by အရှင်ပညာဒီပ 2012 January 10 ယနေ့ခေတ်ဗုဒ္ဓဘာသာနိုင်ငံများနှင့် အနောက်နိုင်ငံအတော်များများက ဂေါတမဗုဒ္ဓနှင့်အသောက မင်းကြီးကို အမြင့်မြတ်ဆုံးလူသားများအဖြစ် လက်ခံလာကြသည်။ ဂေါတမဗုဒ္ဓသည် ကမ္ဘာသူကမ္ဘာသားများ အားလုံးအပေါ် ထားရှိသော အနှိုင်းမဲ့မေတ္တာနှင့် အဆုံးမရှိသောမဟာကရုဏာတော်တို့ကြောင့် အမြတ်ဆုံးပုဂ္ဂိုလ် ဟူ၍ လက်ခံ ထားကြကာ အသောကဘုရင်မင်းမြတ်မှာမူ ထုံးစံအတိုင်း ဧကရာဇ်မင်းများတွင် တိုင်းသူပြည်သားတို့၏ သက်ဦး ဆံပိုင်အာဏာရှင် ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ သို့သော်လည်း အသောကဘုရင်မင်းမြတ်သည် အခြားသောအာဏာရှင်ဘုရင်များနှင့် တမူထူးခြားကာ ကလိင်္ဂတိုင်း တိုဆလီမြို့သိမ်းတိုက်ပွဲတွင် ပြင်းထန်သောထိုးစစ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရရှာသော စစ်ပြေးဒုက္ခသည်များ ခြေပြတ် လက်ပြတ်သေကြေပျက်စီးနေသော တိုင်းသူပြည်သားများကိုမြင်တွေ့ကာ ထိုစစ်ဘေးစစ်ဒဏ် ခံနေရသော တိုင်း သူပြည်သားများ၏ ဘ၀ကိုကယ်တင်ရန် စစ်မှန်သောငြိမ်းချမ်းရေး အငွေ့အသက်များ အသောက၏နှလုံးသားထဲ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်ထိုအခါမှာ အသောကသည် သူတော်ကောင်းတရားဟူ၍ တစ်လုံးတစ်ပါဒမျှ နာယူမှတ်သား ခဲ့ဖူးခြင်းမ ရှိသေးပါ။ ထိုသို့အမြင်မှန်ရရှိသွားပြီးနောက် ကလိင်္ဂတိုင်းသူပြည်သားများ၏ ဘ၀လုံခြုံရေးနှင့် တိုးတက်ဖွံ့ဖြိုးရေး အ တွက် ကောင်း မွန်သောစီမံချက်များရေးဆွဲကာ အင်တိုက်အားတိုက် အမှန်တကယ် ဆောင်ကြဉ်းပေးခဲ့သောကြောင့် အထက်ကဆိုခဲ့သည့်အတိုင်း အခြားသောအာဏာရှင် ဧကရာဇ်မင်းများနှင့် တမူထူးခြားပြီး ဂုဏ်အင်္ဂါကြီးမားခြင်းဖြစ်ပေ သည်။ အသောကသည် နှစ်ဘက်တိုက်ပွဲပြင်းထန်ချိန်မှာ တိုဆလီမြို့အပြင်ဘက် တောင်ကုန်းပေါ်မှာနေ၍ မိမိ၏မောရိယ စစ်တပ်နဲ့ ကလိင်္ဂစစ်တပ်တို့ သူသေကိုယ်သေ တိုက်ခိုက်နေကြသည်ကို အကဲခတ်ရှုစားတော်မူရင်း သူ့ရဲ့အဓိက လိုအင်ဆန္ဒမှာ ကလိင်္ဂမင်းကို ဘယ်နည်း နှင့်ဘဲရရ ဖမ်းဆီးနိုင်ရေးသာဖြစ်သည်။ ထိုသို့တွေးတောရှုစားနေစဉ် နှစ်ဘက်တိုက်ပွဲကြားမှ ခြေလျှင်စစ်သည်တစ်ဦးသည် အသောက၏ ရှေ့တော်မှောက် သို့ရောက် ရှိ လာပြီး ကလိင်္ဂစစ်သည်များနှင့် အပြစ်မဲ့တိုင်းသူပြည်သားများ အလုံးအရင်းသေဆုံး ကြကုန်သည် ဟူသော သံတော်ဦးတင်လာသော သတင်းစကားကိုကြားရသည်နှင့် “သြော် ငါအသောကရဲ့ မောရိယစစ်တပ်ကြောင့် ကလိင်္ဂတိုင်းသူပြည်သားများ အပစ်မဲ့သေဆုံးကြရပါပြီ” အသောကရဲ့ မောရိယ စစ်တပ်သည် မိုင်ပေါင်းများစွာခရီးနှင်လာခဲ့ရသော်လည်း လူအင်အားနှင့် စစ်သေနာ ဗျူဟာကောင်းသောကြောင့် ကလိင်္ဂတိုင်းကိုအလွယ်တကူတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထိုကဲ့သို့ အလွယ်တကူ တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်းသည် အခြားသောတိုင်းပြည်များမှ မိမိတိုက်ခိုက်ကျူးကျော်သိမ်းပိုက်ထားသော ပြည်သူ တို့၏ ဘဏ္ဍာငွေများနှင့် မိမိရဲ့စစ်တပ်အင်းအားကို ခိုင်မာတောင့်တင်းအောင် စနစ်တကျဖွဲ့စည်းတည်ထောင် ထား ခြင်းဖြစ်ပေသည်။ “စစ်တပ်ဟူသည် အထက်အမိန့်ကို တသွေမတိမ်းလိုက်နာရသဖြင့် သူသေကိုယ်သေတိုက်ကြရသည် သာဖြစ်သည် တိုင်းသူပြည်သားများအပေါ် ကိုယ်ချင်းစာတရားများ လုံးဝထားရှိမည်မဟုတ် ပြည်သူများ စစ်ဘေးဒုက္ခသည်ဖြစ်နေ သည်ကို နားမလည်၊ စစ်တပ်သည် တိုင်းသူပြည်သားများအပေါ် အဓမ္မအနိုင်ကျင့်၍ တိုက်ခိုက်ခြင်းသာဖြစ်ပေသည်” ဟု အတွေးဝင်လာသောအခါ အသောကမင်းကြီးသည် မိမိ၏နှလုံးသားကို လှံစွတ်များနှင့်ထိုးဆွသကဲ့သို့ နာကျင်စွာ ခံစား ရလေသည်။ တိုဆလီမြို့အနီးအနားမှ စစ်ဘေးစစ်ဒဏ်ကြောင့် ဒုက္ခသည်ဖြစ်သွားရရှာသော လူကြီးလူငယ်များ၏ ငိုကြွေးသံညည်း ညူသံ ဟူသော အနိဋ္ဌာရုံအသံများကိုကြားရသဖြင့် ပျော်ရွှင်ကြည်နူးစရာကောင်းလှတဲ့ ညချမ်းလေးရဲ့အရသာကို ခံစားခွင့်မရလိုက်ဘဲ စစ်ဘေးကြောင့်စိတ်မချမ်းမြေ့စရာအတွေးများဖြင့် ၀င်ရောက်နေရာယူကာ အသောက၏နှလုံး အိမ်ထဲ တစ်ရှိုက်ရှိုက်ပူလောင်လေတော့သည်။ အသောကသည် ထိုအတွေးစများကိုဖြတ်တောက်၍ မိမိ၏မွေးရပ်ဇာတိ ဥဇ္ဇေနီပြည် ဝေဒိသတောင်ေ ပ်ါသို့ရောက် သွားလေ၏။ အ၀န္တိတိုင်း ဥဇ္ဇေနီပြည် ဆန်ချီစေတီ၌ ဥဇ္ဇေနီမြို့သူမြို့သားများ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဘုရားပွဲ တော်မှ ဆိုင်းသံဗုံသံများ၊လူကြီးလူငယ်များ၏ ၀မ်းမြောက်ဝမ်းသာစွာပြောဆိုသော စကားသံများ ဆူညံနေသည်။ ပွဲတော်မှာ ဓားပြိုင်ပွဲကအဓိက မပါမပြီးဖြစ်သည်။ B.C 336-323 မှာ အလက်ဇန္ဒား ဂန္ဓာရတိုင်း ပန်ဂျပ်ပြည်နယ်၊ ကက်ရှမီးယားဒေသနှင့် အာဖကန်နစ္စတန်ဒေသ ကန္ဒာဟာနယ်မြေကိုသိမ်းပိုက်ခဲ့သည် B.C 323-300 မှာ စန္ဒဂုတ်မင်းသည် နောက်ဆုံး နန္ဒမင်းဆက်အား ဖယ်ရှား၍ မောရိယမင်းဆက်ကို တည်ထောင်လေသည်။ သူသည် ဂန္ဓာရတိုင်ကိုသိမ်းပိုက်၍ မဂဓတိုင်းကိုလည်း တိုးချဲ့လိုက်သေးသည်။ မိမိသည် ပုဏ္ဏားမျိုးဖြစ်သော်လည်း ပုဏ္ဏားဇာတ်မှ စွန့်ခွါ၍ မင်းမျိုးသို့ဝင်ရောက်ကာ သူ့ကိုယ်သူ ခတ္တိယမင်းမျိုးဟု ကျွေးကျော်ခဲ့သည်။ မဂဓတိုင်းကိုလည်း မောရိယအင်ပါယာဟု ကြေညာခဲ့သည်။ စန္ဒဂုတ်မင်းနောက်တွင် ၄င်း၏သားဗိန္ဒုသာရမင်းသည် B.C 300-272 မှာ ဖခင်၏နန်းအရိပ်အရာကို ဆက်ခံ၍ ၄င်းဗိန္ဒုသာရမင်း နတ်ရွာစံသောအခါ သူ၏သား အသောကမင်းသည် B.C 272-232 မှာ မဂဓတိုင်း ပါဋလိပုတ်မြို့ကို ပြန်လည်တည်ထောင်အုပ်ချုပ်လေသည်။ အသောကမင်းသည် ဖခင်ပိုင်ဆိုင်သော မောရိယအင်ပါယာကြီးကို ကိုယ်ပိုင်အုပ်ချုပ်နိုင်ရေးအတွက် ဖအေတူ မအေကွဲ ညီအစ်ကို ကိုးဆယ့်ကိုးယောက် တို့ကို သတ်ဖြတ်ရှင်းလင်းခဲ့ရသည်။ အသောကသည် ကလေးဘ၀က ပင် ဓါးအစွမ်းပြကာ ကြမ်းတမ်းသော အကျင့်ရှိသောကြောင့် “စဏ္ဍာသောက”ဟူ၍ခေါ်ဝေါ်သမုတ်ကြလေသည်။ သူ၏အမေအရင်းမှာ “အသောက၀ရဓန” ဖြစ်ပေသည်။ အသောကသည် မဂဓတိုင်းကို အုပ်ချုပ်နေရစေကာမူ အားမရသေးရ မဂဓတိုင်းမှ အခြားသော တိုင်းပြည်များကို စစ်ထိုး၍ မတရားသိမ်းပိုက်လေတော့သည်။ အသောကသည် ဘုရင်ဖြစ်ပြီးရှစ်နှစ် အကြာမှာ ကလိင်္ဂတိုင်းကို အဓမ္မ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ပြန်လေသည်။ အသောကဘုရင်သည် ငယ်ငယ်က မိမိနေထိုင်ခဲ့သော ဥဇ္ဇေနီပြည် ဝေဒိသတောင်ခြေ ဆန်ချီဘုရားပွဲမှ ဆိုင်းသံဗုံ သံများ ကြားနေရသော်လည်း ယခုအခါ မိမိရောက်ရှိနေသော တိုဆလီမြို့သည် စစ်ဘေးစစ်ဒဏ်ကြောင့် သုဿာန်သင်္ချိုင်းမြေပမာ ဖြစ်နေလေ၏။ ဆိုင်းသံဗုံသံကြားရဖို့ ဝေးလေစွ ဘုရားပွဲလည်းကျင်းပနိုင်ဖို့ အခွင့်လမ်းကမရှိ တိုဆလီမြို့ဝန်းကျင်မှ စစ်ဘေး ဒုက္ခသည်များ၏ ၀မ်းနည်းပူဆွေးငိုကြွေးသံများသည် အသောက၏နှလုံးသားကို ကျင်နာခံခက် ထိခိုက်လာသဖြင့် မိမိလက်ထဲမှ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသောဓါးကို မဟာပထ၀ီမြေကြီးပေါ်သို့ လွှတ်ချလိုက် လေတော့သည ဤကဲ့သို့ လွှတ်ချလိုက်ခြင်းသည် ကလိင်္ဂတိုင်းသူပြည်သားများအတွက် မျှော်လင့်ချက်ငြိမ်းချမ်းရေး ရောင်ခြည် ရေးရေးလေးမြင်နေရသောေ ကြာင့် ကလိင်္ဂတိုင်းသူပြည်သားများနှင့်အတူ ငြိမ်းချမ်းရေးလိုလားသော ကမ္ဘာသား များကလည်း ၀မ်းမြောက်ဝမ်းသာစွာနှင့် အသောကမင်းကြီးကို ကြီးမြတ်သောငြိမ်းချမ်းရေး ဗိသုကာမဟာလူသား အဖြစ် လက်ခံထားကြသည်မဟုတ်ပါလော။ ထို့နောက် အသောကသည် တိုဆလီမြို့မြစ်ကမ်းဘေးမှ သတင်းသုံးနေထိုင်တော်မူသော ကလိင်္ဂတိုင်းသံဃရာ ဇာ အရှင်ဥပဂုတ္တ မထေရ်မြတ်၏အထံတော်သို့သွားရောက်ကာ သူ၏အမြင် သဘောထားများကို လျှောက်တင်လိုက် သဖြင့် သံဃာရာဇာ၏အကြံပေးချက်အရ အသောကသည် ကလိင်္ဂတိုင်း အခြားသောဘုရင်ကိုယ်စားလယ်များနှင့်တွေ့ ဆုံကာ မိမိကျူးလွန်ခဲ့သောအပြစ်များ ခွင့်လွတ်နားလည်ပေးပါရန် တောင်းပန်ပြီး အနာဂတ် ကလိင်္ဂတိုင်းအတွက်အ ကျိုးစီပွါးဖြစ်ထွန်းရေးကို ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဟု ကတိစကားပေးထားခဲ့လေသည်။ အသောကသည် ကလိင်္ဂတိုင်းစစ်ပွဲကို အပြီးပိုင်စွန့်လွတ်ပြီး မဂဓတိုင်းသို့ပြန်ရောက်သောအခါ သံဃအဖွဲ့စည်းမထေရ်ကြီး များအားပင့်ဖိတ်၍ အစီးဝေးတစ်ရပ်ကျင်းပပြုလုပ်ကာ ထိုမထေရ်ကြီးများထံမှ သြ၀ါဒခံယူပြီး ဗုဒ္ဓသာသနာတော်အတွက် တိုးတက်ရာတိုးတက်ကြောင်း အင်တိုက်အားတိုက် ဆောင်ရွက်လေတော့သည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် အသောက ကို ဓမ္မာသောကဟူ၍၄င်း သိရီဓမ္မာသောကဟူ၍၄င်း တရားနှင့်အုပ်ချုပ်သောမင်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့် စုံသော မင်းဟူ၍ အမျိုးမျိုးခေါ်ဝေါ်ကြလေသည်။ ထိုသို့သာသနာပြုနိုင်ရေးမှာလည်း