วันจันทร์ที่ 9 มกราคม พ.ศ. 2555

ဓာတုဗေဒဆံပင်ဆိုးဆေးများ၏ အန္တရာယ်


7 days News Journal — မိမိတွင်မရှိသည့် အရာအားလိုချင်တပ်မက်သည့်စိတ်ရှိကြသည်မှာ လူတို့၏ ပင်ကိုဗီဇသဘောပင် ဖြစ်သည်။အသားဖြူသူသည်ညိုသည့်သူကို သဘောကျကာ မိမိတို့အသားအား မညိုညိုအောင်နေလှန်းကာကြေးနီရောင်ပေါက်လာစေရန် ပြုမူကြသည့် အနောက်တိုင်းသားများကား သာဓကပင်ဖြစ်သည်။
ထို့အပြင် မျိုးဗီဇသ ဘောအရ အရှေ့တိုင်းသူ၊ အရှေ့တိုင်းသားများသည် အနက်ရောင်ရှိသည့် ဆံကေသာကို ပိုင်ဆိုင်ကြပြီး အနောက်တိုင်းသားများသည် ရွှေအိုရောင်ရှိသည့်ဆံကေသာကို ပိုင်ဆိုင်ကြသည်မှာ ယေဘုယျအားဖြင့် မှန်ကန်သည့်သဘာဝပင်ဖြစ်သည်။သို့သော်လူတို့၏သဘာဝအရမိမိတွင်မရှိသည့်အရာကိုမှ အလှတရားဟုထင်လေ့ရှိကြရာ ဆံကေသာအနက်ရောင်ပိုင်ဆိုင်ထားကြသည့် အရှေ့တိုင်းသူ၊အရှေ့တိုင်းသားများသည် အနောက်တိုင်းသားများကဲ့သို့ ရွှေအိုရောင် ဆံကေသာကိုပိုင်ဆိုင်လိုကြသည်။ သဘာဝတရားအရမဖြစ်နိုင်သည့်အခါတွင် ဖန်တီးမှုအလှတရားများအဖြစ် မိမိတို့၏ ဆံကေသာအား အရောင်ခြယ်ပစ္စည်းများအသုံးပြုကာ မိမိတို့လိုချင်သည့် ဆံပင်ပုံစံကို ပုံဖော်ယူလာကြသည်။

ထိုအခါတွင် ဆံပင်ဆေးဆိုးသည်ဟူသည့် အလေ့အထတစ်ရပ်လူငယ်ထုကြားတွင်ခေတ်တစ်ခေတ်ဆန်းလာတော့သည်။ တကယ်တန်း ဆံပင်ဆေးဆိုးသည့်အလေ့အထ သည် အထူးအဆန်း တော့မဟုတ်ပင် ဟိုးရှေးယခင်ကပင် အသက်အရွယ် အိုမင်းသူများက မိမိတို့၏ဇရာကို ဖုန်းကွယ်ရန်အတွက် ဆံပင်အနက်ဆေးဆိုးခြင်းသည် လူကြီးအသိုင်းအ၀ိုင်းတွင် ခေတ်စားလျက်ရှိသည့် အလေ့အထတစ်ခုပင်ဖြစ်သည်။ သို့သော်နောက်ပိုင်းတွင် အလှအပအားမက်မောသည့် ခေတ်ကာလ
သားပျို၊သမီးပျိုများကပါ မိမိတို့တွင်ရှိသည့် မူလဆံပင်အရောင်ဖြင့် ရောင့်ရဲ တင်းတိမ်နိုင်ခြင်းမရှိတော့ဘဲ အခြားသော အရောင်များပါသည့် ဆံပင်ဆိုးဆေးများအား အသုံးပြုလာကြတော့သည်။

ဆံပင်ဆိုးဆေးများသည် လူတို့ပြုလုပ်ဖန်တီးထားသည့်အရာများဖြစ်သည့် အားလျော်စွာသဘာဝကိုအခြေခံသည့် ဆံပင်ဆိုးဆေးများရှိသကဲ့သို့ ဓာတုဗေဒပစ္စည်းများကို အခြေခံသည့် ဆိုးဆေးများလည်းရှိကြသည်။ဓာတုဗေဒကို အခြေခံသည့်ဆိုးဆေးများသည် သဘာဝပစ္စည်း မဟုတ်သည့်အတွက် သုံးစွဲသူနှင့်ဓာတ်မတည့်သည့်အခါတွင် ဘေးဥပါဒ်ဖြစ်စေကြောင်း ကျန်းမာရေးပညာရှင်များကဆိုသည်။ဓာတုဗေဒဆံပင်ဆိုးဆေးများသည် ရေနံဓာတုအား အခြေခံ၍ထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း Fame ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီမှ မန်း နေးဂျင်းဒါရိုက်တာ ဒေါက်တာခင်မောင်လွင်ကပြောသည်။

