วันอาทิตย์ที่ 5 กุมภาพันธ์ พ.ศ. 2555

မြေရှင်ပဒေသရဇ်ခေတ် ကရင်အမျိုးသားများ မြို့ ပြတည်ထောင်ခြင်း

ပြည်တော်သာ ဦးထွန်းရီကလည်း “ပါဒနိုင်ငံတော်”သမိုင်းမှာ ကရင်လူမျိုး မင်းဆက်အချို့ကို အောက်ပါအတိုင်း ဖေါ်ပြခဲ့ပါတယ်။


မြန်မာသက္ကရဇ်(၁၈)ခုနှစ် သာသနာသက္ကရဇ် (၁၂၀၀)ခုနှစ် အေဒီ (၅၂၈)ခုနှစ် ရောက်တဲ့အခါ၊ ပါဒနေပြည်တော်အရှေ့ ဘက်၊ ယခု သုံးခွနယ်အပါအ၀င် ဘုရားကြီးရွာသား မောင်သံလျှင် အမည်ရှိတဲ့ လူငယ်တဦးဟာ တရားမဲ့တဲ့ ပါဒမင်း(၃၄)ဆက်မြောက် နရိန္ဒရာဇာကို သတ်ပြီး သံလျှင်မှာ “စောလီလတ်ရှဲ”အမည်နဲ့ မင်းပြုလိုက်တယ်။ စောလီလတ်ရှဲကို ဒလသား မောင်ဒီဆိုတဲ့ ကရင်အမျှိုးသားတဦးက ၀င်ရောက်တိုင်ခိုက်သတ်ဖြတ်ပြီး မြန်မာသက္ကရာဇ် (၅၃)ခုနှစ်မှာ မင်းပြုလိုက်တယ်။ မောင်ဒီကို သက္ကရဇ် (၇၄)ခုနှစ်မှ မွန်လူမျိုးထမလောက်အမတ်က ပုန်ကန်ပြီးဓမ္မသောကရာဇာအမည်နဲ့ နန်းတက်တယ်။ ထမလောက်မင်းကို မောင်ဒီရဲ့သား မဏိရွတ်ပိ အမည်တွင်တဲ့မင်းသားက တိုက်ခိုက်ပြီးနန်းတက်ပြန်တယ်။
မြန်မာသက္ကရာဇ်(၈၂)ခုနှစ် မဏိရွတ်ပိမင်းသားဟာ ဗညားမဏိရွတ်ပိအမည်နှင့် သံလျှင်မှာ နန်းတက်တယ်။ (မဏိ-ပတ္တမြား၊ ရွတ်-ရတနာ၊ ပိ-သုံး)ရတနာသုံးပါးမြဲသောမင်း လို့တွင်တယ်။ အဲဒီမင်ဟာ ကျိုက်သာလွန်ပွန်၊ ကျိုက်မွေမနှိုက်၊ ကျိုက်သလိုင်မာ၊ ကျိုက်သလွဲအိန်၊ ကျိုက်မီနော်၊ ကျိုက်ပုပ္ပကံ၊ ကျိုက်ခပိ၊ ကျိုက်ဂ၀ံဂေ စတဲ့ လုရားစေတီကို တည်ခဲ့ပြီး နန်းစံ (၃၅)နှစ်မှာ နာပြီး နတ်စံသွားတယ်။
မဏိရွတ်ပိရဲ့ သား သီဟရာဇာမင်းဟာ သက္ကရာဇ် (၁၁၇)ခုနှစ်မှာ နန်းတက်တယ်။ အမျက်စောင်းမာန်ကြီးပြီး၊ ရက်စက်ကြိမ်းကြုတ်တဲ့အတွက် ပြည်သူတွေ မခံမရပ်နိုင်ကြပြီး၊ ညီတော်ဇေယျသေနမင်းကို မင်းပြုရန် ထွင့်တောင်းတယ်။ သက္ကရာဇ်(၁၂၇)ခုနှစ်မှာ နောင်တော်ကို ဖမ်းပြီး နန်းချတယ်။ ဇေယျသေနမင်း