วันเสาร์ที่ 6 กันยายน พ.ศ. 2557

ကေအင်ယူ ဘယ်လဲ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န် အက်ဖ်စီ) အစည်းအဝေး တက်ရောက်နေရာမှ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် ကေအင်ယူသည် ယူအင်န်အက်ဖ်စီအဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်ထွက်လာသောအခါ တိုင်းရင်းသားနိုင်ငံရေးကို စိတ်ဝင်စား လေ့လာလျှက်ရှိသော လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။ စိုးရိမ်မှုများလည်း ရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င်ပင်။ ကေအင်ယူ အတွက် ဤသို့ အရေးကြီးလာသည့်အချိန်တွင် စာရေးသူသည် နှစ်ပေါင်းများစွာ ကေအင်ယူ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး စောဘိုမြ ကို သတိရမိသည်။ ရှစ်လေးလုံး အရေးတော်ပုံပြီးသည့် နောက် ၁၉၈၉ ခုနှစ်အတွင်း မာနယ်ပလော လွတ်မြောက်ဒေသကို စတင်ရောက်ရှိလာခဲ့သည့်အချိန်မှစ၍ စာရေးသူသည် ဗိုလ်ချုပ်ကြီးမြကို လေ့လာခွင့်ရခဲ့သည်။ ယောက်ျားပီသ၊ တိကျပြတ်သား ခန့် ညားသော ဥပဓိရုပ်ရှိရုံသာမက သတ္တိ ဗျတ္တိ နှင့် ပြည့်စုံပြီး မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီ တိုင်းမှနေ၍ အလယ်ပိုင်းတောင်ငူခရိုင် ရောက်သည်အထိ အသွားအပြန်ခြေလျင်လျှောက်ကာ တောက်လျှောက်စစ်တိုက်ခဲ့သူ စစ်သူကြီးတဦးဖြစ်သဖြင့် မဟာမိတ် တပ်ပေါင်းစုခေါင်းဆောင်များ အားလုံးက သူ့ကို လေးစားခဲ့ကြရသည်။ သူ ဦးဆောင်တည်ထောင်ခဲ့သည့် နိုင်ငံရေးတပ်ပေါင်းစု အရှိန်အ၀ါနောက်ခံတွင် မာနယ်ပလောလွတ်မြောက် နယ်မြေကြီး ထီးထီးမားမား ပေါ်ထွက်လာခဲ့သောအခါ ကရင့်တော်လှန်ရေး အလံသည် တပ်ပေါင်းစု၏ ထိပ်တွင် တလူလူ လွင့်ပျံခဲ့သည်။ ကရင်အမျိုးသားတိုင်းဂုဏ်ယူဘွယ်ရာ ဖြစ်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးမြ ဦးဆောင်သည့် ကေအင်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် နိုင်ငံရေးတပ်ပေါင်းစုကို ရင်ဝယ်သားသဖွယ် ချစ်မြတ်နိုးခဲ့ကြသည်။ တပ်ပေါင်းစု နှင့် အောင်ပွဲခံရမည် ဟူသော နိုင်ငံရေးကြွေးကြော်သံကို စိုက်ထူခဲ့ကြသည်။ နိုင်ငံရေး စစ်ရေး အခက်အခဲ အကြပ်အတည်း အမျိုးမျိုး အကြားမှပင် တပ်ပေါင်းစု အဖုံဖုံကို တည်ဆောက်နိုင်၊ ဦးဆောင်နိုင်ခဲ့ကြသည်။ ကိုယ်လိုခြင်တာမရ၍ တပ်ပေါင်းစု အစည်းအဝေးမှ ထွက်ခွာခဲ့သည့် ဖြစ်ရပ်မျိုးကို စာရေးသူ မကြားမိခဲ့ဘူးပါ။ ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ထိုစဉ်က ကေအင်ယူခေါင်းဆောင်များတွင် ထူးခြားချက်သုံးရပ်ရှိသည်။ တရပ်မှာ တော်လှန်ရေး