ပိုင်တရောင်ဒုံ ဇေယျမြို့ရှင် ဘုရင်စောဖါ့ဣန္ဒသေနရာဇာ အဓူလာမင်းကြီးလက်ထက်တွင်လက်အောက်ခံ မြို့ရံမြို့စားများ တည်ရှိလာခဲ့ရာ၌ “၀ကလာပုရာဇာဘွဲ့ခံ” ကလာပုမြို့စား စိုးစံသောကျိတ်မြို့သည် ကရင်ရာဇ၀င်သမိုင်း၌ ထင်ရှားစွာရှိလေသည်။ ကျိတ်မြို့သည် ရှေးအခါ၌ ဇေယျမြို့ရှင် ဘုရင်စောဖါ့ဣန္ဒသေနရာဇာ မင်းပြုသောအချိန်တွင် ဇေယျမြို့လက်အောက်ခံ မြို့ရံအဖြစ် မြို့စားသာ ဖြစ်ခဲ့သော်လည်း နောင်အခါ ဇေယျမြို့အရှင်လွန်၍ မင်းဆက်ပြတ်ခိုက်အချိန်တွင် “၀ကလာပု” ရာဇာဘွဲ့ခံ ကလာပုမင်းက သီးခြားမင်းပြု၍ အုပ်ချုပ်ခဲ့လေသည်။ သို့ကြောင့် ကရင့်ရာဇ၀င်သမိုင်းတွင် ကျိုတ်မြို့သည် ရှေးအခါက တိုင်းနိုင်ငံတော်တရပ် ထင်ရှားစွာ တည်ရှိခဲ့ပြီး မင်းဆက် ၁၀ ဆက်မြောက်အထိ စိုးစံခဲ့ကြောင်း သမိုင်းတွင်လေသည်။ ကျိုတ်မြို့တည်ရာ ကရင်တို့၏ သမိုင်းရာဇ၀င်အရ တခေတ်တချိန်က ထင်ရှားခဲ့သော ကျိတ်မြို့သည် မျက်မှောက်တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့ ဟောင်သရောမြစ်နှင့် ကြာအင်းဆိပ်ကြီးမြို့ ကျိတ်ချောင်းဝ တည်ရာအရပ်တွင် တည်ရှိသည်။ ကော့ကရိတ်မြို့နယ်တောင်ဘက်၊ အံဖကြီးရွာ ဒေါက်ပလံ၊ ခုဒုံ၊ အစွန်းလန်းဖားရွာများကို ဖြတ်ကျော်၍ မိုင် ၃၀ ကျော်အကွာတွင် ကျိတ်မြို့ဟောင်းတည်ရှိလေသည်။ မျက်မှောက်တွင် မူလ ကျိတ်မြို့ဟောင်းနေရာမှ အရှေ့ဘက်တမိုင်းခန့်အကွာတွင် ကျိတ်ရွာ ဟူ၍ ရှိလေသည်။ ထိုရွာသည် အိမ်ခြေ ၇၀ ခန့်သာရှိသော ရွာဖြစ်ပြီး အရှေ့ပိုးကရင်များ နေထိုင်၍ အားလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ရှေးက မြို့စား ဘုရင်များ အုပ်စိုးချိန်တွင် ဘုရားသာသနာတော်ကို ထွန်းပအောင် ဆောင်ကျဉ်းခဲ့သည့်နည်းတူ မျက်မှောက်ခေတ် ကျေးရါာသားတို့မှာလည်း ဘုရားတရား ကိုင်းရှိုင်း၍ ယဉ်ကျေးသိမ်မွေ့ခြင်းကို တွေ့ရှိရလေသည်။ ဘာသာတရား ကိုင်းရှိုင်း၍ ရိုးသားစွာ တောင်ယာလုပ်ကိုင်စားသောက်သော ကျိတ်ရွာသားတို့သည် အေးချမ်းသော ဘ၀လူနေမှုကို ကျင့်သုံးနေထိုင်ကြသည်။ ဟောင်သရောမြစ်တလျှောက် ဖေါက်ကား ရောင်းဝယ်သော လှေကုန်သည်တို့နှင့် ဆက်သွယ်ပြီး ဒေသထွက် ကွမ်းသီး၊ အုန်းသီး၊ ကျွဲကောသီး စသော သီးနှံများနှင့် ငါးပိ၊ ငါးခြောက် စသော စားသောက်ကုန်များကို ဖလှယ်စားသောက်လေ့ရှိသည်။ မြေသြဇာကောင်းမွန်၍ အသီးအနှံများပေါကြွယ်သော်လည်း လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတို့ကြောင့် နယ်မြေဖွံ့ဖြိုးခြင်း မရှိလှချေ။ သို့သော် ကျိတ်မြို့ဟောင်း ဖြစ်ခဲ့ခြင်းနှင့် ကရင်လူမျိုး၏ဓလေ့ထုံးတမ်းတရပ်ဖြစ်သော သေလွန်သူ မိဘဘိုးဘွားများ အရိုးဂူ တည်ဆောက်ရာ အရိုးတောင်အဖြစ် ထင်ရှားမှုတို့ကြောင့် ကျိတ်ရွာကလေးသည် မျက်မှောက်တွင် လူသိများ၍ ထင်ရှားနေလေသည်။ ဆက်လက်ဖေါ်ပြမည်
วันอังคารที่ 24 เมษายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น