တစ်နေ့သောအခါ အသောကသည် မိမိ၏တူအရင်းတော်စပ်သော နိဂြောဓ သာ မဏေငယ်နှင့် တွေ့ဆုံခဲ့ပုံကိုလည်း အဓိကအခဏ်းကဏ္ဍတစ်ခုပါဝင်လေသည်။ နိဂြောဓသာမဏေငယ်လေးထံမှ အသောကနာကြားခဲ့ရသော “ အပ္ပမဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ နမီယန္တိ၊ ယေပမတ္တာ ယထာမတာ” ဟူသော ဓမ္မပဒဂါထာတော်သည် အသောက၏နှလုံးသားဝယ် နူးညံ့ခြင်း သိမ်မွေ့ခြင်း စသော စစ်မှန်သော ငြိမ်းချမ်းတရားများ ၀င်ရောက် ကိန်းအောင်းကာ သာသနာအတွက် သူ၏သမိုင်းမှတ်တမ်းကောင်များကို ကျောက်ထက်အက္ခရာများ ကျောက်စာတိုင်များ တစ်ခုပြီးတစ်ခုရေးထိုး၍ ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်တော့သည်။ သို့အတွက်ကြောင့် အသောကကို စဏ္ဍာသောကဟူသောအမည်မှ သိရီဓမ္မသောကဟူသောအမည်သို့ အများသူငါ ခေါ်ဆိုကြလေသည်။ လောကမှာ ငြိမ်းချမ်းရေလိုလားသူတိုင်း ဗုဒ္ဓတရားတော်ကို မျက်ကွယ်ပြု၍မရ ဟူသော သင်္ခန်းစာများ အသောက မင်းကြီးက သက်သေပြခဲ့လေသည်။ငြိမ်းချမ်းရေးကို ရှာဖွေတွေ့ရှိကာ အကောင်ထည်ဖော်ဆောင်ရွက်နေသော အသောကကို ကမ္ဘာသူကမ္ဘာသားလူအများက လေးစားကြည်ညို ကြသည်မဟုတ်ပါလော။ အသောက၏ ကြီးမားသောကျေးဇူးတရားကြောင့် ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များသည် မဇ္ဈိမဒေသရှိ သံဝေဇနိယဌာန နှင့် အ၀ိဇဟိတဌာနများကို သိရှိဖူးမြော်ခွင့် ရကြသည်သာဖြစ်သည်။ အသောက၏ကြီးမားသောစွမ်းဆောင်မှုကြောင့် ပါကစ္စတန်မှာ နှစ်နေရာ၊ အာဖကန်နစ္စတန်မှာ တစ်နေရာ၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့မှာ ဆယ့်သုံးနေရာမှ ကျောက်စာများကို မိမိ၏သာသနာပြုအမှတ်သင်္ကေတများအဖြစ် နောင်လာနောက်သားများအတွက် ချန်ထားရစ်ခဲ့လေသည်။ ထိုကျောက်စာများကို အိန္ဒိယအစိုးရမှ ခရစ်သက္ကရာဇ်-၁၉၅၆ ခုနှစ်တွင်၊ ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပေသည်။ အသောကသည် ထိုသို့သာသနာတော်အတွက် စွမ်းစွမ်းတမံ ပြုလုပ်ဆောင်ရွက်ရင်း အချိန်ကာလကြာညောင်း လာသည်နှင့်အမျှ မိမိ၏ကြီးကျယ်သော အလှူဒါန သာသနာနှင့်တိုင်းပြည် အတွက် ပေးဆပ်လိုက်ရသော