วันเสาร์ที่ 4 สิงหาคม พ.ศ. 2555

ကန့်သတ် နယ်မြေအတွင်း ပိုက်ကွန်ဖြင့် ငါးဖမ်းမှုကြောင့် သြစီရောက် ကရင် ၃ဦး တရားစွဲဆိုခံရ

အဲခေါင်သောင့်၊ သြဂုတ်လ ၄ရက်၊ ၂၀၁၂ခုနှစ် ငါးမဖမ်းရဆိုသည့် ကန့်သတ် နယ်မြေအတွင်း ပိုက်ကွန်ဖြင့် အစုလိုက် အပြုံလိုက် ငါးဖမ်းခဲ့မှုဖြင့် သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် နေထိုင်သူ ကရင်အမျိုးသား ၃ဦး တရားစွဲဆိုခဲ့ရသည်ဟု သိရှိရသည်။

ဆစ်ဒနီမြို့အနီးရှိGeorge River ဓါတ်ပုံ-google ဆစ်ဒနီမြို့အနီးရှိ George Riverတွင် ပိုက်ကွန်ဖြင့် ငါးဖမ်းသူ အဆိုပါ ကရင်အမျိုးသား ၃ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထိုမှ တဖန် တရား စွဲဆိုခံရခြင်း ဖြစ်သည်ဟု တရားစွဲဆိုခံရသူ တဦး၏ ဆွေမျိုး တော်စပ်သူတဦးက ပြောဆိုသည်။ "သူတို့တွေက အားရင် ၀ါသနာအရပေါ့ နယ်စပ်ကနေ ပိုက်ကွန်တွေ မှာပြီး ငါးဖမ်းတာ ကြာနေပြီး။ ခုမှ သက်ဆိုင်ရာကနေ တွေ့တော့ တရားစွဲ ခံရတာ။ ခု တရားရုံးကို ၂ခေါက်တက်ပြီးသွားပြီး နောက်ဆုံးမှာ တယောက်ကို သြစီဒေါ်လာ ၁၈၀၀နဲ့ ဒဏ်ရိုက်လိုက်တယ်။ ၂ယောက်ကို ဒဏ်ရိုက်လိုက်တယ်။ ကျန်တဲ့ တယောက်က အသက် မပြည့်သေးတော့ ငွေဒဏ်ကို ပေးစရာ မလိုဘူး" ဟု ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။ အဆိုပါ ကရင်အမျိုးသား ၃ဦး ယခုလို ပိုက်ကွန်ဖြင့် ငါးဖမ်းခဲ့မှုသည် စီးပွားဖြစ် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပဲ မိမိတို့၏ ၀ါသနာအရ သော်လည်းကောင်း၊ ရရှိလာသော ငါးများကို ရိုးရာ ငါးပိ ပြုလုပ်ခြင်းဖြင့်သော် လည်းကောင်း ပြုလုပ်ခဲ့ကြသည်ဟု အသီးသီး ပြောဆိုခဲ့ကြသည်။ သို့သော်လည်း ယခုလို တရိစ္ဆာန် မျိုးမပြုန်းအောင် ဥပဒေအပြည့်အ၀ဖြင့် ကာကွယ် ပြဌာန်းထားသည့် ယခုလိုနိုင်ငံမျိုးတွင် ဥပဒေမဲ့ ယခုလို ငါးဖမ်းခြင်းမျိုးကို အထူးရှောင်ရှားရန် လိုအပ်ကြောင်းနှင့် ဥပဒေအကြောင်း ကောင်းကောင်း နားမလည်သေးသူ နယ်စပ်မှ ဒုက္ခသည်ဖြင့် ရောက်ရှိလာသူများကို ရှင်းလင်း ပြောကြားရန်လိုအပ်ကြောင်းလည်း ဥပဒေ ကျွမ်းကျင်သူများက ပြောဆိုခဲ့ကြသည်။

0 ความคิดเห็น:

แสดงความคิดเห็น