วันพฤหัสบดีที่ 3 พฤษภาคม พ.ศ. 2555

ပြောက်ကျားစစ် ပါရဂူ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် ဂျော်နီ

(ဖါးကပ်)တိုက်ပွဲကိုမဖေါ်ပြမှီ စစ်နှင့်ပါတ်သက်သည့် စစ်သဘောထား တချို့ကို ကျွန်တော် မန်းရောဘတ်ဘဇန် အနေဖြင့် ဦးစွာ တင်ပြလိုပါသည် - (The purpose of the revolutionary war is peace) “တော်လှန်ရေး စစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဖြစ်သည်”။ ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု၊ အနိုင်ကျင့်၊ စော်ကားရန် မဟုတ်၊ (တိုင်းရင်းသား) အမျိုးသား တန်းတူအခွင့်အရေး ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး အတွက် ကျူးကျော်လာမှုကို ခုခံသည့် တရားသော စစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။ ဖါးကပ်တိုက်ပွဲဖြစ်စဉ်အား စတင်ရှင်းလင်းတင်ပြလိုသည်မှာ ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်၊ နံနက် (၀၉းဝဝ) နာရီ အချိန်အခါသမယတွင် ကရင်ပြည်နယ်၊ ဖါးအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ(ရ)၊ တပ်ရင်း(၁၉)၊ စစ်ကြောင်း(၁) တာဝန်ကျရာ စစ်ဆင်ရေးဧရိယာဒေသတခွင်လုံး ဟေမန္တ ဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး - စစ်ရေး မတည်ငြိမ် မအေးချမ်းလှသေးပေ။ တပ်မ(၄၄)၊ ကွပ်ကဲမှုအောက် တပ်ရင်းများသည် ကရင်ပြည်နယ် စစ်ဆင်ရေးဧရိယာအတွင်း (ကြူပင်ခုတ် ကြူငုတ်မကျန်) ဖြတ်လေးဖြတ် ဗျူဟာခင်း ဆင်နွှဲလျှက်ရှိသည်။ (ဖြတ်လေးဖြတ် ဗျူဟာ) အရ လူထုနှင့် အဆက်ဖြတ်၊ သတင်းဖြတ်၊ ရိက္ခာဖြတ်၊ သတ်ဖြတ် ဟူ၍ ဖြစ်ပါသည်။ အဆိုပါ ဖြတ်လေးဖြတ် ဗျူဟာသည် ဒုတိယ ကမ္ဘာစစ်အတွင်း၊ တရုတ်ပြည် သိမ်းပိုက်ရေးစစ်ပွဲကာလ၊ ဖက်ဆစ်ဂျပန်များက ကျင့်သုံးခဲ့သည့် (Three All) ပေါ်လစီ (မူဝါဒ) အတိုင်း ဖြစ်ပါသည်။ ဂျပန်တို့က အောက်ပါအတိုင်း ပေါ်လစီချထားခဲ့သည် - (Kill all) အားလုံးသတ်။ (Burn all) အားလုံးမီးရှို့။ (Destroy all) အားလုံးဖျက်ဆီး တို့ဖြစ်သည်။ ကျွန်တော်တို့၏ ကရင်ပြည်တွင်း၌၄င်း၊ ဘဝတူညီအစ်ကိုတော် လူမျိုးစုများ နယ်မြေများ၌၄င်း ရန်သူများက ဤပေါ်လစီ အတိုင်း ကျင့်သုံးနေသည်မှာ ရာစုနှစ် တစ်ဝက်ကျော်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ စစ်ကြောင်း(၁)သည် စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ (ယခု တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ စောဂျော်နီ) ၏အနီးကပ် ကွပ်ကဲမှုဖြင့် ပိုင်ကျုံမြို့နယ်အတွင်း စစ်ဆင်ရေး ဧရိယာဂွင်အဖြစ် လှုပ်ရှားလျှက် (နောတဲခီး)ရွာ၌ တပ်ကို အခြေပြုထားပါသည်။ ထိုစဉ်ကာလ၌ ဗိုလ်ကြီးဖါးခလိုဦးစီးသော တပ်ခွဲ(၁)သည် တပ်မဟာ(၄) စစ်ဆင်ရေး ဧရိယာဂွင်အတွင်း မြိတ် - ထားဝယ် ခရိုင်၌ တာဝန်သွားယူနေရသည်။ တပ်ခွဲ(၂)အား ဗိုလ်ကြီးလူးစီ(ဆုံး) က ဦးစီး၍၎င်း၊ တပ်ခွဲ (၃) အား ဗိုလ်ကြီးအောင်လင်း ဦးစီး၍၎င်း၊ (မယ်ပရ) တပ်ခွဲ (၄) အား မိမိဦးစီး၍၎င်း၊ တပ်ခွဲ (၅) အား ဗိုလ်ကြီးဂျော်ဖြူ (ဗိုလ်မှူးချုပ်ဂျော်နီ၏ညီ) ဦးစီး၍၎င်း၊ စစ်ကြောင်းဌာနချုပ်တပ်ခွဲအား ဗိုလ်ကြီးဒေးဝါး ဦးစီး၍၎င်း အသီးသီး ကွပ်ကဲ လှုပ်ရှားလျက် ရှိပါသည်။ ကျွန်တော်တို့ တပ်ရင်းမှူးမှာ ဒုတိယဗိုလ်မှူးကြီးမောင်ထွန်း (ဆုံး) ဖြစ်ပြီး တပ်ရေးဗိုလ်ကြီးမှာ ဗိုလ်မှူးထွန်းကြိုင် (ဆုံး) တို့ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် တပ်မ (၄၄) ကွပ်ကဲမှုအောက်ရှိ ခမရ (၃) နှင့် ခမရ (၅) တပ်ရင်းများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ် စောင့်ကြည့် အကဲခတ် လျက်ရှိသည်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ ပြောက်ကျားစစ် ပါရဂူတစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးဂျော်နီမှ - “ကျနော်တို့ဒီလို စစ်ကြောင်းကြီးနဲ့ လှုပ်ရှားနေရင် ဒီကောင်တွေ ဝင်တိုးရဲမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ ဒါကြောင့် ဆက်လက်ပြီး သူက “တပ်အနည်းစုကိုသာပြပြီး ကျန်စစ်ကြောင်းကို ဖျောက်ထားမယ်၊ ကျွန်တော်နဲ့ တပ်စိတ်တစ်စိတ် (ပိုင်ကျုံ) ရန်သူ့စခန်းနားက ကပ်ဖြတ်ပြီး (ကစို) ရွာမှာ အယောင်ပြမယ်။ နှစ်ရက်လောက် နေပြမယ်။ ရန်သူအား သတင်းအနံ့ ထိုးကျွေးမယ်။ စစ်ကြောင်းက ဒီမှာဘဲ ခိုနေဦး။ သုံးရက်လောက်ခိုပြီးမှ ညဘက် (ညာမရော) ဘက်ကနေ(ဖါးကပ်) ကိုဝင်ပြီး ဖါးကပ်ရောက်ရင် တပ်နေရာချ၊ ပတ်လည်ကတုတ်ကျင်းတူး၊ ခံစစ် စီမံချက် စနစ်တကျ လုပ်၊ ကျွန်တော်က ရန်သူအား ဒီဘက် (ဖါးကပ်) ကို ဆွဲခေါ်လာမယ်၊ လုပ်ရုံးလုပ်စဉ်အတိုင်းဘဲ ပစ်ခတ်မှုဖြစ်လို့ သေနတ်ရရင် (မော်ထူး) ရမယ်၊ အားလုံးရှင်းလား”--- ဟု ညွန်ကြားချက်ပေးပြီး တပ်စိတ်တစ်စိတ်နှင့် ထွက်ခွာသွားခဲ့ပါတော့သည်။ ဒီနေရာမှာ မော်ထူးဆိုတဲ့ ဝေါဟာရကို အနည်းငယ် ရှင်းပြလိုပါသည်။ (မော်ထူး) ဆိုသည်မှာ စကောကရင်ဘာသာဖြင့် ဆေးပေါ့လိပ် ဖြစ်သည်။ ပစ်ခတ်မှုဖြစ်လို့ ရန်သူ့သေနတ်ရပါက ဆုပေးသည့်အနေဖြင့် ဆေးပေါ့လိပ် ပေးမည်ဖြစ်ပြီး ရန်သူ့သေနတ်မရပါက ဒဏ်ပေးသည့်အနေဖြင့် ကြိမ်ဒဏ် (၂၅) ချက် ရိုက်ခံရမည်၊ တပ်မှူး တပ်သားမရွေး လိုက်နာရမည့်ဆုပေးဒဏ်ပေး စနစ်ဖြစ်သည်။ ကျည်ရောက် လူရောက် စီမံချက်ဖြစ်သည်။ တိုက်ပွဲ ဖြစ်တိုင်း ရန်သူ့လက်နက်မရပါက တိုက်ပွဲသုံးသပ်ချက်မှာ တိုက်ပွဲရှုံးသည်ဟု သုံးသပ်သည်။ မိမိတပ်မတော်ကို ရန်သူ့ လက်နက်ဖြင့် အင်အားဖြည့်တင်း ရမည် ဟူသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးပေါ်လစီ မူဝါဒတစ်ခု ဖြစ်သည်။ စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် နိုင်ငံတကာ စစ်ပါရဂူများဖြစ်ကြသော - တရုတ်စစ်ပါရဂူ ဖုံသက်ဝိုင်၊ ဆွန်ဇူး၊ မော်စီတုန်း၊ ငုယင်ဂီယပ်(ဇပ်)၊ ချေ ဂွေဗါးရား၊ ဂျော့ခ်ျ ဂရီးဗတ်စ် (George Grivas)၊ ကလော့ဇ်ဝစ်၊ လစ်ဒယ်ဟတ်၊ လက်ဝဲသုန္နရ စသည့် စစ်ပါရဂူများ၏ သင်ကြားမှုများကို ဖတ်ခဲ့ဘူး၊ သင်ခဲ့ဘူးခြင်း ရှိ မရှိကိုမူ မသိသော်လည်း