วันจันทร์ที่ 7 พฤษภาคม พ.ศ. 2555

စစ်ရာဇ၀တ်မှု

ဖါးစည်သံ

စစ်ရာဇ၀တ်မှုကို စစ်ဘက်ဆိုင်ရာဓလေ့ထုံးစံများအရ စစ်ပွဲကာအတွင်း အရပ်သားများကို အကာအကွယ်ပေးရန် ပြုလုပ်ထားသော ဥပဒေများကို ချိုးဖေါက်မှုအဖြစ် လက်ခံထားကြသည်။ တစ်စုံတစ်ယောက်က စစ်ပွဲအတွင်းပါဝင်သည့် နိုင်ငံတကာဥပဒေများကိုဖြစ်စေ သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေများကိုဖြစ်စေ ဆန့်ကျင်မှုများကို စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်ကြသည်။ ထိုစစ်ရာဇ၀တ်မှုများကို စစ်သားဖြစ်စေ၊ စစ်အတွင်းပါဝင်သော သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံသား၊ အရပ်သားများကဖြစ်စေ၊ ကြားနေနိုင်ငံတခု၏ နိုင်ငံအရပ်သားများကဖြစ်စေ ကျူးလွန်လျှင် အပြစ်ပေးခံရမည် ဖြစ်သည်။ ထိုစစ်ရာဇ၀တ်မှုများကို နိုင်ငံတကာစစ်ပွဲ၌ ဖြစ်စေ၊ ပြည်တွင်းစစ်ပွဲ၌ ဖြစ်စေ တူညီစွာ ပြဌာန်းကျင့်သုံးကြသည်။ ဒုက္ခသည်များကိုလည်း ထိုသို့သောစစ်ပွဲများအတွင်း လူမဆန်သောစစ်ရာဇ၀တ်မှုများ ကျူးလွန်မှုကို မခံရလေအောင် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးထားပါသည်။ ဂျာမန်နှင့်ဂျပန်လူမျိုးများကို ၎င်းတို့ကျူးလွန်ခဲ့သောစစ်ရာဇ၀တ်မှုအတွက် သေဒဏ်(သို့မဟုတ်)ထောင် ဏ်နှစ်ရှည်ပေးခဲ့သည့် ဒုတိယကမ္ဘာစစ်ပြီးချိန်မှစပြီး နိုင်ငံတကာတရားရုံး၌ စစ်ရာဇ၀တ်သားများကို အပြစ်ပေးသည့် လက်တွေ့ဆောင်ရွက်မှုမှာ မကြာသေးသော်လည်း နိုင်ငံများအခြေအနေနှင့် စစ်ကျင့်ဝတ်ဥပဒေကို လိုက်နာရမည်ဆိုသည့်အတွေးအခေါ်မှာ အသစ်တော့မဟုတ်ချေ။ သမိုင်းကြောင်းအရ ရာဇ၀တ်ပြစ်မှုဟူသည်ကို နောက်ကြောင်းပြန်ကြည့်ပါက အမေရိကန်စစ်ရုံးက အမေရိကန်ပြည်တွင်းစစ်အတွင်း မိမိတို့၏တိုက်ပွဲဝင် တပ်ဖွဲ့များအတွက် လိုက်နာရန်စည်းကမ်းဥပဒေများကို ၁၈၆၃ ခုနှစ်တွင် ရေးဆွဲစဉ်က စခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးသောအခါ၌ ဂျူးများအပေါ် ဂျာမန်တို့က အစုလိုက်အပြုံလိုက်သတ်မှုနှင့် စစ်သုံ့ပန်းများအပေါ် ဂျပန်တို့၏ ရက်ရက်စက်စက် မတော်မတရား ပြုခဲ့မှုများအပေါ် လူအများစုက မနှစ်မြို့ဘဲ ခံစားခဲ့ကြရသည်။ ထိုပြစ်မှုမျိုးများမှာ သာမန်အကြမ်းဖက်မှုနှင့် တိုက်တွဲတခုအတွင်း သတ်ဖြတ်မှုတိုံထက် ဘောင်ကျော်သည်ဟု ယူဆကြသည်။ ထိုဘောင်ကျော်၍ ကျူးလွန်သူများကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေး ရုံးတင်တရားစွဲကာ အပြစ်ပေးသင့်သည်ဟု ယူဆကြသည်။