အမြင်ဖြစ်သည်။ ကရင့်တော်လှန်ရေးဟာ ကရင်အမျိုးသားထု တခုတည်းအတွက်သာ မဟုတ်ဘူး၊ တိုင်းရင်းသားပေါင်းစုံလူထုကြီး တရပ်လုံးအတွက် ဖြစ်တယ် ဟူ၍ ဗိုလ်ချုပ်ကြီးမြ၏ ကြုံးဝါးသံကြီးအောက်တွင် အခြားတိုင်းရင်းသားခေါင်းဆောင်များသာမက ဒီမိုကရေစီအင်အားစုများအားလုံးအတွက် အားဆေးကြီးဖြစ်စေခဲ့သည်။ ကေအင်ယူခေါင်းဆောင်များတွင် ကျယ်ပြန့်သော အမျိုးသားရေးအမြင်၊ တော်လှန်ရေး အမြင်ရှိကြသည် ဟူ၍ အားလုံးက လေးစားခဲ့ကြသည်။ အခြားတရပ်မှာ ရန်သူအပေါ် အမြင်ရှင်းခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ကို ရန်သူ ဟူ၍ ရှင်းလင်းစွာ မြင်ခြင်းဖြစ်သည်။ မဟာလူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ရှိနေသမျှ ကာလပတ်လုံး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်၍ မရနိုင် ဟူသည်ကို ကောင်းစွာသိမြင်ကြသည်။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန် ကြိုးစားခြင်းမှာ ယခုမှ ပေါ်လာသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်မဟုတ်။ ၁၉၅၆ ခုနှစ် မှစတင်၍ ကေအင်ယူ ပါဝင် ဖွဲ့ စည်းခဲ့သော မဒညတ တပ်ပေါင်းစုခေတ်ကထဲက စတင်ကျင့်သုံးရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ တော်လှန်ရေးကောင်စီခေတ် ဆွေးနွေးပွဲများပျက်ပြားပြီး နောက်ပိုင်းတွင်လည်းကောင်း၊ ရှစ်လေးလုံး အရေးအခင်းကြီးပြီးသည့် နောက်ပိုင်းတွင်လည်းကောင်း တပ်ပေါင်းစု အနေဖြင့် ဖြစ်စေ၊ ကေအင်ယူ အနေဖြင့် ဖြစ်စေ၊ အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့ပြီးဖြစ်သည်။ သို့ရာတွင် ထိုစဉ်က စစ်အာဏာရှင်များသည် ကေအင်ယူ ဦးဆောင်ခဲ့သည့် တိုင်းရင်းသားတပ်ပေါင်းစုများ နှင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရဲခဲ့ခြင်းမရှိပါ။ အကြောင်းတချက်မှာ ဗိုလ်ချုပ်ကြီးမြ နှင့်သာ မျက်နှာခြင်းဆိုင်ဆွေးနွေးခွင့်ရပါက မဟာလူမျိုးကြီးဝါဒ နဲ့ စစ်အာဏာရှင်စနစ်ကို ခင်ဗျားတို့ အရင်စွန့် လွှတ်ကြပါ ဟူ၍ ၄င်းက ပြတ်ပြတ်သားသား အရင်းဆုံးစတင်ပြောဆိုဖွယ်ရှိသောကြောင့်ပင်။ နောက်ဆုံးတရပ်မှာ ပြည်ထောင်စု တခုလုံးကို လွှမ်းခြုံမည့်နိုင်ငံရေးဆွေးနွေးပွဲကို တပ်ပေါင်းစုနှင့်သာ လုပ်ဆောင်မည် ဟူသည့်အပေါ် ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့် ကေအင်ယူခေါင်းဆောင်များက ခိုင်ခိုင်မာမာ စွဲကိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ဖြင့် မာနယ်ပလော လွတ်မြောက်နယ်မြေ ကျဆုံးသွားခဲ့သော်လည်း ကေအင်ယူ၏ နိုင်ငံရေးအလံသည် တောက်လျှောက်မြင့်ခဲ့သည်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အခြား အဖွဲ့အစည်းများ၊ ခေါင်းဆောင်များသည် ကေအင်ယူဘေးတွင်ဝန်းရံခဲ့ကြရသည်ဟု ဆိုနိုင်သည်။ ယခု ကေအင်ယူခေါင်းဆောင်များသည် ရှေ့ခရီးကို မည်သို့ ဆက်ကြပါမည်နည်း။ ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့်ခေတ်က ကေအင်ယူခေါင်းဆောင်များကဲ့သို့ ကျယ်ပြန့် ၊ ခိုင်မာ၊ ရှင်းလင်းသော အမြင်များ ဆက်လက် စွဲကိုင်ထားကြပါသေးရဲ့လား ဟူသည်ကို စစ်ကြောရန် လိုအပ်ကောင်း လိုအပ်ပါမည်။ အဘယ်ကြောင့် ယူအင်အက်ဖ်စီ အဖွဲ့ ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း လက်ရှိ ကေအင်ယူခေါင်းဆောင်တဦး၏ ရှင်းပြချက်ကို လေ့လာကြည့်ရာ အချက်နှစ်ချက်ကို သတိပြုမိသည်။ တချက်မှာ ကေအင်ယူမှာ အချုပ်အခြာအာဏာရှိကြောင်းနှင့် အခြားအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ဟူ၍ ဖြစ်သည်။ အချုပ်အခြာအာဏာကို အင်္ဂလိပ်ဘာသာနှင့် Sovereignty ဟု ခေါ်သည်။ အချုပ်အခြာအာဏာကို အဖွဲ့အစည်းတရပ်နှင့် ယှဉ်တွဲသုံးစွဲ၍မရနိုင်ပါ။ တိုင်းပြည်နှင့်သာ ယှဉ်တွဲသုံးစွဲရသည်။ ပြည်ထောင်စုဖွဲ့စည်းရာတွင်ပါဝင်ပြီး ဖြစ်ပါက ပြည်နယ်တခုလုံးအနေဖြင့်ပင် ယှဉ်တွဲသုံးစွဲ၍ မရနိုင်ပါ။ ငါတို့ ပြည်နယ်မှာ အချုပ်အခြာ အာဏာရှိတယ် ဟု ပြော၍ မရနိုင်ပါ။ မိမိတို့ အဖွဲ့အစည်းအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် ဟု ပြောခြင်းကိုမူ လက်ခံရပါမည်။ သို့ရာတွင် ယင်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့်သည်ပင် ဗိုလ်ချုပ်ကြီးမြ ဦးဆောင်ခဲ့သည့်ခေတ်က ကေအင်ယူခေါင်းဆောင်ကြီးများကိုင်စွဲခဲ့သည့် မူ တို့ နှင့်ညီမညီကိုမူ လက်ရှိကေအင်ယူခေါင်းဆောင်များ ပြန်လည်စဉ်းစားကောင်း စဉ်းစားကြလိမ့်မည် ဟု မြှော်လင့်ရုံမှတပါး စာရေးသူတွင် မည်သို့ မျှ ပြောပိုင်ခွင့်မရှိပါ။ ဤသည်မှာ ကေအင်ယူ၏ ကိစ္စသာဖြစ်ပါမည်။ ဒုတိယတချက်မှာ Top Down စနစ်ကို လက်မခံ၊ ညှိနိုင်းဆုံးဖြတ် အကောင်အထည်ဖေါ်တဲ့စနစ်ကို ကျင့်သုံး သွားမယ်၊ တူတာပူးပေါင်းလုပ်ပြီး မတူတာ ခွဲလုပ်သွားမယ်ဟူသော မူဝါဒကို တင်လာခြင်းဖြစ်သည်။ ဤသည်ကိုမူ ပြည်ထောင်စု တရပ်လုံး၏ အကျိုးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အကျိုးတို့ ကို ထောက်ထားကာ ကေအင်ယူခေါင်းဆောင်များကိုယ်တိုင်သော်လည်းကောင်း၊ အများပြည်သူတို့အနေဖြင့်လည်းကောင်း၊ စဉ်းစားခွင့်ရအောင် သုံးသပ်ရန်လိုအပ်လာသည်။ တူတာတွဲလုပ်၍ မတူတာ ခွဲလုပ်မည် ဟူသည်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအတွင်း