သက္ကရာဇ်(၁၂၇)ခုနှစ်မှာ်နန်းတက်ပြီး၊ တွံတေး (တုံစလင်)ကြခတ်ဝါးရံမြို့က ကရင်အမျိုးသမီး နော်ဖေါတလဲကို သုဝဏဒေ၀ီအမည်နှင့် မိဖုရားမြောက်တယ်။ နော်ဖေါတလဲခေါ် သုဝဏဒေ၀ီမိဖုရားဟာ ပဋိသန္ဓေနေပြီး၊ ဆယ်လစေ့မှာ မီးမဖွားနိုင်ဘဲ အနိစ္စရောက်သွားတယ်။ သမီးတော်ကို သုဿန်မှာဖွားလို့ ရှင်မွေးနွန်း ဟု အမည်ပေးခဲ့တယ်။ သုဿန်မှ ဖွားလို့မြို့တွင်းကို ပေးမ၀င်ဘဲ သံလျှင်အနောက်ဘက် သုဿန်ကုန်မှာ တပင်တိုင်နန်း(၇)ထပ် ဆောက်ပြီး၊ စစ်သည်ဗိုလ်ပါများနဲ့အမတ်(၇)ဦးကို အစောင့်ချထားတယ်။ ဇေယျသေနမင်း နန်းစံ (၄၅)နှစ် မြန်မာသက္ကရာဇ်(၁၇၂)ခုနှစ်မှာ နတ်ရွာစံတယ်။
မောင်သံလျှင်ခေါ်တဲ့ စောလီလတ်ရှဲမင်းက ဇေယျသေနမင်းအထိ သဲလျှင်မင်းပေါင်း (၆)ဆက်မှာ နှစ်ပေါင်း(၁၅၄)နှစ်ကြာတယ်။ အဲဒီအချိန်ကစပြီး ပါဒနှင့်သံလျှင်ကို မုတ္တမ (သို့မဟုတ်) ဟံသာဝတီ တို့က၊ မြို့စောင့်မြို့ စားတွေချပြီး အုပ်ချုပ်ကြတယ်။ သက္ကရာဇ်(၈၀၄)ခုနှစ်ထိ၊ နှစ်ပေါင်း(၇၂၂)နှစ်တိုင်အောင် မွန်တလှည့် မြန်မာတလှည့်နှင့် ပိုင်ဆိုင်ပြီး မြို့စားမင်းတွေအုပ်ချုပ်ခဲ့ချိန်မှာ ဘုရားစေတီတွေကို ပြုပြင်မွမ်းမံ အသစ်တည်တယ်။
ပါဒနိုင်ငံတော်မှာ ကရင်မင်းများ တည်ထားတဲ့ ဘုရားတွေရှိတယ်။ ကရင်မင်းတွေတည်ထားတဲ့ ဘုရာားများဟာ အောက်ပါအတိုင်းဖြစ်တယ်။
သာသနာ့ သက္ကရာဇ် (၇၇)ခုနှစ်၊ နန်းတက်တဲ့ ပါဒ(၇)ဆက်မြောက် ဇေယျသေနမင်းရဲ့ မိဖုရား မိတနော် တည်ထားတဲ့ ကျိုက်ပြဿဒ်တနော်နှင့် မိတနွံ တည်ထားတဲ့ ကျိုက်ပြဿဒ်စာနွံဘုရားနှစ်ဆူရှိတယ်။ မှော်ဝန်းကျောက်တန်းမြို့  လည်ကုန်းမြင့်ပေါ်တွင် တဆူနှင့်တဆူ နှစ်ဖါလုံခန့်ကွာတယ်။
သံလျှင်မင်းဆက် ကရင်ဘုရင်မောင်ဒီ တည်သောဘုရားများမှာ ဓါတ်တော်ငါးဆူ ဌာပနာ၍ ကျိုက်သာလွန်ဘုရားကို တည်ခဲ့တယ်။