၁၉၄၈ ခုနှစ်တွင် နိုင်ငံတကာတရားရုံး သဘာပတိအဖွဲ့တခုသည် ဂျာမန်နိုင်ငံနုရင်ဘတ် Nurem berg ၌ နိုင်ငံတကာစစ်ရာဇ၀တ်မှုများ အထူးတရားရုံးကို တည်ထောင်ခဲ့သည်။ မသေပဲ ကျန်ရှိနေသေးသော ဂျူးများနှင့် စစ်အကျဉ်းသားများ၏ အစစ်ခံချက်များအပေါ် အခြေခံကာ သိသာသောပုဂ္ဂိုလ်များ အထူးသဖြင့် အဆင့်မြင့်အရာရှိကြီးများကို စစ်ဆေးကာ အပြစ်ပေးခဲ့သည်။ များစွာသောစစ်ဗိုလ်ချုပ်ကြီးများမှာ ကြိုးပေးခြင်းခံရသည်။ ဤတရားရုံးသည် အဆိုပါဆောင်ရွက်မှုများကို ကမ္ဘာတ၀ှမ်းတွင်ရှိသော စစ်ပွဲများ၌ ပါဝင်ခဲ့သူပုဂ္ဂိုလ်များအတွက်လည်း ထားရှိသည်။ ဥပမာ ယူဂိုဆလားဗီးယားပြည်တွင်းစစ်တွင် ဘက်ပေါင်းစုံမှ နိုင်ငံရေးသမားများနှင့်စစ်ဖက်ပုဂ္ဂိုလ်များကို မုဒိန်းမှု၊ ညှင်းပမ်းမှုနှင့် လူမျိုးရေးမျိုးပြုတ်စေမှုဖြင့် လက်ရှိကာလတွင် ရုံးတင်စစ်ဆေးလျှက်ရှိသည်။
လူသားမဆန်သော ရာဇ၀တ်များဟူသော စကားရပ်ကို စစ်ရာဇ၀တ်များဟူသော အဓိပ္ပါယ်နှင့် အတူတူပင် အသုံးပြုကြသည်။ ယင်း အဓိပ္ပါယ်မှာ စစ်ပွဲအတွင်း အလွန်ဆိုးဝါးသော ပြစ်မှုများ ဥပမာ- မျိုးဖြုတ်သတ်ဖြတ်မှုဟု အဓိပ္ပါယ်ဆောင်စေသည်။ မျိုးဖြုတ်သတ်ဖြတ်မှုဆိုသည်မှာ အမျိုးသားတစုစု၊ လူမျိုးစုတိုင်းရင်းသားတစု သို့မဟုတ် ဘာသာရေးမျိုးစုတစုကို တစိတ်တပိုင်းဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ ဖျက်ဆီးပစ်ရန်ရည်ရွယ်ခြင်းဟု အဓိပ္ပါယ်သတ်မှတ်ပြဌာန်းသည်။ ထိုသို့သောမူများကို ချမှတ်သူများ၏ ပြစ်မှုသည် ကိုယ်ထိလက်ရောက်ကျူးလွန်သူများနှင့် ထပ်တူပင် စစ်ရာဇ၀တ်မှုကျူးလွန်သူများအဖြစ် အပြစ်ရှိသည်။ အရပ်သားများအပေါ် ကျူးလွန်သော အောက်ပါကိစ္စရပ်များကို စစ်ရာဇ၀တ်မှုများအဖြစ် သတ်မှတ်၏။ ၁။ လူပုဂ္ဂိုလ်ကို ထိခိုက်နာကျင်စေမှု၊ ရက်စက်စွာညှင်းပမ်းမှု ၂။ ဓားစာခံခေါ်ဆောင်မှု ၃။ နှိမ့်ချဆက်ဆံမှု ၄။ အကျဉ်းနည်းဖြင့် စစ်ဆေးသတ်ဖြတ်မှု သို့မသုတ် မျှတစွာစစ်ဆေးမှုမပြုဘဲ ထောင်သွင်းချထားမှု ၅။ လူသတ်မှု ၆။ ကျွန်ပြုမှု ၇။ နယ်နှင်မှု ၈။ မုဒိန်းမှု ၉။ နိုင်ငံရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတို့ ဖြစ်သည်။ စစ်ရာဝတ်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နိုင်ငံအားလုံးအနေဖြင့် အမြဲတမ်းသဘောတူညီမှုရှိသည် မဟုတ်ပေ။ အကြောင်းမှာ တချို့နိုင်ငံများက စစ်အတွင်း စစ်ရှုံးသူများက စစ်အတွင်းပြစ်မှုများအတွက် အပြစ်ပေးခံရပြီး စစ်နိုင်သောဘက်ကမူ အပြစ်ပေးခြင်းမခံရဟု ထင်မြင်ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် အမေရိကန်က ဂျပန်အပေါ် အနုမြူဗုံးကျဲချခြင်း၊ အမေရိကန်ပြည်ထောင်စု ဗီယက်နမ်တွင် ဓာတုလက်နက်များ၊ လူစုလူဝေးများနှင့် မြို့ပြဆိုင်ရာ ပစ်မှတ်များအပေါ် ဗုံးများ ထုထည်အလိုက်ကျဲခြင်း စသည်တို့မှာ စစ်ဖြစ်သော်လည်း နိုင်ငံတကာတရားရုံးသို့ ထိုအမှုများမရောက်သေးဟု ရာဇ၀တ်မှုများ ထောက်ပြကြသည်။