စစ်မြေပြင်ထက်ကောင်းသော စစ်တက္ကသိုလ်မရှိ ဆိုသည့် စစ် (ဒဿန)ကိုမူ ကောင်းစွာ နားလည် သဘောပေါက်ခဲ့သူ ဖြစ်ပါသည်။ စစ်သားတို့၏ မှတ်ကျောက်သည် စစ်မြေပြင်တွင်သာ ဖြစ်သည်။ တိုက်ပွဲပေါင်းမြောက်များစွာမှ သင်ယူရရှိခဲ့ပြီး ဖြစ်သည်။ “ပြောက်ကျားစစ်” စစ်နည်းဗျူဟာများ ဖြစ်ကြသည့် “ရန်သူကို အမျိုးမျိုးလှည့်စား၊ မြူဆွယ် ကျုံးသွင်းပြီး အလျှင်အမြန်တိုက်”၊ “တိုက်ပွဲတိုင်း အလစ်အငိုက်ယူ”၊ “ရန်သူရဲ့ အားနည်းတဲ့အပိုင်းကိုတိုက်”၊ “မနိုင်ပုံပေါ်ရင် အစီအစဉ်ရှိရှိ ဆုတ်” (All warfare is base on deception) ဆိုသည့် နည်းဗျူဟာ များကို စစ်သားဘဝကတည်းက သင်ကြား မှတ်ယူထားခဲ့ပြီးဖြစ်သည်။ စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီမှ တပ်စိတ်တစ်စိတ်နှင့် စတင်လှုပ်ရှားလိုက်သည်နှင့် ထောက်လှမ်းရေးကွန်ယက်လို ဖြန့်ကြဲထားသည့် ရန်သူ့ ထောက်လှမ်းရေးများမှ - “ငပွေး ဂယောင်နီလာ အငယ်တစ်ခုနဲ့ (ကစို) ဘက်ထွက်သွား” ဟူ၍ ပြောသံကို မိမိတို့၏ ကြားဖြတ်ဖမ်းစက်က သိရှိရသည်။ အဆိုပါ ငပွေးဆိုသော ဝေါဟာရမှာ ကရင်အမျိုးသားများကို နံနှိမ်ခေါ်သည့် ဗမာ့တပ်မတော်၏ လက်သုံးစကားဖြစ်ပြီး ဂယောင်၊ ဂငယ်၊ (ဂျော်) မှာ စကားပြောစက်တွင် စစ်သုံး လျှို့ဝှက်သင်္ကေတ အခေါ်အဝေါ် ဖြစ်ပါသည်။ ဂယောင်ဟု ခေါ်ဆိုလိုက်သည်မှာ ဂျော် ကို ဆိုလိုခြင်းဖြစ်ပြီး နီလာ မှာ နငယ်၊ နီကို ဆိုလိုခြင်း ဖြစ်သဖြင့် အဆိုပါ ဝေါဟာရနှစ်ခု ပေါင်းလိုက်ပါက ဂယောင်နီလာ သည် ဂျော်နီကို ဆိုလိုခြင်း ဖြစ်သွားပါသည်။ ဥပမာ- တာချီလိတ်မြို့ကို တခိုင်လုံးဟု ခေါ်ဆိုသလို ဗိုလ်မှူးကို ဗေဒါမာလာဟု လျှို့ဝှက်ခေါ်ဆိုပါသည်။ အငယ်တစ်ခု ဆိုသည်မှာ တပ်စိတ်တစ်စိတ် အင်အားပမာဏကို ဆိုလိုခြင်းဖြစ်ပြီး အလတ်တစ်ခု ဆိုပါက တပ်စုတစ်စု အင်အားဖြစ်သွားကာ အကြီးတစ်ခု ဆိုလျှင် တပ်ခွဲတစ်ခွဲကို ဆိုလိုခြင်း ဖြစ်ပါသည်။ စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် (ကစို) ရောက်ပြီး အငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို (ဖါးကပ်) သို့ခေါ်ခဲ့ကာ ရန်သူကို (ဖါးကပ်) သို့မြူဆွယ်၍ ကျုံးသွင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့စစ်ကြောင်းသည် စစ်ဆင်ရေး စီမံချက်အတိုင်း (ညာမရော) မှတဆင့် (ဖါးကပ်)သို့ ည (၉)နာရီတွင် ရောက်ရှိသွား တော့သည်။ တပ်ခွဲများအား သတ်မှတ်ထားသည့်နေရာ၌ နေရာယူခြင်း၊ လက်နက်ကြီးများ ပစ်လမ်းကြောင်း ရွေးချယ်ခြင်း၊ ကတုတ်ကျင်း တူးခြင်း၊ ပစ်ပိုင်နယ် ရှာဖွေ သတ်မှတ်ခြင်း၊ သတ်ကွင်းများ ရွေးချယ်ခြင်း စသည်တို့ကို ခံစစ်စီမံချက်အတိုင်း စနစ်တကျ ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် တပ်ခွဲရှိ ရဲဘော် များအား တစ်ဝက်ပွဲကြည့်စေပြီး တစ်ဝက်ကို ကင်းချရန် ညွန်ကြားလိုက်သည်။ စစ်ကြောင်းမှူး ငှားလာသော အငြိမ့်အဖွဲ့သည် (ဖါးကပ်) ရွာ၌ စတင် ကပြလျှက်ရှိသည်။ ဆိုင်းသံ၊ ဗုံသံကတညံညံ၊ ရယ်သံက တဝေါဝေါ၊ မင်းသမီး သီချင်းသံက