သားတော် ဗညားမဏိရွတ်ပိ တည်ထားခဲ့တဲ့ဘုရားများမှာ ကျိုက်သာလွန်ပွန်၊ ကျိုက်မွေမနှိုက်၊ ကျိုက်သလိုင်မာ၊ ကျိုက်သလွဲအိန်၊ ကျိုက်မီနော်၊ ကျိုက်ပုပ္ပကံ၊ ကျိုက်ခပိ၊ ကျိုက်ဂ၀ံဂေ စသော ဘုရားများဖြစ်တယ်။
ပါဒမင်းဆက် (၆)ဆက်မှာ (၁)မောင်သံလျှင်မင်း(၂)မောင်ဒီမင်း(၃)ထမလောက်မင်း(၄)ဗညားမဏိရွတ်ပိမင်း(၅)သီဟရာဇာမင်း(၆)ဇေယျသေနမင်း စသည်ဖြင့် ရေးသားထားတယ်။
ဦးထွန်းရီတင်ပြတဲ့ ပါဒနိုင်ငံတော်ဟာ ကာလအားဖြင့် အေဒီ ငါးရာကျော်ဆိုတော့ မြန်မာပြည်အလယ်ပိုင်း ပျူနိုင်ငံတော်နှင့်အပြိုင်ခေတ်ဆိုင်ရင် မှားမှာမဟုတ်ပါဘူး။
မှတ်ချက် – ဦးစော၊ ဦးပညာ၊ စောအောင်လှ၊ ဦးထွန်းရီ ရေးသားခဲ့ကြတဲ့ ကရင်ဘုရင်အခြေအနေဟာ အလွန်ရှေးကျပြီး ဒဏ္ဍာရီလို ဖြစ်နေပါတယ်။ နောက်တချက်က၊ မွန်နိုင်ငံတော်နှင့်ဆက်စက်ပြီး မြုပ်ချီ ပေါ်ချီသဘော ဖြစ်နေတယ်။ ရေးရှည်တည်တဲ့အခြေအနေ မရှိတဲ့အပြင် မွန်-မြန်မာပဒေသရာဇ်တွေရဲ့ အားပြိုင်ပွဲမှာ ကရင်လူမျိုးတွေရဲ့အုပ်ချုပ်ရေးနှင့် ကျေးရွာတွေ ပျက်စီးဆုံးပါးသွားကြသည်သာ ဖြစ်တယ်လို့ ယူဆရတယ်။
ပျူခေတ် ကရင်အမျိုးသားများမှာ တိုင်းနိုင်ငံတည်ထောင်တဲ့ အထောက်အထားတွေ မတင်ပြနိုင်ပေမဲ့ ပျူနိုင်ငံသရေဖေတ္တရာနှင့် မွန်လူမျိုးတွေ အောက်မြန်မာပြည်မှာ ရောက်လာပြီး အခြေချနေထိုင်ပြီးဖြစ်တယ်။ အလားတူဘဲ ကရင်တွေလည်း အခြေချပြီး မြို့တွေ တည်ထောင်ကြတယ်။ (၇)ရာစု ပျူနိုင်ငံပျက်တာ ကရင်ကြောင့်လို့လည်း သမိုင်းဆရာတွေက အခိုင်အမာဆိုခဲ့တယ်။ ဒါပေမဲ့ ကရင်နဲ့ပတ်သက်ပြီး မြန်မာသမိုင်းမှာ ပျူခေတ်နောက်ပိုင်း မှတ်တမ်းတင်တာတွေ မရှိသလောက်ဖြစ်ပါတယ်။
မှတ်တမ်းတခုမှာ ညောင်ရမ်းခေတ် သက္ကရာဇ်(အေဒီ၁၇၄၀)ခုနှစ်မှာ ဟံသာဝတီမြို့ဝန် မင်းရဲအောင်နိုင်ကို အကွပ်အမျက် ပြင်းထန်တဲ့အတွက် သူ့ကို လုပ်ကြံပြီးရင် အ၀ိုင်းကရင်ရွာသားတွေက မောင်သာလှကို သမိန်ထောအမည်နှင့် မင်းမြှောက်ကြတယ်။ ဆင်-ကျား ရတဲ့အတွက် ဆင်ကျားရှင်လိုလည်း ခေါ်တယ်။ ဇင်းမယ်က