မိမိ၏ကုသိုလ်ကောင်မှုအစုစုတို့ကို ပြန်လည်သတိရကာ ကလိင်္ဂစစ်ပွဲတွင် မိမိ မတရားကျူးကျော်သိမ်းပိုက်ခဲ့သော အဖြစ်အပျက်များ၊ အပြစ်မဲ့ပြည်သူများကို ကိုယ်ချင်းစာတရား မထားရှိဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပုံရိပ်များကို ထိုကောင်းမှုကုသိုလ်များနှင့်ပေးဆပ်ကာ မိမိ၏နှလုံးသားမှ ပြင်းထန်စွာခံစားနေရသောဝေဒနာတွေကို တစ်ပိုင်းတစ်စ သက်သာရာရစေသည်။ ကလိင်္ဂပြည်သူများအတွက် ငြိမ်းချမ်းရေးအသီးအပွင့်သည် အသောကမင်းကြီးကပင် အစပျိုးပေး လိုက်ခြင်းပေလော။ သို့တည်းမဟုတ် တိတ်ဆိတ်ငြိမ်သက်နေသော ကလိင်္ဂတိုင်းကို အသောကကြောင့် စစ်မီးတစ်ဟုန်းဟုန်းတောက်လောင် ရခြင်းပေလော။ မည်သို့ပင်ဆိုစေကာမူ အသောကကြောင့် တောက်လောင်နေသော စစ်မီးသည် အသောကကြောင့်တည်ငြိမ်အေးချမ်း သွားခြင်း မဟုတ်ပါလော။ ဆရတော် သံဃာတော်များထံမှ တစ်လုံးတစ်ပါဒမျှ နာကြားခဲ့သောတရားတော်သည် အသောက၏ဘ၀ကို အကောင်း ဘက်သို့ပြုပြင်ပြောင်းလဲကာ အိန္ဒိယ အင်ပါယာကြီးကို ငြိမ်းချမ်းရေးရသည်အထိ ဗုဒ္ဓ၏ တရားတော်များကို မိစ္ဆာဒိဋ္ဌိတွေ ရဲ့နှလုံးသားထဲ ထိုးဖေါက်ဝင်ရောက်သည်အထိ လမ်းပြအကျိုးဆောင် ပေးခဲ့တာ အသောကပင်မဟုတ်ပါလော။ ထို့ကြောင့် အထက်ကဆိုခဲ့သည့်အတိုင်း အသောကသည် ဘုရင်ထဲမှာ အကြီးမြတ်ဆုံဘုရင် အကြီးမြတ်ဆုံးလူသားဟူ၍ ခေါ်ဆိုထိုက်ပေသည်။ အသောကသည် ရတနာသုံးပါးအတွက် အသပြာငါးသိန်းနေ့စဉ်နှင့်အမျှလှူဒါန်းလေ့ရှိသည်။ ဤနည်းဖြင့် သာသနာတော်အား ထောက်ပံ့လှူဒါန်းလာခဲ့ရာ ကိုးဆယ့်ခြောက်ကုဋေအထိ ကောင်းမှုကုသိုလ်များ စိုက်ပျိုးခဲ့လေသည်။ အသောကသည် အနာထပိဏ်သူဌေးကြီး မဟာဒါနကိုအားကျ၍ အနာထပိဏ်သူဌေးကြီးလို ကုဋေတစ်ရာပြည့်အောင် လှူဒါန်းရန် ရည်မှန်းထားပါသော်လည်း မျှော်လင့်မထားသောနေ့တစ်နေ့တွင့် အနာရောဂါ များက အသောကမင်းကြီးထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတော့၏။ ထိုအနာရောဂါကြောင့် အသောကကို တစ်ဖန်သောကများစွာ ဖြစ်စေခဲ့လေသည်။ မြေပေါ်တစ်ယူဇနာ မြေအောက်တစ်ယူဇနာမျှ သြဇာအာဏာစက်ကြီးမားသော ဇမ္ဗူဒိပ်အရှင်သခင် အသောက သည် အာဏာရှင်ဘုရင်ဘ၀ကို