တလွင်လွင်၊ ကြည်လင်အေးမြတဲ့ ညအချိန် ဖြစ်နေပါ တော့သည်။ “ငပွေး ဂယောင် နီလာတော့ ခုလောက်ဆို မင်းသမီးတွေနဲ့ လုံးနေရောပေါ့၊ ဒီကောင်တွေကို အရှင်ဖမ်းမယ်။ မနက်ဆိုရင် အတုံးအရုံး အိပ်ကုန်ပါပြီ၊”—လို့ ရန်သူ့တပ်ရင်းမှူးက ယူဆနေမှာဖြစ်ပါတယ်။ စီမံချက်သာ မရှိခဲ့ရင်၊ ဖြစ်ရိုးဖြစ်စဉ် အရ ဒီအတိုင်းဘဲ ဖြစ်မှာပါ။ နံနက် (၉းဝဝ) နာရီထိုးပါပြီ။ ရန်သူစစ်ကြောင်းသည် အာသာငမ်းငမ်း ထိုးကျွေးထားသော အစာကို လာဟပ်ပါတော့သည်။ “ဒက်၊ ဒက်၊ ဒက်၊ ဒုံး၊ ဂျိမ်း၊ ဂွမ်း”— ဟူသော လက်နက်ငယ်၊ လက်နက်ကြီးမျိုးစုံ အသံများသည် (ဖါးကပ်) ရွာကို အရုပ်ဆိုး၊ အကျည်းတန် သွားစေတော့ သည်။ ရန်သူသည် ခပ်စိတ်စိတ် ရင်ဘောင်တန်း ပစ်ရင်း၊ အော်ရင်း ချီတက်လာသည်။ မိမိတို့သည် ကျည်ရောက်၊ လူရောက်စနစ်အရ မပစ်သေးဘဲ ရန်သူအား အနီးကပ် ပစ်ခွင့်ရတဲ့ အကွာအဝေးအထိ အပိုင်ပစ်နိုင်အောင် စောင့်ဆိုင်းခြင်းဖြင့် တိတိကျကျ လိုက်နာလုပ်ဆောင်သည်။ (ကျည်တစ်တောင့်၊ ရန်သူတစ်ယောက်)၊ မူအရ ပစ်ပိုင်နယ် (၂၅) ကိုက် ရန်သူများ အရောက်၊ မိမိတပ်ခွဲ၊ တပ်စု(၁)၊ တပ်စိတ် (၁) မှ တပ်စိတ်မှူးတပ်ကြပ် (မူးမူး) ခေါ် (ကော့နား) ၏ အမ်ဂျီ (၄၂) စက်လတ် စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် တပ်စု (၁) တစ်စုလုံး၏ သေနတ်များ လှုပ်ရှား ပစ်ခတ်ကြပါတော့သည်။ ရင်ဘောင်တန်း ချီတက်လာသည့် ရန်သူ (၈) ယောက်၊ အရုပ်ကြိုးပြတ် လဲကျကုန်တော့သည်။ အနည်းငယ် ငြီးငြူယုံမှအပ၊ မကြာခင်ပင် အသက်ထွက် ကုန်ကြတော့သည်။ မိမိတို့၏ ကျည်ရောက် လူရောက် စီမံချက်ကြောင့် သေနတ်သံ စတင်ထွက်သည်နှင့် ဝါရင့်စစ်သည်တော်များသည် ရန်သူ့လက်နက် (၈) လက်ကို သွားရောက်ကောက်ယူလိုက်ပြီး ဖြစ်သည်။ ရန်သူ့ထံမှ (၉) မမ ဘရောင်နင် ပစ္စတို (၂) လက်၊ ကါဘိုင် (၁) လက်၊ ဂျီ (၃)၊ ဂျီ (၄) – (၅) လက် စုစုပေါင်း လက်နက် (၈) လက် သိမ်းပိုက်ရရှိလိုက်သည်။ တိုက်ပွဲကာလ (၁၅) မိနစ်သာ ကြာလိုက်သည်။ “လောကွားမှ တာဖ အသံကောင်းလား” စစ်ကြောင်းမှူးမှ မိမိအားခေါ်နေသည်။ “တာဖ မှ လောကွား၊ အသံ ၅” မိမိပြန်ဖြေသည်။ “အခြေအနေသတင်းပို့” “သေနတ် (၈) လက်ဘဲ ရသေးတယ်၊ ရန်သူ့ငြီးသံကြားနေရတယ်” လို့ ကျွန်တော်က ပြန်သတင်းပို့လိုက်ပါသည်။ စစ်ကြောင်းမှူးက “အကောင်းဆုံးဆက်လုပ်” --- ရန်ညွန်ကြားလိုက်သည်။ အဆိုပါ ဆက်သွယ်ရေး စကားလုံး ဝေါဟာရအရ လောကွားသည် စစ်ကြောင်းမှူး စကားပြောစက် အမည်ဖြစ်ပြီး တာဖ သည် မိမိ၏စကားပြောစက်အမည် ဖြစ်ပါသည်။ အသံ (၅) သည် စက်အသံ အတိုးအကျယ်အဆင့်နှင့် ကြည်လင်ပြတ်သား၊ ရှင်းလင်းမှုကို ဖြေကြားခြင်း ဖြစ်ပါသည်။ ရန်သူ၏ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရပြီးနောက် မိမိတို့နှင့်ထိတွေ့မှုဖြစ်နေသော တပ်ရင်းမှ၎င်း၊ (ဖွေးထောရူ) ရှိ ပိတ်ဆို့ရေး ယူထားသော အခြားစစ်ကြောင်းများမှ (၈၁) မမ စိန်ပြောင်း၊(၇၅) မမ နောက်ပွင့် ရိုင်ဖယ်၊ (၆ဝ) မမ စိန်ပြောင်း စသည့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပုံအော ပစ်ခတ်လျှက်ရှိသဖြင့် မိမိတို့ပတ်ဝန်းကျင် တစ်ခုလုံး မဲမှောင်နေတော့သည်။ တပ်ခွဲရုံမှ ရဲဘော်များဖြစ်ကြသော တပ်ကြပ်ပုချို (ဝမ်းခါ) (ကက်ဘလူးတိုက်ပွဲတွင်ကျဆုံး)၊ ရဲဘော် အောင်ပ၊ ရဲဘော်အယ်မွီး၊ ရဲဘော်ခင်မောင်ဦးတို့သည် ကတုတ်ကျင်းထဲ၌ ရန်သူတက်လာမည်ကို သဲသဲမဲမဲကြည့်နေသည်။ ပစ်ပိုင်နယ် (၂၅) ကိုက်ရောက်မှ ပစ်ကြမည်ဖြစ်သည်။ ရန်သူသည် မိမိတို့ စကားပြောစက်သံကိုလည်း ကြားဖြတ် နားထောင်လေ့ရှိတတ်ကြောင်း သိရှိထားသဖြင့် ရန်သူအား လှည့်စားရန် လိုအပ်လာပြီဖြစ်ပါသည်။ “လောကွားမှတာဖ၊ ရန်သူ့လက်နက်ကြီး ပစ်ခတ်မှု သတင်းပို့” စတင် အသံပေးလိုက်သည်။ “တာဖ မှ လောကွား၊ (အလွန်တည်ငြိမ် အေးချမ်းသောလေသံဖြင့်) ရန်သူ့လက်နက်ကြီး ပစ်နေတဲ့ကောင်တွေ တော်တော် ညံ့တယ်ဗျ၊ ဘယ်နိုင်ငံမှာ သင်တန်းသွားတက်ထားတယ် မသိဘူး၊ ပစ်ရာတခြား၊ ရှရာတခြား ဖြစ်နေတယ်၊ ဒီအတိုင်းသာ ဆက်ပစ်နေရင်၊ ဗမာတပြည်လုံးကိုရောင်းပြီး ပစ်တာတောင် တစ်ဦးတစ်ယောက်မှ ထိမှာမဟုတ်ဘူး” ဟု ဆွပေးလိုက်သည်။ အမှန်မှာ မိမိတပ်ခွဲမှ စစ်သည်တစ်ဦး၊ တပ်ခွဲ (၅) မှ စစ်သည်တစ်ဦးစီ ဒဏ်ရာအသီးသီးရထားသည်။ မိမိ ရန်သူကို လှည့်စားနေမှန်း စစ်ကြောင်းမှူးက သိနေသဖြင့်- “ဒါဆိုဘယ်လောက်ကွာလဲ”-လို့မေးလိုက်ရာ- “ကိုက်(၅ဝဝ) လောက်ကွာတယ်” ဟု ကျဉ်လမ်းကြောင်းလွှဲ ပြောလိုက်သည်။ ကြားဖြတ်နားထောင်နေသော ရန်သူ့ ဗျူဟာမှူးသည် ၄င်းတို့၏ လက်နက်ကြီးများကို အနောက်ဘက်ကိုက် (၅ဝဝ) သို့ ရွေ့ခိုင်းလိုက်တော့သည်။ “အုံး၊ ဒိုင်း၊ ဂျိမ်း၊ ဂွမ်း” “လောကွား မှ တာဖ၊ အခြေအနေဘယ်လိုလဲ” “တာဖ မှ လောကွား၊ (အလွန်ရှုပ်ထွေး၊ ယောက်ယက်ခပ်နေသည့် ပုံစံဖြင့်) “အခြေအနေ မကောင်းဘူး၊ ထိပ်ပေါ်တည့်တည့်ဘဲ”—ဟုဖြေလိုက်သည်နှင့် - ရန်သူဗျူဟာမှူးမှ “အဲဒီနေရာကို သေသေချာချာ မှတ်ပုံတင်ထားကွ၊ အတွဲလိုက်ပစ်၊ (၃) စက္ကန့်တလုံးပစ်”—ဟု ညွန်ကြားသံကို မိမိတို့ကြားဖြတ်စက်မှ ကြားနေရသည်။ ရန်သူ့လက်နက်ကြီးကျည်များ မိမိတို့နောက်ဘက် ကိုက်(၅ဝဝ) ခန့် ကျော်သွားပြီး ပေါက်ကွဲနေသည်ကို မိမိနှင့် စစ်ကြောင်းမှူးတို့ ပြုံးကြည့်နေကြောင်း ရန်သူ့ဗျူဟာမှူး မြင်ခဲ့ပါမူ ရင်နာလို့ မဆုံး ဖြစ်မည်မှာ သေချာလှပါသည်။ ရန်သူ့လက်နက်ကြီး အန္တရာယ် ကင်းဝေးသွားသည်နှင့် ဒဏ်ရာဖြင့် ညှီးညူနေသောရန်သူအား ချော့မြူ သိမ်းသွင်း ခေါ်ယူရန်၊ ရန်သူနှင့်အနီးကပ် (၁ဝ) ကိုက်သို့ ချည်းကပ်သွားတော့သည်။ “ဟေ့ ရဲဘော်၊ ဒို့ဆီလာခဲ့” ရန် ခေါ်လိုက်သည်။ “ကျွန်တော်လာလို့ မရဘူး၊ ခြေထောက်မှာဒဏ်ရာ ရထားတယ်” “ဒါဆို မင်းသေနတ် ရှေ့ချထား” ဟု ပြောပြောဆိုဆို မိမိ ကာဘိုင်သေနတ်အား ၄င်းထံ ချိန်ရွယ်ထားလိုက်သည်။ မိမိအား ရန်သူလှည့်စားနေတာလား၊ ဟုတ်မှဟုတ်ရဲ့လား -- ဆိုသောသံသယဖြင့် သတိကြီးစွာထားပြီး ရန်သူကို ဂရုတစိုက် ကြည့်နေသည်။ “ကျွန်တော့သေနတ်မရှိတော့ဘူး၊ အဖေါ်တွေ ယူပြေးသွားပြီ” လို့ ပြောသည်။ အဆိုပါ ရဲဘော်ရဲဘက်စိတ် ကင်းမဲ့စွာ ပစ်ထားခဲ့ပြီး