วันอาทิตย์ที่ 6 พฤษภาคม พ.ศ. 2555

Self determination ကိုယ်ပိုင်ပြဌာန်းခွင့်

ဖါးစည်သံ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အရှင်းဆုံး အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ပြည်ပမှ ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိကြမ္မာ မိမိဘာသာဆုံးဖြတ်ပိုင်ခွင့် ဖြစ်သည်။ ကရင်အမျိုးသားအလံတော်

မည်သို့ဆိုစေကာမူ (၁၈)ရာစုတွင် စတင်အသုံးပြုချိန်မှစ၍ ၎င်းဝေါဟာရကို အမျိုးမျိုး အသုံးပြုကြသည်။ နိုင်ငံရေးဆွေးနွေးပွဲ သို့မဟုတ် စာရွက်စာတမ်းများတွင် မိမိဆိုလိုစေချင်သော အဓိပ္ပါယ်ထွက်ရန် တိကျရှင်းလင်းစွာ ရေးသားရပေမည်။ ဤစကားလုံးစုအပေါ် မတူညီသော အဓိပ္ပါယ်ဖွင့်ဆိုမှုအချို့မှာ--- ၁။ လွတ်လပ်သောရွေးကောက်ပွဲနည်းဖြင့် လူထုမှ မည်သည့်နိုင်ငံ၏ အုပ်ချုပ်မှုကို ခံယူလိုသည်ကို ဆုံးဖြတ်နိုင်ခွင့် ဤဖြစ်ရပ်ကို စစ်ပွဲနှင့် အခြားပြိုကွဲမှုများဖြစ်ပေါ်အပြီး နိုင်ငံတကာနယ်နိမိတ်များတွင် အပြောင်းအလဲဖြစ်တတ်သည့် အချိန်များတွင် တွေ့ရသည်။ ၂။ ယေဘူယျ ဒီမိုကရေစီနည်းလမ်းဖြင့် နိုင်ငံအုပ်ချုပ်သူများကို ရွေးချယ်ခြင်း။ ၃။ ကိုလိုနီနိုင်ငံများအနေဖြင့် အုပ်စိုးသောနိုင်ငံထံမှ လွတ်လပ်ရေးကို ရရှိပိုင်ခွင့်။ ၄။ လူမျိုးစု လူနည်းစုများအခွင့်အရေး (သို့မဟုတ် ဘာသာရေးအရ လူနည်းစုများ၊ ဥပမာ-ဂျူးလူမျိုး)တို့သည် သီးခြားနိုင်ငံထူထောင်ပိုင်ခွင့် သို့မဟုတ် တခြားနိုင်ငံရှိ လူမျိုးဘာသာတူများနှင့် သွားရောက်နေထိုင်ခွင့်ရှိခြင်း။ ၅။ မိမိနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများကို ပြည်ပနိုင်ငံခြားအာဏာတခု၏ ၀င်ရောက်စွက်ဖက်မှုမပါဘဲ အုပ်ချုပ်ပိုင်ခွင့် ။ ယင်းကို ကြားဝင်မစွက်ဖက်ရေးဝါးဒဟု ခေါ်ဆိုကြသည်။ ကရင်အမျိုးသား တော်လှန်ရေးဖခင်ကြီး အာဇာနည်စောဘဦးကြီး
ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသောဝေါဟာရသည် ပြင်သစ်တော်လှန်ရေးကာလ (၁၇၈၃)ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည်ဟု ယူဆကြသော်လည်း သမ္မတ၀ီလ်ဆင်(အမေရိက)နှင့် လီနင်(ရုရှ)တို့ လက်ထက်တွင် ခေတ်ပေါ်နိုင်ငံရေးအသုံးတရပ်အဖြစ် ခေတ်စားလာခဲ့သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ စစ်ရှုံးသွားသော အင်အားကြီးသြစတြီးယား၊ ဂျာမန်နှင့်တူရကီအင်ပါယာကြီးများကို သေးငယ်သောနိုင်ငံကလေးများအဖြစ်သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်စေရန် ကြိုးစားရာတွင် သမ္မတ၀ီလ်ဆင်က ဤစကားကို အသုံးပြုခဲ့သည်။ ဤသဘောတရားသည် အနောက်အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်နှင့် ဗြိတိန်သို့တိုင် ဂယက်ရိုက်ခတ်သွားလေသည်။ ရုရှမဟုတ်သောလူမျိုးများ ဆိုဗိယက်ပြည်ထောင်စုတွင် ပါဝင်မှု တရားနည်းလမ်းကျစေရန်အတွက် ယင်းစကားရပ်ကို လင်နင်က အသုံးပြုခဲ့ရာတွင် လူမျိုးတိုင်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြည်နယ်များအဖြစ်ဖြင့် ဆိုဗီယက်ပြည်ထောင်စုကြီးအတွင်း ပါဝင်နေခြင်းဖြစ်သည်ဟု ဖွင့်ဆိုခဲ့လေသည်။ နောင်တွင် ဟစ်တလာသည်လည်း ဂျာမန်အင်ပါယာ ကြီးထွားလာရေးအတွက် ၎င်းတို့၏ နယ်နိမိတ်နှင့်နီးစပ်သော ဂျာမန်လူမျိုးများ နေထိုင်သော နေရာများကို သိမ်းသွင်းနိုင်ရန် အသုံးပြုခဲ့သည်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဟူသော ဝေါဟာရသည် ဆိုဗီယက်ပြည်ထောင်စု USSRက ကုလသမဂ္ဂပဋ္ဋိညာဉ်စာချုပ်(၁၉၄၅)ထဲတွင် ထည့်သွင်းရန် အဆိုမပြုသည့်အချိန်အထိ တရားဝင်သတ်မှတ်ချက် အသေအချာ မရှိခဲ့ပေ။ ကွဲပြားသောအဓိပ္ပါယ် ထွက်ဆိုချက်များကြောင့် ကြာရှည်စွာ ငြင်းခုံကြပြီးနောက်ပိုင်း ၎င်းစကားရပ်ကို အချင်းချင်းလေးစားမှုပေါ်အခြေခံပြီး ပြည်နယ်အချင်းချင်း ရင်နှီးစွာပူးပေါင်ခြင်း ဆိုလိုသည်မှာ တစ်ဦး၏အတွင်းရေးကို တစ်ဦးက ၀င် ရောက်မစွက်ဖက်ရေးဟု ယေဘုယျအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသည်။