ဆံပင်ဆိုးဆေးများအား ယာယီဆိုးဆေး၊ ခေတ္တခံဆိုးဆေးနှင့် ကြာရှည်ခံဆိုးဆေးဟူ၍သုံးမျိုးခွဲခြားနိုင်ကြောင်းသိရသည်။ယာယီဆိုးဆေးသည်ခဏတာသာ အသုံးပြု၍ရသည့် ဆိုးဆေးဖြစ်သဖြင့် ချုပ်ဆေးမပါသဖြင့်ဓာတုဗေဒပစ္စည်းများ ပါသည့်တိုင်လူကိုအန္တရယ်ပြုနိုင်ချေနည်းပါးကြောင်း သိရသည်။
သို့သော် သုံးစွဲသူ၏ အရေပြားနှင့် ဓာတ်မတည့်ပါက အရေပြားနှင့်ထိမိလျှင် ဓာတ်မတည့်မှု၏ လက္ခဏာများဖြစ်သည့် အဖုများထခြင်းများဖြစ်ပေါ်နိုင်သည်။
ခေတ္တခံဆိုးဆေးသည်ဆံပင်၏ အပေါ်ယံအလွှာ အားကြမ်းစေကာ ဆံပင်အသားတွင် အပေါက်လေးများဖြစ်ပေါ်စေပြီး ဆိုးဆေးစိမ့်ဝင်စေသည့် နည်းပညာဖြင့်ပြု
လုပ်ထားသဖြင့် ယာယီဆိုးဆေးနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အန္တရာယ်ပိုရှိနိုင်ကြောင်း သိရသည်။ကြာရှည်ခံဆိုးဆေးတွင်မူဆံပင်တွင် ဆေးများ ကြာရှည်ခံစေရန်အတွက် ဓာတုဗေဒဆေးများနှစ်မျိုး၊သုံးမျိုးတွဲဖက်အသုံးပြုထားသည့်အတွက် လူအားအန္တရာယ်ဖြစ်စေနိုင်မှုအများဆုံးဖြစ်ကြောင်းသိရသည်။
ကြာရှည်ခံဆိုးဆေးတွင်ပါဝင်သည့် ဓာတုဗေဒပစ္စည်းတစ်မျိုး ဖြစ်သည့် အမိုးနီးယားသည် သုံးစွဲသူနှင့် ဓာတ်မတည့်ပါက အဆိုပါအမိုးနီးယားကြောင့် ခေါင်းကိုက်
ခြင်း၊ အမိုးနီးယားအခိုးအငွေ့များ မျက်စိထဲဝင်ပါက မျက်စိတွင် ပျားတုတ်သကဲ့သို့ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း အသက်ရှူလမ်းကြောင်းအတွင်းသို့ အမိုးနီးယားများဝင် ရောက်သွားပါက အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါက်တာခင်မောင်လွင်ကပြောသည်။

