วันอังคารที่ 8 พฤษภาคม พ.ศ. 2555
Ethnic Group တိုင်းရင်းသားလူမျိုးစု
တိုင်းရင်းသားနှင့်တိုင်းရင်းသားလူမျိုးစုဟူသော စကားရပ်များကို များစွာ အသုံးပြုလျှက်ရှိသော်လည်း လူအနည်းငယ်မျှသာ ထိုစကားရပ်၏ အဓိပ္ပါယ်ကို နားလည်ကြသည်။ တိုင်းရင်းသားဆိုသည်မှာ ကွဲပြားခြားနားသော မျိုးနွယ်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများနှင့် ပတ်သက်သည် ဟု အဓိပ္ပါယ်ရသည်။ ဤသို့အားဖြင့် တိုင်းရင်းသားလူမျိုးစုဆိုသည်မှာ လူမှုအဖွဲ့အစည်းအတွင်း မိမိတို့၏ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ တခြားသူများနှင့် ယင်းတို့သည် ကွဲပြားခြားနားသည့် လူတစုဖြစ်သည် ဟု အဓိပ္ပါယ်သတ်မှတ်ထားသည်။ ဤ အဓိပ္ပါယ်ပြဌာန်းချက်မှာ အလွန်ကျယ်ဝန်းပြီး မည်သူ့ကို တိုင်းရင်းသားလူမျိုးစုအဖွဲ့ ဟု သတ်မှတ်၍ မည်သူ့ကို မသတ်မှတ်ဟူသော စည်းကမ်းဥပဒေများ မရှိပါ။
ဤစကားရပ်ကို မကြာခဏဆိုသလို “တိုင်းရင်းသားလူနည်းစု”အဖြစ်လည်း အသုံးပြုကြသည်။ အဓိပ္ပါယ်မှာ ယင်းတို့နေထိုင်သောနိုင်ငံတွင် နိုင်ငံတွင်းရှိ လူဦးရေအားလုံးတို့၏ သေးငယ်သောအစိတ်အပိုင်းကလေးမျှသာ ထိုအုပ်စုက ရှိနေသည် ဟု ဖေါ်ပြခြင်းဖြစ်သည်။ မည်သို့ဆိုစေကာမူ တိုင်းရင်းသားအုပ်စုတခုခုသည် လူဦးရေအများစုလည်း ဖြစ်နိုင်သည်။
တိုင်းရင်းသားလူမျိုးစုများသည် လူ့အဖွဲ့အစည်းတခုအတွင်းတွင် သီချင်း၊ အက၊ ကိုးကွယ်ရာဘာသာနှင့်ဘာသာစကား၊ ၀တ်စားဆင်ယဉ်မှုနှင့် အခြားယဉ်ကျေးမှုဓလေ့ထုံးစံများဖြင့် ယင်းတို့၏ ကွဲပြားခြားနားမှုကို ပြသကြသည်။ အများအားဖြင့် အုပ်စုတစုသည် အထက်ပါ အချက်အလက်များအားလုံးကို စုပေါင်းကာ ယင်းတို့ဘာသာ သတ်မှတ်ပြဌာန်းလေ့ရှိသည်။ ဘာသာစကားသည် လူအုပ်စုတစ်စုကို ခွဲခြားသတ်မှတ်ရာ၌ အရေးပါသော အချက်တခုဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတ၀ှမ်းရှိ လူမျိုးစုငယ်ကလေးများအားလုံးအတွက် မိမိတို့ တိုင်းရင်းသားဘာသာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်လာသည်။ အချို့သောတိုင်းရင်းသားအုပ်စုတစုအတွင်းမှာပင် အဓိကအုပ်စုကြီးနှင့်အနည်းငယ် ဘာသာစကားကွဲပြားမှု ရှိနေသာ အုပ်စုငယ်များ ရှိနေနိုင်သည်။ သို့ရာတွင် တခါတရံ မူလတိုင်းရင်းသားအုပ်စုနှင့် လုံးဝကွဲပြားခြားနားသောအုပ်စုအဖြစ် မိမိတို့ဘာသာ သတ်မှတ်ပြဌာန်းရန် ရွေးချယ်မှုပြုလုပ်ကြပေသည်။ မြန်မာနိုင်ငံတွင် ကရင်နီနှင့်ပအို့တို့ကို ကရင်တိုင်းရင်းသားအုပ်စုအဖြစ် သတ်မှတ်ထားကြသော်လည်း ယင်းတို့ကမူ မိမိတို့ကိုယ်ကို ကရင်လူမျိုးနှင့်မသက်ဆိုင် ဟု ဆိုကြသည်။ ပိုးကရင်များမှာ စကောကရင်များနှင့် ဘာသာစကား၊ ဓလေ့ထုံးစံများတွင် ကွဲပြားခြားနားမှု ရှိကြသည်နှင့်အတူ မိမိတို့ကိုယ်ကို သီးခြားလူမျိုးစုအဖြစ် ခွဲခြားလိုလျှင်ဖြစ်စေ၊ သို့မဟုတ် မခွဲခြားပဲဖြစ်စေ ယင်းတို့ဆန္ဒအရ ခံယူနိုင်ကြသည်။