နိုင်ငံတကာဥပဒေတွင်မူ ကိုယ်ပိုင်ပြဌာန်းခွင့်သည် ကိုလိုနီပြုခံရသူများမှ ၎င်းတို့၏ နိုင်ငံအဆင့်အတန်းကို ရွေးချယ်ခွင့် ဟူသော ဥပဒေဆိုင်ရာ အခြေခံမူ ဖြစ်သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုကို အခြားနိုင်ငံတခုမှ ကျူးကျော်ခြင်း၊ သိမ်းပိုင်ခြင်းများကို ဆန့်ကျင်သည့် အခြေခံမူအဖြစ်လည်း သုံးစွဲခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဒီမိုကရေစီမရှိသော အာဏာရှင်ဆန်သော နိုင်ငံများ ကုလသမ္မတွင်ရှိနေခြင်းသည်ကပင်လျှင် ပြည်သူလူထုက မိမိ၏အုပ်ချုပ်သူကို ဒီမိုကရေစီနည်းကျ ရွေးချယ်ခွင့်ရှိသည် ဆိုသည့် အခြေခံမူအပေါ် ထောက်ခံမှုများစွာ မရရှိသေးသည်ကို ဖေါ်ပြနေပေသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်စကားစုကို လူမျိုးစုလူနည်းစုနှင့် အခြားလူနည်းစုများ၏ လွတ်လပ်ရေးအခွင့်အရေးအဖြစ် သုံးစွဲရာတွင်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်း၌ ကျယ်ပြန့်သောလက်ခံမှုကို မည်သည့်အခါမျှ မရရှိသေးချေ။ ဤသည်မှာလည်း အဖွဲ့ဝင်နိုင်ငံအများအပြားမှာ ၎င်းတို့နိုင်ငံများ၌ လူမျိုးစုလူနည်းစု ပြဿနာများရှိနေပြီး ဤပြဿနာကို ပိုမိုဖေါင်းပွဆိုးဝါးမှု မဖြစ်စေလိုသောကြောင့် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုလျှင် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဥပဒေအခြေခံမူအဖြစ် ရှိနေသည်ဟု ဆိုနိုင်သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအတွင်းရှိ အင်အားကြီးနိုင်ငံများအနေဖြင့် (အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ ရုရှား၊ တရုတ်) လက်တွေ့တွင် သတိကြီးစွာထားပြီး သုံးနေကြသည်။ ဥပမာအားဖြင့် ပါလက်စတိုင်းလူမျိုးများ၏ပြဿနာတွင် သြဇာကြီးသော ဂျူးများ၏ စည်းရုံးစွဲဆောင်မှုကို အမေရိကန်မှ လိုက်လျောနှစ်သိမ့်လိုခြင်းကြောင့်နှင့် အီရီထရီးယားနိုင်ငံပြဿနာတွင် ရုရှားနှင့်နယ်နမိတ်ခြင်း နီးစပ်နေသော ဆိုမာလီးယားကို ကြားခံနယ်မြေအဖြစ် အသုံးပြုလိုသော အနောက်နိုင်ငံအုပ်စုများ၏ သဘောထားကြောင့် ၎င်းကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမူမှာ လုံးဝ လစ်လျူရှုထားခြင်း ခံနေရသည်။ နိုင်ငံတခု၏ လူထုအနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည်ဟု လက်ရှိအနေအထားတွင် ခြုံငုံ၍ ပြောနိုင်ပေသည်။ လူထုတရပ်အနေဖြင့် ၎င်းတို့၏အစိုးရကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းကို ဆိုလိုသည်။ သို့သော် လူမျိုးစုလူနည်းစုနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုများအနေဖြင့် ခွဲထွက်ပိုင်ခွင့်ရှိသည် ဆိုသည်ကို နိုင်ငံအတော်များများမှ ကျယ်ပြန့်သော သဘောတူညီမှုမရှိသေးချေ။ ဤတောင်းဆိုမှုမျိုးကို ဘောင်မ၀င်ဟူ၍ပင် ယေဘူယျယူဆကြသည်။ သို့သော် အချုပ်အခြာအာဏာပိုင်အတွင်း ဌာနေတိုင်းရင်းသားမျးအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစုံတရာ ရသင့်သည်ဆိုသည်ကိုမူ ထောက်ခံမှုများ ရှိလာသည်။ နိုင်ငံရေးဝေါဟာရအမှတ်စဉ်(၂)စာအုပ်မှ ကောက်နှုတ်ဖေါ်ပြသည်။ ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น