုဆန္ဒအရ ရွေးကောက်ပွဲသို့ ၀င်ရောက်အရွေးမခံကြသော အမျိုးသားခေါင်းဆောင်များနှင့် မဲပေးခြင်း၌ ၀င်ရောက်အားပေးဆောင်ရွက်ခြင်းမပြုသော အမျိုးသားများအား ဤညီလာခံသဘင်ကြီးက အထူးကျေးဇူးတင် ရှိပါကြောင်း။ (ဃ) ရွေးကောက်ပွဲတင်မြောက်ပြီးဖြစ်သော ဗဟိုရ်အမှုဆောင်အဖွဲ့ကြီးအား KNU ၏ လုပ်ငန်းစဉ်နှင့် ညွန်ကြားချက်အ၀၀ကို ရေးဆွဲရန် တာဝန်လွှဲအပ်ကြောင်း။ ၃။ ဤညီလာခံသဘင်ကြီးက လူနည်းစုများ၏ တပ်ဦးကို ဖွဲ့စည်းတည်ထောင်ရန် ဗဟိုရ်အမှုဆောင်များ အားလုံးတာဝန်လွှဲအပ်ကြောင်း။ ၄။ KNU အဖွဲ့ချုပ်၏ ကြွေးကြော်သံအနေနှင့် အပါတ်စဉ် သတင်းစာတစောင် အလျှင်အမြန် ထုတ်ဝေသွားရန် စသည်တို့ဖြစ်ပါကြောင်း။ ကရင်အမျိုးသားများ စစ်ရေးသတိရှိကြ။ နိုင်ငံရေးသတိရှိကြ။ ဖါးစည်သံ ကရင်အမျိုးသားနှင့်နိုင်ငံရေးစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားပါသည်။
วันศุกร์ที่ 1 พฤศจิกายน พ.ศ. 2556
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น