သမီးဆက်တယ်လို့ဆိုတယ်။ တဖြည်းဖြည်းနဲ့အင်အားတောင့်တင်းခိုင်မာလာတယ်။ မြန်မာသက္ကရာဇ်(၁၁၀၉)ခုမှာ ဆင်ကျားရှင်သမိန်ထောဟာ စစ်တောင်းဘက်သို့သွားပြီး ဆင်ဖမ်းလျှက်သာအချိန်ကုန်လေတယ်။ ဟံသာဝတီကို မပြန်ဘဲ နေ့လရှည်ကြာလာတာနှင့် အကြိမ်ကြိမ်လျှေညက်သော်လည်း ဟံသာဝတီမူးမတ်တို့က စစ်တောင်ကို တပ်နှင့်သွားပြီး အဓမ္မခေါ်ဆောင်ရန်အသွား ဆင်ကျားရှင်က အထင်မှားပြီး ခုခံဖို့ပြင်ဆင်တဲ့အတွက် အမတ်တွေက စိတ်ပျက်ပြီး ဟံသာဝတီကို ပြန်လာကြတယ်။ ရဟန်းလူထွက် နဲကို ဆိုသူကို နန်းတင်ကြတယ်။ နဲကို ကို နန်းကချပြီး အတ်ကြီးဗညားဒလကို မင်းမြှောက်ကြတယ်။
ဆင်ကျားရှင်ဟာ စစ်တောင်းမှတဆင့် ဇင်းမယ်ကို ထွက်သွားတယ်။ ဇင်းမယ်က လက်မခံလို့အာယုဒ္ဓယကိုဝင်တယ်။ အာယုဒ္ဓဘုရင်က သမိန်ထောကို အကျဉ်းချထားလိုက်တယ်။ ဟံသာဝတီမင်း ဗညားဒလက သမိန်ထောကို ပေးအပ်ဖို့ တောင်းဆိုတယ်လို့ယိုးဒယားရာဇ၀င်မှာ ရေးသားထားတယ်။ သမိန်ထောဟာ ဗညားဒလသမီးနှင့် သင့်မြတ်ပြီးနောက် ဇင်းမယ်မြို့စားသမီးကို ရတဲ့အတွက် ဗညားဒလသမီးကို ဂရုမစိုက်ဖြစ်လာတယ်။ သမိန်ထောစစ်တောင်းမှာရှိနေစဉ် ဗညားဒလထီးနန်းကို လုသွားတယ်လို့ယိုးဒယားရာဇ၀င်က ဆိုထားတယ်။
သမိန်ထော အာယုဒ္ဓယနေပြီး တရုပ်ပြည်ကို သွားတယ်။ နောက်ပြီး အာနန်စတဲ့ အရှေ့ဘက်နိုင်ငံကို ရောက်တယ်။ နောက်မှ ဇင်းမယ်ကို ပြန်ဝင်တယ်။ အေဒီ(၁၇၅၆)ခုနှစ်မှာ အလောင်းဘုရား ဟံသာဝတီကို တိုက်ခိုက်သိမ်းယူပြီးတဲ့နောက် အလောင်းဘုရားထံသစ္စာခံပြီး အမှုထမ်းဖို့ဝင်ရောက်ပြန်တယ်။ အေဒီ(၁၇၅၈)ခုနှစ်မှာ သေဆုံးသွားတယ်လို့ မှတ်တမ်းပြုထားတယ်။
