နိုင်ငံရေးနဲ့ လူ့အခွင့်အရေးဖက်မှာ ပြုပြင်မှုတွေဆက်လုပ်နေရင် မြန်မာ-အမေရိကန် စစ်ရေးဆက်ဆံမှုကို တိုးမြှင့်ဖွယ်ရာ အလားအလာရှိကြောင်း ယခုလဆန်းပိုင်း စင်္ကာပူမှာကျင်းပတဲ့ အာရှလုံခြုံရေးထိပ်သီးညီလာခံမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။ အမေရိကန်ဟာ အရင်လို စစ်စခန်းတွေ ဆောက်တော့မှာမဟုတ်ဘဲ မြန်မာပြည်အပါအဝင် ဒေသခံနိုင်ငံတွေ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းရှိလာအောင် အကူအညီပေးဖို့သာ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၇) လလောက်က အမေရိကန်လူ့အခွင့်အရေးရာ လက်ထောက်ဝန်ကြီးနဲ့ အထူးကိုယ်စားလှယ် Derek Mitchell နေပြည်တော်သွားတုန်းကလည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ မြန်မာ-အမေရိကန် စစ်ရေးဆက်ဆံမှုကို ဆွေးနွေးကြောင်းသိရပါတယ်။ အမေရိကန်အစိုးရဟာ ဗမာအစိုးရကို စီးပွားရေး ဒဏ်ခတ်အရေးယူပြီး စစ်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားပေမယ့် စစ်သံမှူး အပြန်အလှန်စေလွှတ်တာကို မရပ်ဆိုင်းပါဘူး။ Obama အစိုးရလက်ထက်မှာ ဗမာစစ်ဗိုလ်အချို့  အမေရိကန်မှာ သင်တန်းတက်တာမျိုး ရှိပါတယ်။ ဒါကြောင့် အမေရိကန်-မြန်မာစစ်တပ်ရဲ့  ဆက်ဆံရေးဟာ လုံးဝပြတ်တောက်သွားတာမျိုး မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကြီးစိုးတဲ့ မဆလ ဆိုရှယ်လစ်အစိုးရခေတ်မှာ စစ်အေးတိုက်ပွဲရှိနေသေးတာမို့ မြန်မာပြည်မှာ တရုတ်သြဇာညောင်းမှာကို မလိုလားပေမယ့် အမေရိကန်က အဓိက စိတ်ဝင်စားတာဟာ ဘိန်းဖြူထုတ်လုပ်မှု ဖြစ်ပါတယ်။ အဲဒီတုန်းက ကမ္ဘာမှာ စားသုံးတဲ့ ဘိန်ဖြူ (၇၅) ရာခိုင်နှုန်းကို မြန်မာက ထုတ်လုပ်ပါတယ်။ အမေရိကန်မှာလည်း ရောင်းကောင်းပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးနှိမ်နင်းရေး ပစ္စည်းကိရိယာနဲ့ ရဟတ်ယာဉ်ကို အမေရိကန်က ထောက်ပံ့ပါတယ်။ ၁၉၆၂ က ၁၉၇၅ အထိ ရဟတ်ယာဉ် (၄၀) ကျော် အမေရိကန်က ပေးပါတယ်။ အမေရိကန် ရဟတ်ယာဉ်ကို ဗမာစစ်တပ်က လက်နက်တပ်ဆင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို တိုက်ခိုက်တဲ့အတွက် အကြီးအကျယ် စကားများခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၈၈ လူထုဆန္ဒပြပွဲကြီးကို ပစ်ခတ်နှိမ်နှင်းတဲ့အတွက် ၁၉၈၈ စက်တင်ဘာလ (၂၃) ရက်နေ့မှာ မူးယစ်ဆေးတိုက်ဖျက်ရေးအပါအဝင် အကူအညီအားလုံးကို ရပ်ဆိုင်းပြီး လက်နက်ပစ္စည်း မရောင်းဖို့ ပိတ်ပင်လိုက်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်လာတဲ့အတွက် ၁၉၉၃ ခုနှစ်မှာ အမေရိကန် စစ်လက်နက်ပစ္စည်းနဲ့ အတတ်ပညာ ဗမာအစိုးရကိုမပေးဖို့ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အမေရိကန်လုပ် စစ်ပစ္စည်းများကို ကြားနိုင်ငံက ဝယ်ယူပြီး မြန်မာကို ပြန်ရောင်းမယ်ဆိုရင် အမေရိကန်ဆီက ခွင့်ပြုချက်ရယူဖို့ လိုပါတယ်။ EU ခေါ် ဥရောပသမဂ္ဂအဖွဲ့ကတော့ ၁၉၈၈ ကတည်းက ဗမာအစိုးရကို လက်နက်မရောင်းဖို့ ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းမှာဆက်ပြီး