วันจันทร์ที่ 9 มกราคม พ.ศ. 2555
ကိုလံဘတ်ကြောင့် ဥရောပသို့ ကာလသားရောဂါရောက်ရှိခဲ့
The Messenger Journal — ဂန္ထ၀င်ခရီးသည်ကြီး ခရစ္စတိုဖာကိုလံဘတ်ဆိုလျှင် ကလေးကအစ သိသည်၊ ၁၅ ရာစုနှစ်တွင် အမေရိကတိုက် ကိုရှာဖွေတွေ့ရှိခဲ့ သူအဖြစ် လူ့သမိုင်းတွင် နေရာကောင်းကောင်းရထားသူလည်း ဖြစ်သည်။ သို့သော် ထိုခရီးသည်ကြီးကိုလံဘတ်ကြောင့် ဥရောပသို့ ကာလသားရောဂါရောက်ရှိခဲ့ရပါသည် ဆိုသောသတင်းများ ထွက်ပေါ်လာသည့်အခါတွင်တော့ တစ်ချိန်လုံးနာမည်ကောင်းနှင့်ကျော်ကြားခဲ့သော ကိုလံဘတ်ကြီး မျက်နှာပျက်စရာ ဖြစ်ခဲ့ရတော့သည်။
ကိုလံဘတ်နှင့် အဖွဲ့သည်ကမ္ဘာသစ်ကို စွန့်စားရှာဖွေခရီး ပထမအခေါက်ထွက်ပြီး ဥရောပသို့ ၁၄၉၂ တွင် ပြန်ရောက်ကြသည်။ ဆေးမှတ်တမ်းများအရ ၎င်းတို့ပြန်ရောက်ပြီးနောက် သုံးနှစ်အကြာ ၁၉၄၅ တွင် ဥရောပ၌ ကာလသားရောဂါ စတင်ဖြစ်ပွားလာကြောင်း တွေ့ရသည်။ ကိုလံဘတ်ခေတ် ရှေ့ပိုင်းတောက်လျှောက် ဥရောပတွင်ကာလသားရောဂါဟု၍ မရှိခဲ့၊ သို့ဖြစ်သောကြောင့် ဥရောပသို့ကာလသားရောဂါ သယ်ဆောင်လာသူမှာ ကိုလံဘတ်မှ တပါးအခြားမရှိလို့ စွပ်စွဲလာကြသည်။
ကိုလံဘတ်ကြောင့် ဥရောပသို့ ကာလသားရောဂါရောက်ခြင်း ဟုတ်မဟုတ်ကို ဆေးပညာ အသိုင်းအ၀ိုင်းများကြား အငြင်းပွားစရာတစ်ခု အဖြစ် နှစ်ပေါင်းများ စွာရှိခဲ့သည်၊ မည်သည့်ဘက်ကမှ အထောက်အထားခိုင်လုံအောင် မပြနိုင်သဖြင့် မရေမရာဖြစ်နေခဲ့သည်။ သို့သော် ယခုအခါ အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ မော်လီဇူကာမန်၊ အီမိုရီ တက္ကသိုလ်မှ ဂျော့အာမီလာဂို့စ်၊ ကိုလမ်ဘီယာ တက္ကသိုလ်မှခရစ်စတင်ဟာပါတို့သုံးဦးပေါင်းပြီး ကိုလံဘတ်ရှေ့ကသမိုင်းဝင်ဆေးမှတ်တမ်း ၅၄ စောင်ကို အသေးစိတ်လေ့လာခဲ့ကြရာ မည်သည့်ဆေးမှတ်တမ်းတွင်မှ ကာလသားရောဂါနှင့်ပတ်သက်သည်ကို မတွေ့ရကြောင်းနှင့် ကိုလံဘတ်ခေတ်နောက်ပိုင်းဆေးမှတ်တမ်းများတွင်သာ ကာလသားရောဂါများအများအပြား ပါဝင်လာသည်ကို တွေ့ခဲ့ရကြောင်းသိရသည်။
“ သေချာပြောနိုင်တာတစ်ခုက ကိုလံဘတ်ခေတ် ရှေ့ပိုင်းတစ်လျှောက်ကာလသားရောဂါနဲ့ ပတ်သက်တဲ့ ဆေးမှတ်တမ်းအထောက်အထား လုံးဝမတွေ့ပါဘူး၊ ဒါကြောင့် ကိုလံဘတ်ကသာ ဥရောပကို ကာလသားရောဂါစတင်သယ်ဆောင်လာသူလို့ ပြောရမှာပါပဲ “ ဟု ၎င်းတို့သုံးဦးက American Journal of Anthropology ပညာရပ်ဆိုင်ရာဂျာနယ်တွင် ရေးသားဖော်ပြထားသည်။
သန်းထိုက်စိုး ( The Messenger ဂျာနယ် )
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น