မြေရှင်ပဒေသရာဇ်ခေတ်၊ ကရင်မျိုးနွယ်စုဖြစ်ကြတဲ့ ကယား၊ ဂေခို၊ ဂေဘား၊ ပဒေါင်၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်တို့ဟာ ကယားပြည်နယ် ကန္တာရ၀တီ၊ ဘောလခဲ၊ ကြယ်ဖိုးကြီး၊ နောင်ပလဲ၊ နမ်းမယ်ခုံစတဲ့ နယ်ငါးနယ်ခွဲပြီး အုပ်ချုပ်ရေးတွေ ချကြတယ်။ အေဒီ (၁၄)ရာစုခေတ် ရှမ်းခေတ် ပင်းယ၊စစ်ကိုင်းခေတ်က စတင်ခဲ့တယ်လို့ဆိုထားပါတယ်။ အမှန်စင်စစ် ပထမမြန်မာနိုင်ငံမတည်ထောင်မှီကတည်းက တည်ရှိခဲ့တယ်လို့ယူဆလို့ရပါတယ်။ ကယားလူမျိုးတွေဟာ အလွန်ရှေးကျတဲ့ ရှေးဟောင်းအစဉ်အလာအုပ်ချုပ်ရေးပုံစံကို မြန်မာပြည်လွတ်လပ်ရေးမရခင်ခေတ်အထိ ကျင့်သုံးခဲ့ပါတယ်။ ပုဂံပြည်ကြီးပျက်ပြီး ရှမ်းမင်းဆက်တွေ တည်ထောင်လာတဲ့ ပင်းယ၊ စစ်ကိုင်း၊အင်းဝခေတ်မှာရှမ်းမင်းဆက်တွေနှင့် အဆက်အဆံပြုခဲ့ပါတယ်။ အထူးသဖြင့် စစ်ကိုင်းမင်းဆက်တွေ အင်းဝသတိုးမင်းဖျား ရှင်ဖြူရှင်သား ညောင်ရမ်းမင်း၊ ကုန်းဘောင်ခေတ်ကစပြီး အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးခေတ်ထိ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်မှီ မှာတော့ ကယားပြည် ပြည်နယ်ငါးငယ်ခွဲပြီး အုပ်ချုပ်ရေးမှာ နန်းမယ်ခုံနှင့်နောင်ပုလဲတို့မှာ အုပ်ချုပ်တဲ့ စောဖျာအဆက်ပြတ်ပြီး ဘော်လခဲနှင့် ပူးပေါင်းအုပ်ချုပ်ခဲ့ကြတယ်။
“စောဖျာ”အုပ်ချုပ်ရေးဟာ ကယားလူမျိုးတွေရဲ့ အဦးဆုံး အုပ်ချုပ်သူလူတန်းစားတွေဖြစ်ကြတယ်။ ကယားပြည်နယ်မှာ ဘော်လခဲ၊ ကန္တာရ၀တီ၊ ကြယ်ဖိုးကြီး နယ်သုံးနယ်ခွဲပြီး အုပ်ချုပ်ခဲ့ကြတယ်။
ကယား၊ မနုမနော၊ ယင်းဘော်၊ ယင်းတလဲ အမျိုးသားအုပ်ချုပ်ရေးတွေမှာ စောဖျာများဟာ အာဏာအရှိဆုံးဖြစ်တယ်။ စောဖျာတွေကို မျိုးရိုးအစဉ်အဆက်အလိုက် ဆက်ခ့ကြတယ်။ သားမရှိလျှင် ညီ၊ ညီမရှိလျှင် ဆွေမျိုးများက ဆက်ခံရတယ်။ စောဖျာအစဉ်အဆက်ကို နယ်လူထူက သဘောမကျရင် ဖြုတ်လို့မရဘူး။ စောဖျာလုပ်သူဟာ သတ္တိကောင်းရမယ်၊ အပြောအဆိုပြေပြစ်ရမယ်၊ မှန်ကန်ရမယ်၊ သြဇာတိက္ကမရှိရမယ် စသည်ဖြင့် မှတ်တမ်းပြုထားတယ်၊

သမိုင်းသစ်ဂျာနယ်(၂)မှ ကောက်နှုတ်ဖေါ်ပြထားသည်။
ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น