သေနတ်ကိုတော့ လူထက်တန်ဖိုးထားသည့် သတင်းအား စိတ်ဓါတ်စစ်ဆင်ရေး ၀ါဒဖြန့်ချီရေး လက်နက်တစ်ခုအဖြစ် ထိရောက်စွာ သုံးနိုင်ပါသည်။ စစ်မြေပြင်၌ ယခုလို ရန်သူနှင့် အပြန်အလှန် စကားပြောခွင့်ရပြီးသည်နှင့် ရန်သူကို မိမိတို့ စည်းရုံး သိမ်းသွင်းနိုင်ပြီး ဖြစ်သည်။ “ဒါဆို တွားတက်ခဲ့”--ရန် အော်ပြောလိုက်သည်။ စစ်မြေပြင်တစ်ခုလုံး ခေတ္တ တိတ်ဆိတ်နေသည်။ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရကြောင်း ရန်သူဗျူဟာမှူး သိနေသည်။ တခုခု ဆောင်ရွက်လာမည် ဖြစ်သည်။ အချိန်ဆွဲနေ၍ မဖြစ်၊ တွားတက်ခဲ့ရန် မိမိ ညွန်ကြားချက်ကို နာခံလို့ထင်သည်၊ ရှေ့မှရန်သူ၏ လှုပ်ရှားသံကို ကြားလာသည်။ မြေကြီးနှင့် ကိုယ်ခန္တာ ပွတ်တိုတ်သံကို ကြားနေရသည်၊ တစတစ နီးလာပါပြီ၊ မိမိကာဘိုင် သေနတ်အား သေချာစွာ ချိန်ရွယ်ထားပြီး ကြည့်လိုက်ရာ- “အိုး၊ ခြေထောက်မှာသွေးတွေ၊ ဒဏ်ရာ ရထားပါလား” အံ့သြစွာ သိလိုက်ရသည်။ ရန်သူကို ဆေးကုပေးရန် လိုအပ်နေပြီဖြစ်၍ ရဲဘော်နှစ်ဦးအား ရွာတွင်းသို့ခေါ်သွားရန် ညွန်ကြားလိုက်သည်။ “ဒီရန်သူကို ရွာထဲခေါ်သွား၊ ဆေးမှူး ဆရာသာလေးဒေး ကျွန်တော်နဲ့လိုက်ခဲ့”----ရန် ပြောပြောဆိုဆို ရွာထဲသို့ ခေါ်သွားတော့သည်။ ဒဏ်ရာရ ရန်သူသည် သွေးထွက်များလို့ထင်သည် မျက်နှာဖြူဖတ် ဖြူယော်နှင့် အားငယ်နေသည့် အသွင်ပေါက်နေသည်။ ကျည်ကွယ်ရသော ထင်းပုံများကြား၌ ဆေးမှူး ဆရာသာလေးဒေး (ယခု တပ်ရင်း (၂၄) ဒုတိယတပ်ခွဲမှူး ဗိုလ်သာလေးဒေး) သည် လုပ်စရာ ကိုင်စရာများ လုပ်နေသည်။ သွေးများကို ဆေးကြောနေသည်၊ ဆေးထိုးပေးနေသည်၊ ပတ်တီးစည်း နေသည်၊ စိတ်ရှည်လက်ရှည် ကိုင်တွယ်နေသည်။ ကုသနေသည်။ (စစ်မြေပြင်မှာ စစ်သားစုဆောင်းရေး စနစ်ရှိသည်)၊ သုံ့ပန်းပေါ်လစီအရ ဖမ်းမိရန်သူကို မသတ်ရ၊ မနှိပ်စက်ရ၊ ယဉ်ကျေးစွာ ဆက်ဆံပါ၊ ဒဏ်ရာရ ရန်သူကို ဆေးကုသမှုပြုပါ ဆိုသည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ သုံ့ပန်းပေါ်လစီကို ကျွန်တော့်ဆေးမှူး နားလည်သိရှိ ထားပြီးဖြစ်သည်။ ဆေးမှူး၏စိတ်ရှည် လက်ရှည် မေတ္တာစိတ်ဖြင့်ကုသမှုကြောင့် ဒဏ်ရာမှ သွေးတိတ်သွားတော့သည်။ ဆေးမှူးသည် မိမိအား မော့ကြည့်ကာ “ရန်သူအသက် စိုးရိမ်စရာ မရှိတော့ကြောင်း၊ အခြေအနေကောင်းသွားပြီဖြစ်ကြောင်း” မျက်ရိပ်ပြလိုက် သဖြင့် မိမိဝမ်းသာမိသည်။ လူသားတစ်ယောက်ကို အသက်ရှင်နိုင်အောင် ရန်သူ - မိတ်ဆွေ မခွဲခြားဘဲ စစ်မြေပြင်မှာ ကယ်တင်နိုင်မိသဖြင့် ဝမ်းသာမိခြင်းဖြစ်သည်။ မိမိတို့ ကရင်တမျိုးသားလုံးကို ကျွန်ပြု သတ်ဖြတ်နေသည့် ရွာဖျက်၊ မီးရှို့၊ မုဒိန်းကျင့်၊ ပေါ်တာဆွဲ၊ လူမဆန်တဲ့၊ သိက္ခာမဲ့တဲ့အလုပ် အကုန်လုပ်တဲ့ ရန်သူကို ဘာကြောင့် ဆေးကုပေး နေရတာလဲဟု အာဃာတတရား၊ အမုန်းတရားများကို သင်ပုန်းချေ ပစ်လိုက်သည်။ အခြေအနေ ကောင်းလာပြီဖြစ်သော ရန်သူသည် ဘာတွေ တွေးကြောက်နေမှန်းမသိ - “အဘ အဘ၊ ကျွန်တော့်ကို သတ်မလား”--- တဲ့။ ထိုအခါ သမယ၌ မိမိ ပုံသဏ္ဍာန်သည် တောပုန်းကြီးစံဖဲပုံ ပေါက်နေသလားမသိ၊ လူသတ်သမားပုံများ ပေါက်နေသလားမသိ။ “ကျွန်တော့်ကို သတ်မလား” တဲ့။ အမေရိကန် ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလန်း (West Moland) ယူနီဖေါင်း၊ စစ်ဘိနပ်၊ သံခမောက်၊ မုတ်ဆိတ် ပသိုင်းမွေး ထူလဗြစ်နှင့်ဖြစ်နေသည်။ “မင်းကိုသတ်မယ်ဆိုရင် ဒီအထိ ခေါ်လာပြီး ဆေးကုပေးပါ့မလား” ဟု အားပေးစကား ပြောလိုက်ရသည်။ စစ်သုံ့ပန်း ရန်သူသည် မိမိအား ကြောက်နေပုံရသည်။ ၄င်းတို့တက်ခဲ့ရသော အခြေခံစစ်သင်တန်းကျောင်းများ၌ စစ်မြေပြင်မှာ KNU က ဖမ်းမိခဲ့ရင် ဆိုးသွမ်းကြောင်း၊ ရက်စက်ကြောင်း၊ ဖမ်းမိရင် ဝါးကြောပြားနဲ့ လည်ပင်းကို လှီးသတ်ကြောင်း၊ ဝက်တုတ် တုတ်ပြီး ထုတ်မှာဆွဲ၊ ဝါးရင်းတုတ်နဲ့ ရိုက်သတ်ကြောင်း အမျိုးမျိုး သွားပုတ်လေလွင့် ပြောထား သင်ထားမည်ကို သိလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်က လိုတိုရှင်း ပြောလိုက်ရသည် - “မင်းကိုသတ်ရင် ကရင်ပြည်ရလာမှာမှ မဟုတ်တာ” “သူသတ်၊ ကိုယ်သတ်ဆိုရင် ဒီအမုန်းသံသရာကြီး ဘယ်တော့အဆုံးသတ်တော့မှာလဲ” “ခုခံစစ်ကိုဆင်နွဲနေတဲ့ တို့တပ်မတော်ဟာ တို့အမိမြေထဲ ကျူးကျော်လာတဲ့ ရန်သူကို စစ်မြေပြင်မှာ ခြေမှုန်းရမယ်၊ ဖမ်းမိတဲ့ ရန်သူ့စစ်သုံ့ပန်းကို တို့တပ်မတော်ရဲ့ (သုံ့ပန်းပေါ်လစီ) အတိုင်းကျင့်သုံးရမယ်၊ စစ်ဖြစ်နေတဲ့ နှစ်ဘက်စစ်တပ်ဟာ ပြည်ထောင်စုဘွား ညီနောင်တွေဖြစ်တယ်။ နိုင်ငံခြားသား ကျူးကျော်လာသူတွေ မဟုတ်ဘူး၊” “တို့ညီနောင်များအကြား ဖြစ်ပွားနေတဲ့ ပြသနာတွေကို စစ်နဲ့ဖြေရှင်းတဲ့နည်းဘဲ ရှိသလား။ အခြားနည်း မရှိတော့ဘူးလား။ ၁၉၄၈ ခုနှစ်က ဒီနေ့အထိ စစ်ဖြစ်နေတယ်၊ သတ်နေကြတယ်၊ အပစ်မဲ့ ပြည်သူတွေ သောက်သောက်လဲ သေကြတယ်” “သွေးပင်လယ်ထဲ လူ့အလောင်းတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်ဖြစ်နေပြီ” စိတ်မကောင်းစရာ ဖြစ်ခဲ့ရတယ်လို့ ပြောလိုက်ပါသည်။ ဆက်လက်ပြီး ကြောက်လန့်နေတဲ့ရန်သူ စိတ်ငြိမ်သွားစေရန် ဆေးလိပ်တိုက်ခိုင်းလိုက်ပါသည်- “ဆေးလိပ်သောက်တတ်သလား” ဟုမေးရာ “သောက်တတ်ကြောင်း” ဖြေသဖြင့် ဆေးမှူးဆရာ သာလေးဒေးမှ ညဈေးက ဝယ်လာသော စီးကရက်တလိပ် ထုတ်ပြီး မီးညှိ ပေးလိုက်သည်။ဆေးလိပ်သောက်ပြီး စိတ်ငြိမ်သွားပုံရသဖြင့် - “မင်းနံမယ်” မေးလိုက်ရာ၊ “ကြည်အေး” “ကိုယ်ပိုင်အမှတ်” “၅၆၅ ၅၆၄” “အဆင့်” “တပ်သား” “တပ်ဖွဲ့” “အမှတ် - ၃ ခြေမြန်တပ်ရင်း (ခမရ - ၃)” “လူမျိုး” “ဗမာ” ၄င်းကိုမေးနေစဉ် မိမိအတွေး၌ “ဒဏ်ရာရ ရန်သူသည် မိမိတို့ ကရင်လူမျိုးကို သတ်ချင်လို့၊ မုန်းတီးလို့ စစ်ထဲဝင်ခြင်း မဖြစ်နိုင်၊ စစ်အာဏာရှင်များ၏ စစ်တပ်ကြီးစိုးရေး၊ အာဏာတည်မြဲရေးစနစ်ဆိုးကြောင့် လူနေမှု အဆင့်အတန်း နှိမ့်ကျပြီး စားရမဲ့၊ သောက်ရမဲ့ ဘဝရောက်နေကြသဖြင့် စစ်ထဲဝင်လာခြင်း ဖြစ်မည်”၊ “အထက်အမိန့်အရ ကျားတက်ထိုးခြင်း” ဖြစ်မည် ဟု တွေးတောနေမိပါသည်။ ကျွန်တော်သည် သွေးထွက်လွန်နေသဖြင့် မျက်နှာဖြူဖတ်ဖြူယော် ဖြစ်နေသော တပ်သားကြည်အေးကိုကြည့်ပြီး