အလျားလိုက် သို့ မဟုတ် ဘေးတိုက် ဆက်ဆန်ရေးကို အဓိကထားတည်ဆောက်သွားမည့် သဘောဆောင်သည်။ ဤလို မူ မျိုးနှင့်ဆိုလျှင်မူ စစ်အာဏာရှင်စနစ်ကို မည်သို့ မျှအနိုင်တိုက်နိုင် ဘွယ်မရှိပါ။ မြန်မာနိုင်ငံ၏ အဓိကပြသနာမှာ စစ်အာဏာရှင်များက တင်းကြပ်သော ဗဟိုချုပ်ကိုင်မှု Rigid Centralization ကို တည်ဆောက်ခြင်းကြောင့်ဖြစ်သည်။ ယင်းကို တုန့် ပြန်ရန် တော်လှန်ရေးအင်အားစုများကလည်း အပြိုင်အားဖြင့် အလားတူ တင်းကြပ်သော ဗဟိုချုပ်ကိုင်မှုကို တည်ဆောက်ရန်မသင့်ပါ။ သို့ ရာတွင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု Optimum Centralization ကိုမူ ရှာဖွေရန် လိုပါမည်။ တဖွဲ့ ချင်းစီ၏ အကျိုးစီးပွားကို အဓိကထားကာ ဘေးတိုက် ဆက်ဆန်ရေးကိုသာ တည်ဆောက်သွားမည်ဆိုလျှင် အင်အားစုများသည် ပြန့် ကျဲနေမည် ဖြစ်သဖြင့် မည်သည့် အခါ တွင်မျှ စုစည်းနိုင်မည် မဟုတ်၊ အားကောင်းသော တပ်ပေါင်းစု ပေါ်ပေါက်နိုင်မည် မဟုတ်ပါ။ ကြည့်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ မှိုလိုပေါက်ပြီး တဖွဲ့ ခြင်း ထင်ရာလုပ်နေကြတာ၊ ကျုပ်တို့ မြန်မာ့တပ်မတော်ကြီးရှိနေလို့ သာ ပြည်ထောင်စုကြီးတည်မြဲနေတာ ဟူ၍ အာဏာရ စစ်ခေါင်းဆောင်များက လက်ညှိုးထိုးပြီး နိုင်ငံရေးအမြတ်ထုတ်၊ ၄င်းတို့ အာဏာသက်ဆိုးရှည်အောင်လုပ်နေသည်ကို အားပေးသည့် သဘောသာရောက်သွားနိုင်ကြောင်း စဉ်းစားသင့်ပါသည်။ ထို့အပြင်ကေအင်ယူသည် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တကယ်တန်းလိုလားသည် မှန်ပါလျှင် ယခုမျက်မှောက်မှာကထဲကပင် သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှု Optimum Centralization အား လက်တွေ့ရှာဖွေကျင့်သုံးရန် လိုပါမည်။ တူတာတွဲလုပ် မတူတွဲခွဲလုပ်သည့် မူမှာ ကွန်ဖက်ဒရေးရှင်း Confederation ကိုသာ ဦးတည်ပါသည်။ မည်သည့်အခါတွင်မျှ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ပါ။ အမေရိကန်ပြည်ထောင်စု တည်ဆောက်ခဲ့သည့် သာဓကကို လေ့လာနိုင်ပါသည်။ ၁၃ ပြည်နယ်ရှိခဲ့သည့်အနက် ပြည်နယ်တခုချင်းစီ၏ အကျိုးစီးပွားကိုသာ အဓိကထားကာ ဘေးတိုက်ဆက်ဆန်ရေးကိုသာတည်ဆောက်ခဲ့သည့် ကွန်ဖက်ဒရေးရှင်းစနစ်မအောင်မြင်ခဲ့ပါ။ သင့်တင့်မျှတသော ဗဟိုချုပ်ကိုင်မှုကို ရှာဖွေပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်အောင်မြင်ခဲ့သည်ကို သင်္ခန်းစာ ယူနိုင်ပါသည်။ ဦးအောင်ထူး (ရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ စက်တင်္ဘာလ (၃) ရက် ၂၀၁၄ ခုနှစ်

0 ความคิดเห็น:

แสดงความคิดเห็น