ပိတ်ပင်ထားပါတယ်။ စစ်အတတ်ပညာနဲ့ ဝန်ဆောင်မှုလုပ်ငန်းမှာလည်း ပိတ်ပင်တားမြစ်ထားပါတယ်။ မြောက်ကိုရီးယားနဲ့ တရုတ်ဆီက စစ်လက်နက်ပစ္စည်းရယူပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ ဗမာအစိုးရကို စိုးရိမ်စရာအဖြစ် အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Robert Willard က မနှစ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲတက်ရောက်တဲ့ ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးလှမင်း က ဗမာအစိုးရမှာ အဏုမြူလက်နက်ထုတ်လုပ်ဖို့ အစီအစဉ်မရှိကြောင်း အရင်လုပ်ခဲ့တဲ့ သုတေသနကို ဆက်လုပ်မှာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီလိုလုပ်ဖို့ စီစဉ်တဲ့အစိုးရကို စီးပွားရေးအရ ဝိုင်းဝန်းအကျပ်ကိုင်မယ်ဆိုရင် ပြည်တွင်းမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်လာရာမှာမို့ အကောင်အထည်ဖော်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်လာရမယ်လို့လည်း ပြောဆိုသွားပါတယ်။ ဒီလို ဖြစ်မလာအောင် ကြိုတင်ကာကွယ်ဖို့ အာဆီယံမှာ နိုင်ငံရေးစိတ်ဓါတ် ရှိရမယ်လို့လည်း ဆိုပါတယ်။ မလေးရှားနဲ့ စင်္ကာပူ ပြဿနာဖြစ်နေတဲ့ Pedra Branca ကျွန်းပိုင်ဆိုင်မှုကို ၂၀၀၈ မှာ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဆုံးဖြတ်တာနဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာကို ရေနယ်နမိတ် သတ်မှတ်ပေးတာကိုလည်း စံနမူနာအဖြစ် ဒုဗိုလ်ချုပ်ကြီး လှမင်း က ပြောဆိုသွားပါတယ်။ အဏုမြူစီမံကိန်းနဲ့ မြောက်ကိုရီးယားရဲ့  စစ်ရေးအကူအညီဟာ အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမှုမှာ အဓိက ပြဿနာတခု ဖြစ်ပါတယ်။ အဏုမြူကိစ္စမှာ သံသယရှင်းသွားရင်တောင် မြောက်ကိုရီးယားကိစ္စကိုရှင်းဖို့ အခက်အခဲရှိနိုင်ပါတယ်။ မြောက်ကိုရီးယားနဲ့ ဆက်ဆံရာမှာ ကုလသမဂ္ဂ အရေးယူမှုကို မထိခိုက်အောင် ဆက်ဆံကြောင်း။ နောင်အခါမှာ ဆက်ဆံရေးနည်းသွားဖို့သာရှိကြောင်း ဒုဗိုလ်ချုပ်ကြီးလှမင်း က စင်္ကာပူမှာ ရှင်းပြသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ကလည်း နှစ်ဆန်းက စင်္ကာပူသွားတုန်းကတကြိမ်၊ တောင်ကိုရီးယား သမ္မတ နေပြည်တော်လာတုန်းကတကြိမ် မြောက်ကိုရီးယားလက်နက်ကို မဝယ်တော့ကြောင်းပြောပေမယ့် သံသယရှိသူတွေ အများကြီးရှိနေပါသေးတယ်။ ဗမာအစိုးရကို ဒဏ်ခတ်ပိတ်ဆို့ထားတာကို EU ဥရောပသမဂ္ဂနဲ့ အမေရိကန်က ရပ်ဆိုင်းလိုက်ပေမယ့် စစ်လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်တားမြစ်တာတွေကိုတော့ မရုတ်သိမ်းသေးပါဘူး။ ဒါကိုကြည့်ရင် အမေရိကန်နဲ့ ဥရောပ က ယုံကြည်လာဖို့ အရပ်သားတပိုင်း အစိုးရအနေနဲ့ အများကြီးကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ထိုးစစ်ဆင်နေတဲ့ ဗမာအစိုးရဟာ အိန္ဒိယ-တရုတ် နဲ့ ရုရှား ဆီက လက်နက်ဝယ်ယူနိုင်သလို ကြားပွဲစားကတဆင့် မြောက်ကိုရီးယားဆီကလည်း ရယူနိုင်ပါတယ်။ VOA
วันจันทร์ที่ 18 มิถุนายน พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น