တိုင်းရင်းသားလူမျိုးစုများသည် ပြောင်းလဲမှုလည်းရှိနိုင်သည် တရုတ်တိုင်းရင်းသားများသည် ထိုင်းနိုင်ငံ၌ နေထိုင်ရန် လာရောက်ကြပြီးနောက် အများအပြားသည် ထိုင်းလူ့အဖွဲ့အစည်းအတွင်းသို့ ၀င်ရောက်သွားကြပြီး မိမိတို့ဘာသာ ထိုင်းတိုင်းရင်းသားအဖြစ် ခံယူလာကြသည်။ လူတစ်ဦးတစ်ယောက်၏ တိုင်းရင်းသားမျိုးနွယ်သည်လည်း ကမ္ဘာပေါ်ရှိ အခြားသူများက မိမိတို့ကို မည်သို့ရှုမြင်မည်ဟူသော အချက်ပေါ်တွင်လည်း မူတည်သည်။ ဥပမာ- ပိုလန်နိုင်ငံမှ ဂျူးတစ်ယောက်သည် မိမိကိုယ်ကို ဂျူးအဖြစ်ခံယူသော်လည်း ကျန်လူများက ပိုလန်လူမျိုးအဖြစ်သာ ရှုမြင်ကြမည်ဖြစ်သည်။
ကမ္ဘာတ၀ှမ်းရှိ လူ့အဖွဲ့အစည်းများသည် တိုင်းရင်းသားအုပ်စုများကို မိသားစုကြီးတခုအဖြစ် ရှုမြင်ကြသည်။ ဤသို့ရှုမြင်ခြင်းအားဖြင့် ဘေးဒုက္ခများနှင့်ရင်ဆိုင်ရသည့်အခါများ၌ လုံခြုံမှုများ ပေးတတ်သည်။ တိုင်းရင်းသားခံယူမှုသည် လူအများကို အတူတကွ စုစည်းပေးကြသည်။ တခြားတဖက်တွင်လည်း မကောင်းသော မျက်နှာစာများရှိသေးသည်။ သဘာဝအရင်းအမြစ်များနှင့်ပတ်သက်၍ တခြားသောတိုင်းရင်းသားအုပ်စုများနှင့် ယှဉ်ပြိုင်ရသည့်အခြေအနေမျိုးများတွင် တိုင်းရင်းသားအချင်းချင်း ပဋ္ဋိက္ခဖြစ်ရသည့်အခြေအနေသို့ ရောက်ရှိစေသည်။ ဤသို့ဖြင့် နိုင်ငံတနိုင်ငံကို “ကျွန်ုပ်တို့”“သူတို့” တစ်ဦးခြင်းကွဲပြားသတ်မှတ်မှုများ ဖြစ်ပေါ်စေသည်။ ဤသို့ဖြင့် လူမျိုးစုနှစ်စုအကြား ပဋ္ဋိက္ခများ ဖြစ်ပေါ်စေသည်။
တိုင်းရင်းသားအချင်းချင်းကြား ဖြစ်ပေါ်သောစစ်ပွဲများတွင် လူတိုင်းကို တိုက်ပွဲဝင်သူများအဖြစ် သတ်မှတ်မှုများ ပြုလုပ်ကြသည်။ တိုင်းရင်းသးသတ်မှတ်မှုအပေါ် အခြေခံ၍ ယင်းတို့က တိုက်ပွဲတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ တိုက်ပွဲတွင်းသို့ ဆွဲသွင်းခံရသည်။ အခြားသောမြေ သို့မဟုတ် သယံဇာတအရင်းအမြစ်များအပေါ် အခြေခံသောပြဿနာများတွင် တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်သကဲ့သို့မဟုတ်ပဲ၊ လူမျိုးရေးပြဿနာစစ်ပွဲများသည် ဖြေရှင်းရန် အလွန်ခက်ခဲသည်။ လူမျိုးရေး ပဋ္ဋိက္ခများတွင် ဘာသာစကားကဲ့သို့ ပြင်းထန်သောစိတ်ခံစားမှုပိုင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များလည်း ပါဝင် ပတ်သက်လျှက်ရှိသည်။
