ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။
(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။
ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။
ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။
(ဂ)ကလကုရသေ့ဂိုဏ်း
ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။
(ဃ) ခရစ်ယာန်ဘာသာ
ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။
(င)လဲကယ်ဘာသာ
လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
(စ)ဗြဟ္မစိုရ်ဂိုဏ်း
ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။
စာပေနှင့် စကားအုပ်စုများ
ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။
ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။
(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)
ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….
(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။
ဆက်လက်ဖော်ပြပါဦးမယ်…။
วันอาทิตย์ที่ 27 กุมภาพันธ์ พ.ศ. 2554
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၂)
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น