တရုတ်နှင့် ရုရှားတို့သည် အမေရိကန် ကုမ္ပဏီများမှ စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်များရရှိရန် အင်တာနက် သူလျှိုလုပ်ငန်းအား လုပ်ဆောင်ရာတွင် အများဆုံးဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု၏ ထောက်လှမ်းရေး အစီရင်ခံစာ တစ်ခုတွင် ဖေါ်ပြသည်။
အမေရိကန် ပြည်ထောင်စု အမျိုးသား တန်ပြန်ထောက်လှမ်းရေး (counterintelligence)အရာရှိဖြစ်သူ ရောဘတ် ဘရိုင်းယာ့ထ် (Robert Bryant)က ပြောရာတွင် အင်တာနက် သူလျှိုလုပ်ငန်းသည် ကျွန်ုပ်တို့အတွက် တိတ်တဆိတ် အန္တရာယ်ရှိသည်။
တရုတ်နှင့် ရုရှား သံရုံးများမှ ယင်းစွပ်စွဲချက်အား ငြင်းဆိုခဲ့သည်။ အစီရင်ခံစာ၏ ခေါင်းစဉ်မှာ “Foreign Spies Stealing US Economic Secrets in Cyberspace” ဖြစ်ပြီး တရုတ်နိုင်ငံမှ စတင်သော ကွန်ပျူတာ ကွန်ယက်တွင်းသို့ ထိုးဖောက်ဝင်ရောက်မှုများ များစွာရှိသည်ဟု ပုဂ္ဂလိက ကုမ္ပဏီများနှင့် အင်တာနက် လုံခြုံရေး ကျွမ်းကျင်သူများက အစီရင်ခံကြကြောင်း အစီရင်ခံစာတွင် ပါသည်။
သို့ရာတွင် ထိုသို့ ကွန်ပျူတာ ကွန်ယက်တွင်းသို့ ထိုးဖောက်ဝင်ရောက်မှု လုပ်ဆောင်နေသူများအား နောက်ယောင်ခံပြီး ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။ မိမိတို့ပိုင်ဆိုင်သော သတင်း အချက်အလက်များအား တရုတ် ဟက်ကါများ (Chinese hackers)လက်သို့ ဆုံးရှုံးခဲ့သည်ဟု ဂူဂယ်လ် (Google) မှ ၂၀၁၀ ခုနှစ်တွင် ပြောသည်။
ကွန်ပျူတာ ကွန်ယက်တွင်းသို့ ထိုးဖောက်ဝင်ရောက်မှုများ လုပ်ဆောင်နေသူများထဲတွင် တရုတ်နိုင်ငံမှ အရေအတွက် အများဆုံးဖြစ်ပြီး ရုရှားနိုင်ငံမှ အရေအတွက်မှာ ဒုတိယ ဖြစ်သည်။ ရုရှားသည် ခပ်လှမ်းလှမ်းမှ ဒုတိယ လိုက်နေသော်လည်း ရုရှားမှလာသော တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်ပြီး ပို၍ ပညာသား ပါသည်ဟု အစီရင်ခံစာတွင် ထပ်မံ ဖော်ပြထားသည်။
အစီရင်ခံစာ၏ ထူးခြားချက်မှာ လုပ်ငန်းနှင့် ကုန်သွယ်ရေး လျှို့ဝှက်ချက်များ၊ ကိုယ်ပိုင်သတင်းအချက်အလက်များ၊ နည်းပညာများအား အင်တာနက်မှ ရှာဖွေစုဆောင်းနေကြောင်း မသင်္ကာရသော လူများ၏ နိုင်ငံအား အတိအလင်း ဖော်ပြထားခြင်း ဖြစ်သည်။
အင်တာနက်ပေါ်တွင် သူလျှိုလုပ်ငန်းလုပ်ခြင်း (cyber-spying)နှင့် ပတ်သက်၍ မသင်္ကာခံရသော နိုင်ငံများထဲမှ ရုရှားနှင့် တရုတ် နှစ်နိုင်ငံအား ရွေးထုတ်၍ အမည်နှင့် ဖော်ပြရခြင်းမှာ ထိုနှစ်နိုင်ငံမှ ခြိမ်းခြောက်မှု ပို၍များသောကြောင့် ဖြစ်သည်။
วันพุธที่ 4 มกราคม พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น