วันพฤหัสบดีที่ 12 เมษายน พ.ศ. 2555

ကရင်ခေါင်းဆောင် ထိုမဲပါ

ရှေးသရောအခါ “ထိုမဲပါ”အမှူးပြုသော ကရင်အမျိုးသားတစုသည် မြောက်ဖက်တလွှားတွင် အေးချမ်းသာ နေထိုင်ကြလေသည်။ “ထိုမဲပါ”သည် အလွန်ခွန်အားကြီးလွန်းသူ ဖြစ်၍ တောကျား၊ တောဝက်တို့သည် “ထိုမဲပါ”၏ နေရာသို့ မလာဝံ့ကြချေ။

တနေ့သောအခါ “ထိုမဲပါ”၏ အားခွန်ဗလအကြောင်းကို မသိသော တောဝက်ကြီး တကောင်သည် “ထိုမဲပါ”နေထိုင်ရာ အရပ်ရှိ ယာခင်းများကို ၀င်၍ “ထိုမဲပါ”၏ တပည့်၊ သား မြေးများ စိုက်ပျိုးထားသော ကောက်ပဲ သီးနှံတို့ကို ဖျက်ဆီးလေသည်။ တပည့် သား မြေးများလည်း “ထိုမဲပါ”ထံလာ၍ အို-ဖခင် အလွန် ကြောက်မက်ဖွယ်ကောင်းသော တောဝက်ကြီး တကောင်သည် အကျွန်ုပ်တို့၏ ယာခင်းများကို ဖျက်ဆီးလေပြီ။ ထိုတောဝက်ကြီးကို ဆုံးမပါလော့ဟု တိုင်ကြလေသည်။

“ထိုမဲပါ”လည်း ကောင်းပြီဟု ဆို၍ တောဝက်ကြီးရှိရာသို့ သွားလေ၏။ တောဝက်ကြီးသည် “ထိုမဲပါ”ကို မြင်သောအခါ ဒေါသအမျက်ချောင်းချောင်းထွက်၍ မာန်စွယ်ကြီးကို ထုတ်ကာ “ထိုမဲပါ”အား ပက်လေသည်။ သို့ရာတွင် တောဝက်ကြီးက မပက်နိုင်ခင်ပင် “ထိုမဲပါ”သည် တောဝက်ကြီးကို လက်နက်လေးမြား မသုံးဘဲ မိမိ၏ လက်ရုံးဖြင့် ထိုးသတ်လိုက်ရာ တောဝက်ကြီးသေလေသည်။

တောဝက်ကြီး သေသောအခါ “ထိုမဲပါ”သည် ၀က်မာန်စွယ်ကိုသာ ယူလေသည်။ ထို့နောက် ၀က်မာန်စွယ်ကို ခေါင်းဖြီးသောဖီးငယ် ပြုလုပ်၍ ဆောင်ထားလေသည်။ ၀က်မာန်စွယ်၏ တန်ခိုးကြောင့် “ထိုမဲပါ”သည် ချက်ခြင်းပင် နုပျိုလာလေသည်။ ခွန်အားဗလလည်း ပို၍ ကြီးလာလေသည်။

နှစ်ပေါင်းများစွာ ကြာသောအခါ “ထိုမဲပါ”၏ နေရာတွင် လူဦးရေတိုးတက်လာလေသည်။ အချို့သော တပည့် သားမြေးများသည် ထိုနေရာ၌ မနေလိုကြတော့ချေ။ ထို့ကြောင့် ထိုလူတစုသည် “ထိုမဲပါ”သို့သွား၍ အို-ဖခင် ဤနေရာကား နေ၍မဆံ့တော့ပါပြီ။ ကျနော်တို့ တစုသည် တောင်ဘက် တလွှားသို့ ပြောင်း၍ နေလိုကြပါသည်။ တောင်လက် တလွှားတွင် မြစ် ချောင်း အင်း အိုင်များ ပေါသည်။ သားငါး ပေါသည်။ ဆန်စပါးပေါသည်။ သစ်သီးသစ်ပွင်းလည်း ပေါသည်ဟု ကြားရပါသည်။ တောင်ဘက်တလွှားသို့ ကျနော်တို့ သွားရပါစေဟု အခွင့်တောင်းကြလေသည်။