မိမိဖခင် (မန်းဘဇန်) ၏ သြဝါဒကို ကြားယောင်လာသည် - “စစ်မြေပြင်မှာ ရန်သူကိုဖမ်းမိရင် မသတ်ရ၊ မနှိပ်စက်ရ၊ ကောင်းစွာဆက်ဆံပါ၊ ဒဏ်ရာနဲ့ဆိုရင် ဆေးကုပေးပါ” “စစ်သားစုဆောင်းရေးဟာ စစ်မြေပြင်မှာရှိတယ်” မိမိယုံကြည်ကိုးကွယ်တဲ့ သခင်ခရစ်တော်က “Love your enemy - သင့်ရန်သူကိုချစ်ပါ” လို့သွန်သင်ခဲ့သည်။ မိမိဖခင်ရဲ့သွန်သင်မှုနဲ့  သခင်ခရစ်တော်ရဲ့ သြဝါဒကို လက်တွေ့အကောင်အထည်ဖေါ်ခွင့် ရလိုက်တဲ့အတွက် မိမိကြည်နူးမိသည်။ ထိုအချိန်၌ သေနတ်သံများ ပြန်လည်ပေါ်ထွက်လာသည်။ တပ်သားကြည်အေးအား ဆေးမှူးနှင့်ထားခဲ့ပြီး မိမိတပ်ရှိရာ ပြန်လာသည်။ တိုက်ပွဲများပြင်းထန်စွာ ပြန်လည် ဖြစ်ပွားလာသည်။ သေနတ်သံမျိုးစုံ ပေါ်ထွက်လာသည်။ မိမိတို့နှင့် ထိတွေ့မှုဖြစ်နေသော (ခမရ - ၃) မှ ၄င်း၊ (ဖွေးထောရူ)မှ ပိတ်ဆို့မှုယူထားသော (ခမရ - ၅) မှ လက်နက်ကြီးများ နှင့်၎င်း စုပုံပစ်ခတ်လာပါတော့သည်။ “လောကွားမှ တာဖ၊ ကစိုမှာ (ခလရ - ၂၈) စစ်ကူအဖြစ် ထပ်မံရောက်လာ၊ နောက်ကြောက ပိတ်ဝိုင်းဘို့ရှိ၊ ဒါကြောင့် အစီအစဉ် အတိုင်း ဆက်လုပ်” ရန် မိမိ စစ်ကြောင်းမှူးက ညွန်ကြားလာသဖြင့် တပ်ခွဲအား ပြင်ဆင်ခိုင်းပါတော့သည်။ ထို့နောက် မိမိလည်း ရန်သူလူနာရှိရာသို့ ပြန်လာပြီး၊ (ခမရ - ၃) တပ်ရင်းမှူးထံ စာတိုလေး ရေးခဲ့သည်။ ကြည်အေး စစ်ခုံရုံးမရောက်ရန်နှင့် ထောင်မကျ ရန်အတွက် စေတနာ အရိုးခံဖြင့် “တပ်သားကြည်အေးကို ဒဏ်ရာနှင့် ဖမ်းမိ၊ ဆေးကုသမှုပြုခဲ့၊ အသက်အန္တရာယ် မစိုးရိမ်ရတော့၊ မိမိတို့ ဘာကြောင့် စစ်တိုက်နေလဲ ဆိုတာ နားလည်ပါဗျား” ဟု ရေးသားခဲ့ပါသည်။ တပ်ခွဲ (၃) မှ ဗိုလ်ကူသေး (ကျဆုံး)အား အစီအစဉ်အတိုင်း စတင်ဆုတ်ခွာရန် ထပ်ဆင့် ညွန်ကြားလိုက်သည်။ မိမိတို့ တပ်ခွဲ - ၄ လည်း ရဲဘော်ကြည်အေးကို ထင်းပုံကြား၌ ထားခဲ့ပြီး အစီအစဉ်အတိုင်း(ဖါးအီး)သို့ ဆုတ်ခွာလာတော့သည်။ မိမိတပ်ခွဲသည် (ခမရ - ၃) မှ ကျဆုံး တပ်စုမှူးနှစ်ဦးဖြစ်သော ဗိုလ်မြင့်အောင်နှင့် ဒုတိယဗိုလ်မြင့်ဝင်းကြူထံမှ သိမ်းပိုက်ရရှိလိုက်သော Browning ပစ္စတိုနှစ်လက်နှင့် ကျန်အခြားလက်နက် (၆) လက်ကို ယူဆောင်၍ စုရပ်သို့ ပြန်လည် ထွက်ခွါလာတော့သည်။ တိုက်ပွဲတစ်ပွဲကတော့ ပြီးသွားပါပြီ။ အချိန်တိုအတွင်း ရန်သူ့လက်နက် (၈) လက် ရရှိလိုက်ပါသည်။ မိမိဘက် ဒဏ်ရာရ (၂) ဦး၊ မိမိကျည်သုံးစာရင်း ထောင်ဂဏန်းမျှသာရှိသည်၊ မိမိအောင်ပွဲကား ဒဏ်ရာနှင့်ဖမ်းမိသော ရန်သူစစ်သုံ့ပန်းကို မိမိတို့တပ်မတော်၏ သုံ့ပန်းပေါ်လစီအရ တိကျစွာ ကျင့်သုံးနိုင်ခဲ့သဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရပါသည်။ အကယ်၍သာ တပ်သားကြည်အေးတစ်ယောက် အသက်ရှင်နေသေးပါက အမိပြည်ထောင်စုတဝှမ်း ငြိမ်းချမ်းသာယာဝ ပြောရေး၊ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နိုင်ပါစေဟု ဆုတောင်းလိုက်ပါသည်။ ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန် ဖါးစည်သံ ပြန်လည်တင်ပြသည်။

0 ความคิดเห็น:

แสดงความคิดเห็น