လက်ရှိကာလတွင် နိုင်ငံများစွာက “ပိုပေါ့”အား ခမာပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြင့် ရုံးတင်စစ်ဆေးရန်အတွက် ကမ္ဘောဒီးယားမှ ပြည်ပသို့ ပို့သင့်သည်ဟု သဘောထားကြသည်။ သို့သော်လည်း ၎င်းသည် ထိုသို့မစီစဉ်နိုင်မီတွင် သာမန်ရောဂါဖြင့် သေဆုံးခဲ့သည်။ စစ်ရာဇ၀တ်သားများကို တရားစွဲဆိုရာ၌ နိုင်ငံတချို့က မိမိတို့၏ နိုင်ငံများ၌ ပြည်ပြေးဘ၀နှင့် လာရောက်ခိုလှုံနေသူများအား လွှဲပြောင်းပေးအပ်ရန် ငြင်းဆန်နေမှုများကြောင့် မကြာခဏ ရှုတ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ အချို့နိုင်ငံများမှာ နှစ်ပေါင်းတာရှည်စွာ စစ်ပြီးသည့်နောက် စစ်ရာဇ၀တ်သားများကို တရားစွဲဆိုရန် တောင်းဆိုမှု တစုံတရာမရှိခဲ့ပေ။ မိမိတိုင်းပြည်၏စီးပွားရေးနှင့် နိုင်ငံပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမို အာရုံးစူးစိုက်နေကြသောကြောင့် ဖြစ်သည်။ ဤသို့ သောအခြေအနေမျိုးကို အများအားဖြင့် လူမျိုးရေးဆိုင်ရာ စစ်ပွဲများပြီးဆုံးသည့်အခါ တွေ့ရှိတတ်သည်။
အီသီယိုးပီးနိုင်ငံတွင် (၁၉၇၀)ခုနှစ်များ၌ တရားမ၀င် စစ်အစိုးရ၏ခေါင်းဆောင်များကို ယင်းတို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွက် တရားစွဲဆိုရန် ကြိုးပမ်းမှု၊ ဆောင်ရွက်မှုများ လုံးဝ မရှိခဲ့ပေ။ ထိုကိစ္စများမှာ တရားစွဲဆိုမှုတစုံတရာရှိနေပါက မူလ(တိုင်းရင်းသား)လူမျိုးရေးပြဿနာများ ပြန်လည်စနိုင်သည်ကို စိုးရိမ်သည့်အတွက် ဖြစ်ကောင်းဖြစ်ပေမည်။ တောင်အာဖရိကနိုင်ငံတွင်မူ အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေးကော်မရှင်တရပ် ထူထောင်ခဲ့ပြီး ပြည်တွင်းစစ်အတွင်းက ရာဇ၀တ်မှုများ ကျူးလွန်ခဲ့မှုများအပေါ် ပါတီက ၀န်ခံလာကြအောင် ဆောင်ရွက်သည်။ ထိုသူကို အပြစ်မှခွင့်လွှတ်ခြင်းနှင့် လွတ်လပ်စွာသွားလာနိုင်ရန် ခွင့်ပြုခြင်းများကို ပေးအပ်စီစဉ်စေသည်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် စစ်ပွဲကာလ ဘက်နှစ်ဘက်စလုံးတွင် ဖြစ်ပေါ်ခဲ့ရသော တင်းမာမှုများကို ပျောက်ကင်းအောင် ကုသရာတွင် ကူညီနိုင်မည်ဟု ယူဆကြသည်။ စစ်ပွဲကာလအတွင်း၌ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့မှုများကို အသိအမှတ်ပြုခြင်းတခုလည်း ဖြစ်လေသည်။ ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น