ထိုအခါ “ထိုမဲပါ”က ကောင်းပြီး။ တောင်ဘက် တလွှားသို့ ငါ၏ တပည့် သားမြေးတစု ပြောင်းလိုပါက ငါကိုယ်တိုင် ခေါင်းဆောင်၍ ခေါ်ပါအံ့ဟု ဆိုလေသည်။ ထိုနောက် “ထိုမဲပါ” တပည့် သားမြေးတစုကို ခေါင်းဆောင်၍ တောင်ဘက် တလွှားသို့ ဆင်းလာလေသည်။ လပေါင်း နှစ်ပေါင်းများစွာ ကြာလာသောအခါ သဲရေ တသွင်သွင်စီးလျက် ရှိသော သဲချောင်းကြီးတခုသို့ ရောက်ကြလေသည်။ တပည့်သားမြေးများသည် သဲချောင်းကြီး၏ ကမ်းပါး၌ ခရုများကို ဖမ်း၍ အိုး၌ ထည့်ကာ ပြုတ်ကြလေသည်။ ကျက်သောအခါ ခရုခွံထဲမှ အသားကို ယူကြလေသည်။ တပည့် သားမြေးများသည် အသားကို ကောင်းစွာ မယူတတ်ကြသဖြင့် အလွန် နှောင့်နှေး ကြန့်ကြာလေသည်။

“ထိုမဲပါ”သည် နှောင့်နှေးကြန့်ကြာသည်ကို မကြိုက်ချေ။ ထို့ကြောင့် “ထိုမဲပါ”က ငါရှေ့က သွားနှင့်မည်။ သွားသောအခါ ငှက်ပျောပင်များကို ခုတ်၍ လမ်းရှင်းသွားမည်။ အသင်တို့ စားသောက်ကြ ပြီးကြသောအခါ ငှက်ပျောငုတ်များကို ကြည့်၍ အမှီလိုက်ခဲ့ကြလော့ဟု တပည့် သားမြေးများကိ ပြော၍ သွားနှင့်လေသည်။

တပည့် သားမြေးများသည် သဲချောင်းကြီး၏ ကမ်းပါးတွင် ခရုများကို အားရအောင် ဖမ်းကြလေသည်။ ထို့နောက် အားရအောင် ပြုတ်စား၍ နေထိုင်ကြလေသည်။ ထိုသို့ နေထိုင်ပြီးကြသောအခါမှာမှ “ထိုမဲပါ”နောက်သို့ လိုက်ကြလေသည်။ သို့ရာတွင် “ထိုမဲပါ”ခုတ်မဲ့သော ငှက်ပျောငုတ်များမှ အညှောက်များထွက်၍ ငှက်ပျောပင်ကြီ်းများပင် ပြန်ပေါက်နေကြလေပြီ။ ထို့ကြောင့် တပည့် သားမြေးများသည် မသွားတတ်၊ မာလာတတ်ဖြစ်၍ သဲချောင်းကြီး၏ ကမ်းပါး အနီးအနား၌ စခန်းချကြရလေသည်။ ထိုသဲချောင်းကြီးသည် သံလွင်မြစ်သည်ဟု အချို့က ဆိုကြလေသည်။

“ထိုမဲပါ”မှာကား ၀က်မာန်စွယ် ဖီးကို ဦးခေါင်း၌ စိုက်ကာ ရှေ့သို့ သွားမြဲတိုင်း သွားလေသည်။

ဖါးသည်သံ

1 ความคิดเห็น:

Manh กล่าวว่า...

ဆက်လက်ရေးသားပါ ။အားပေးနေပါတယ်။

แสดงความคิดเห็น