လူမျိုးရေးရေး ပဋ္ဋိက္ခဖြစ်ပွားနေသောနိုင်ငံများတွင် နိုင်ငံရေးပါတီများ၏ ပါတီရေးကိစ္စသည်ပင်လျှင် လူမျိုးရေးအရ ကွဲပြားသွားနိုင်မှုအန္တရာယ်ရှိပေသည်။ ဤကဲ့သို့သော ကွဲပြားမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပါက လွတ်လပ်ပြီး တရားမျှတတ်သောရွေးကောက်ပွဲ ဖြစ်နိုင်သောအခြေအနေလည်း နည်းသွားနိုင်သည်။ အုပ်စုတစုအတွင်းရှိ လူအများစု၏ဆန္ဒသည် အုပ်စုတစု၏တခုတည်းသောဆန္ဒ ဖြစ်လာကာ တဘက်သတ် အနိုငိရမှုကို ဖြစ်စေသည်ရှိသော်လည်း လူဦးရေအများဆုံးဖြစ်သောအုပ်စုသည် အနိုင်ရရှိသည်။ လူနည်းစုအုပ်စုများသည် အာဏာမှ ဖယ်ထုတ်ခံရခြင်းများ ဖြစ်လာသည်။
ဤကဲ့သို့သောလူမျိုးစုံနိုင်ငံများတွင် စေံစပ်သေချာစွာ ရေးထားသော ဖွဲ့စည်းပုံအရ ဖယ်ဒရယ်ပုံစံ အာဏာခွဲဝေပေးထားသည်။ သေးငယ်သော လူနည်းစုတိုင်းရင်းသားများကိုပင်လျှင် အာဏာကို လုံးဝ လက်လွှတ်ရခြင်းမရှိရအောင် အာမခံနိုင်ဖို့ ကူညီနိုင်ပေသည်။
တိုင်းရင်းသားအုပ်စုများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများကို ကောင်းစွာပြဌာန်းခွင့်မရှိသော်လည်း ကုလသမဂ္ဂ၏ ၁၉၉၂ ခုနှစ် လူမျိုး သို့မဟုတ် တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာနှင့် ဘာသာစကားအရ လူနည်းစုဖြစ်သူများ၏အခွင့်အရေး ကြေငြာချက်တွင် တချို့သောအခြေအနေများကို ဖေါ်ပြထားခဲ့သည်။
ကျွမ်းကျင်သူများက လူမျိုးရေးနှင့်နိုင်ငံရေးပါတီများကို တန်းတူညီတူပြုထားသော နိုင်ငံများ၏ လူ့အဖွဲ့အစည်းများတွင် တည်ငြိမ်သော ဒီမိုကရေစီစနစ်များ ဖွဲ့စည်းရန်နှင့် ထိန်းသိမ်းရန် စွမ်းရည်များ မရှိနိုင် ဟု အဆိုးမြင်မှု ဖြစ်လာသည်။
ယင်းတို့သည် နိုင်ငံတကာဥပဒေအောက်တွင် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးမရှိသော်လည်း ကြေငြာချက်တွင် ပြဌာန်းထားသည့် အချက်မှာ --
၁။ မိမိတို့၏ယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးကျင့်သုံးနိုင်ခွင့်
၂။ မိမိတို့၏ယုံကြည်ရာဘာသာတရားကို ကိုးကွယ်ကျင့်သုံးနိုင်ခွင့်
၃။ မိမိတို့ဘာသာစကားကို နှိမ့်ချခွဲခြားခံရမှုမရှိပဲ အသုံးပြုနိုင်ခွင့်
၎။ မိမိတို့၏လူမျိုးစုအရေးဆိုင်ရာကိစ္စများကို နိုင်ငံနှင့်ဥပဒေဆိုင်ရာအဆင့်တွင် ဆွေးနွေးနိုင်ခွင့်တို့ဖြစ်သည်။
ယဉ်ကျေးမှုပုံစံစုံလင်လှသောလူ့အဖွဲ့အစည်းများတွင် အုပ်စုတခု၏လိုအပ်မှုနှင့်အဖွဲ့အစည်းတခုလုံး အတိုင်းအတာအရ လိုအပ်မှုများအကြား ညှိနှိုင်းထိန်းသိမ်းဆောင်ရွက်ရန် အလွန်လိုအပ်ပေသည်။
ကရင်နှင့်နိုင်ငံရေးဝေါဟာရစောင်မှ
ဖါးစည်သံ
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น