ဇွန်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ပိုမိုထိရောင်အောင် ရည်ရွယ်၍ စောင့်ကြည့်ရေးအဖွဲ့တခုထားရှိရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP သည် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ လူမှုအခြေပြုအဖွဲ့ အစည်း-CBO အဖွဲ့ (၁၁)ဖွဲ့နှင့် ယနေ့ နေ့လည် ၂နာရီမှ ညနေ ၅နာရီအထိ တွေ့ဆုံဆွေးနွေးခဲ့သည်။
KNPP အတွင်းရေးမှူး(၁) ခူဦးရယ် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဝင် ကိုယ်စားလှယ် များသည် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ဇွန်လ ၉ရက်နေ့က လွိုင်ကော်မြို့ တပ်မတော်ခန်းမတွင် တွေ့ဆုံဆွေးနွေး ကာ သဘောတူညီချက် (၁၄)ခု ရရှိပြီးနောက် ကယားဖူး၊ ဂရုဏာ၊ ကန္တာရ၀တီလူငယ် အပါအ၀င် အခြား CBO အဖွဲ့များအား တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ခရီးစဉ်တွင် လိုက်ပါသွားသည့် KNPP ၏ အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့်က “ကယားပြည်နယ်မှာ ပစ်ခတ် ရပ်စဲရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ဖို့ ဒေသခံလေ့လာစောင့်ကြည့်ရေးအဖွဲ့ ထားရှိဖို့ အစိုးရနဲ့ သဘောတူထားတယ်လေ။ ဒီအလုပ်တွေကို လက်တွေ့လုပ်တာက ကယားပြည်နယ်ထဲက လူမှု အသင်းအဖွဲ့တွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီအစီအစဉ်မှာ သူတို့ ဘယ်လိုပါဝင်မလဲဆိုတာ ညှိနှိုင်းကြတာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် KNPP ကိုယ်စားလှယ်များနှင့် COB အဖွဲ့ဝင်ဦးရေ ၃၀ခန့်တက်ရောက်ခဲ့ပြီး စောင့်ကြည့် ရေးအဖွဲ့တခုထားရှိရေးအတွက် လက်တွေ့အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဟု သိရသည်။
တဆက်တည်း၌ပင် မြန်မာအစိုးရနှင့် ယခု ပြည်ထောင်စုအဆင့် တွေ့ဆုံပွဲတွင် စစ်ဆင်ရေးများ ရပ်ဆိုင်းရေးနှင့် ဆက်ဆံရေးများထားရှိရေးအပါအ၀င် တောင်းဆိုချက် အချက်(၂၀) အပေါ် အခြေခံပြီး တင်ပြဆွေးနွေးခဲ့ရာ တွင် သဘောတူညီချက် ၁၄ချက် ရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ၏ ငြိမ်းချမ်းရေးခရီးစဉ်၏ ရလဒ်မှာ ၇၀ ရာခိုင်နှုန်းခန့် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း ဦးအောင်ဆန်းမြင့်က ဆိုသည်။
“အစိုးရဘက်ကလည်း အလျှော့အတင်းတွေ တော်တော်လေး လုပ်ခဲ့တာကို ကျနော်တို့ တွေ့ရတယ်။ လောလောဆယ် နှစ်ဖက် တပ်စခန်းတွေ သတ်မှတ်တာ၊ သွားလာလှုပ်ရှားတဲ့ နေရာတွေ သတ်မှတ်တာ သဘောမတူညီသေးပေမယ့် ဆက်လက်ဆွေးနွေးဖို့ သဘောတယ်လေ။”ဟု သူက ဖြည့်စွက်ပြောဆိုသည်။
ယင်းတွေ့ဆုံပွဲတွင် KNPPနှင့် အစိုးရအကြား အဓိကကျသော ကိုယ်စားလှယ် (၉)ဦးစီပါဝင်ပြီး ပြည်နယ်လွှတ် တော်အမတ်များနှင့် လေ့လာသူအားလုံးပေါင်း လူ ၈၀ ခန့်တက်ရောက်ခဲ့ကြောင်း KNPP က ပြောသည်။
KNPP သည် ယခု ဇွန်လ ၁၃ရက်နေ့တွင် ၎င်းတို့ အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်ဒေသသို့ ပြန်သွားမည်သိရ ပြီး ပြီးခဲ့သည့် မတ်လ ၇ရက်နေ့က ပြည်နယ်အဆင့် အစိုးရကိုယ်စားလှယ်များနှင့် လွိုင်ကော်မြို့တွင် ပထမ အကြိမ်တွေ့ခဲ့ပြီဖြစ်သည်။
วันอังคารที่ 12 มิถุนายน พ.ศ. 2555
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့် ကြည့်ရေးအဖွဲ့ ထားရှိရန် CBO အဖွဲ့များနှင့် KNPP တွေ့ဆုံ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น