ရုပ်သိမ်း၍ နိဂုံးချုပ်စေခဲ့သည်။ တစ်ချိန်တစ်ခါက ရေမြေပိုင်သ စူးရှလှသည့် ဘုရင်အသောက၏အာဏာစက်သည် ယခုအခါ သူတောင်းစား တစ်ယောက်၏စကား တစ်ခွန်းလောက်မျှပင် အရေးမပါအရာမရောက် အစွမ်းမထက်တော့သည့် အခြေအနေ မျိုး ဆိုက်ရောက်ခဲ့လေသည်။ သာသနာတော်အတွက် ကုဋေတစ်ရာလှူဒါန်းရန် ရည်မှန်းထားသော အသောက၏ရည်မှန်းချက်သည် ယခုအခါ အိန္ဒိယသမုဒ္ဒရာမှ တိုက်ခတ်လာသော လေပြေလေညှင်းလေး တွေနှင့်အတူ ပျိုလဲပျက်စီးခဲ့ရလေသည်။ အသောကမင်းကြီးသည် နောက်ဆုံးထွက်သက်ဖြင့် လောကကြီးအား ထာဝရနှုတ်ဆက်ကျောခိုင်း ထွက်ခွါရမည့် အခြေနေသို့ ရောက်သောအခါတွင် ငါပိုင်ဆိုင်သမျှသော စည်းဇိမ်ဥစ္စာတွေထဲမှ မရှိမဲ့ရှိမဲ့ ကျန်ရစ်ခဲ့သည့် ဤဇီးဖြူ သီးလေးတစ်ခြမ်းမျှကိုပင် သံဃာတော်အရှင်သူမြတ်တို့အား နောက်ဆုံးလှူဒါန်း ဆက်ကပ်ခဲ့ပါ၏ ဟူ၍ တိုးညှင်းသော လေသံ တုံရီနေသော လက်ချောင်းများဖြင့် သူ၏အလုပ်အကြွေးအား ထိုဇီးဖြူသီးတစ်ခြမ်းကိုပေး၍ ပြောဆိုလှူဒါန်း ခိုင်းပြီး မျက်ရည်မဲ့ငိုရှိုက်နေသော အသောက၏ နှလုံးသားသည် အသောက၏နောက်ဆုံးထွက်သက်နှင့်အတူ ပါးပြင်ထက်မှ မျက်ရည်စက်များစီးဆင်းကာ ကမ္ဘာမြေကြီးကို အပြီးပိုင်နှုတ်ဆက်ထွက်ခွါသွားလေတော့သည်။ အသောက၏နောက်ဆုံးထွက်သက်မှာ ကျခဲ့ရသသည့် မျက်ရည်သည် ကလိင်္ဂစစ်ပွဲကြောင့် မိမိကျူးလွန်ခဲ့သောပြစ်မှု များ ပြန်လည်သတိရ၍ ၀မ်းနည်းပူဆွေးခြင်းကြောင့် ကျခဲ့ရသောမျက်ရည်လော။ သို့မဟုတ် သာသနာတော်အတွက် ကိုးဆယ့်ခြောက်ကုဋေ အကုန်ကျခံကာ လှူဒါန်းခဲ့သော မိမိ၏အလှူဒါနကို ပြန် လည်အောင့်မေ့ပြီး ၀မ်းမြောက်ဝမ်းသာဖြစ်၍ စီးကျလာတဲ့မျက်ရည်လော။ သို့တည်းမဟုတ် အနာထပိဏ်သူဌေးကြီးလို ကုဋေတစ်ရာပြည့်အောင် လှူချင်ပါသော်လည်း မိမိဆန္ဒ မပြည့်ဝလို့ ယူကျုံးမရ ၀မ်းနည်းပြီး လျှံထွက်လာသော မျက်ရည်လော။ ဆိုသည်ကို စာဖတ်ပရိသတ်များ စဉ်းစားတွေးခေါ်ကြပေဦးတော့……………….။ အရှင်ပညာဒီပ(ပိုင်ကျုံ) နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ။
วันพุธที่ 30 ตุลาคม พ.ศ. 2556
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น