သို့သော် ယခုနောက်ပိုင်းတွင်မူ အမိုးနီးယားမပါသည့် ဓာတုဗေဒ ဆံပင်ဆိုးဆေးများလည်းပေါ်ထွက်လာပြီဖြစ်ကြောင်း သိရသည်။ အလားတူ ဓာတုဗေဒ ဆိုး
ဆေးများတွင် အမိုးနီးယားနည်း တူပါဝင်သည့် ဓာတုဗေဒပစ္စည်းတစ်ခုမှာ PPD ဟုခေါ်သည့် ဓာတုဗေဒပစ္စည်းတစ်မျိုးပင်ဖြစ်သည်။ အဆိုပါ PPD ၏ ဓာတ်
မတည့်မှုများသည် အမိုးနီးယားကဲ့သို့ဖြစ်သော်လည်း ပိုဆိုးသည်မှာ ယင်းဓာတုဗေဒပစ္စည်းနှင့် ထိတွေ့မှုများလာပါက ကင်ဆာရောဂါအထိဖြစ်ပွားနိုင်ကြောင်း သိရသည်။
PPD ကြောင့်ဖြစ်ပွားသည့် ကင်ဆာရောဂါများတွင် ဆီးအိမ် ကင်ဆာသည် အဖြစ်များကြောင်း သိရသည်။ဆီးအိမ်ကင်ဆာဖြစ် သည့်အကြောင်းအရင်းမှာ အဆို ပါ PPD သည်ဆံပင်သားအတွင်း မှတဆင့် ခန္ဓာကိုယ်အတွင်းသို့ဝင် ရောက်လာပြီး ဆီးအိမ်မှစွန့်ထုတ်ရာတွင် စွန့်မထုတ်မီ၌ဆီးအိမ်အ တွင်းခေတ္တသိမ်းဆည်းထားရာ PPD များသည်ဆီးအိမ်အတွင်းရှိ နံရံများအား ကင်ဆာဖြစ်စေရန် လှုံ့ဆော်သောကြောင့် ဖြစ်သည် ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။
အလားတူ အခြားဖြစ်ပွား နိုင်သည့်ကင်ဆာများမှာ အမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ် ပွားနိုင်ပြီး အခြားကင်ဆာများမှာ သွေးကင်ဆာ၊ပြန်ရည်ကျိတ်ကင်ဆာ များလည်းဖြစ်ပွားနိုင်ကြောင်း သိရသည်။

အဆိုပါကင်ဆာရောဂါများ အပြင် ဓာတုဗေဒဆိုးဆေးများ တွင်ပါဝင်သည့် ကတ္တရာကြောင့်ဦးရည်ပြားနှင့်ဓာတ်မတည့်ပါက ဆေးဆိုးပြီးဆယ်ရက်ခန့်အကြာ တွင် ဦးရည်ပြားတွင် အဖတ်လန်ခြင်းများဖြစ်ပွားနိုင်ကြောင်း သိရသည်။ အလားတူ အနီရောင်ခြယ် ပစ္စည်းတွင်ပါဝင်သည့် ဓါတုဗေဒပစ္စည်းကြောင့်လည်း သွေးကြော၊ အာရုံကြောနှင့်ဆိုင်သည့် ရောဂါ များဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။

အဆိုပါဓာတုဗေဒပစ္စည်းကြောင့် လူငယ်များတွင် မှတ်ဥာဏ်နိမ့်ခြင်း၊ဦးနှောက်ဥာဏ် ရည်ဥာဏ်သွေးကျဆင်းခြင်းများ ဖြစ်ပွားနိုင်ပြီး လူကြီးများတွင်မူနှလုံးသွေးကြော ကျဉ်းခြင်း၊နှလုံး ရောဂါဖြစ်ပွားနိုင်ခြင်းများရှိကြောင်းဒေါက်တာခင်မောင်လွင်က ပြောသည်။ ထို့ကြောင့် ဆံပင်ဆိုးဆေး များအသုံးပြုမည်ဆိုပါက မိမိ၏ အရေပြားနှင့် တည့်မတည့်အရင် စစ်ကြည့်ပြီးမှအသုံးပြုသင့် ကြောင်းဒေါက်တာခင်မောင်လွင်ကအကြံပြုပြောကြားသည်။

ဒါန်း၊ရှားစောင်းလက်ပတ်၊ လက်ဖက်စိမ်း၊ ဘလူးဘယ်ရီ၊ဂျင်စင်းအစရှိသည့် သဘာဝပစ္စည်းများ ဖြင့်ပြုလုပ်ထားသည့် ဆံပင်ဆိုးဆေးများအား အသုံးပြုနိုင်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။သို့သော် သဘာဝပစ္စည်း သည်ပင် ဓာတ်မတည့်မှုဖြစ်ပွား နိုင်သဖြင့် အသုံးမပြုမီ အရင်စမ်း သပ်သင့်ကြောင်း သိရသည်။ ဆံ ပင်ဆိုးဆေးတစ်ခုအား စမ်းသပ်မည်ဆိုပါက မိမိနှင့် အဆင်ပြေမပြေသိနိုင်ရန် ၄၈ နာရီခန့်အချိန်ယူရကြောင်း သိရသည်။

0 ความคิดเห็น:

แสดงความคิดเห็น