วันศุกร์ที่ 4 พฤษภาคม พ.ศ. 2555

အာဏာရှင်စနစ်

မူရင်း လက်တင်ဘာသာစကား Dictator မှ ဆင်းသက်သည်။ ပြောသည့်အတိုင်း လိုက်လုပ်စေခြင်းဟု အဓိပ္ပါယ်ထွက်သည်။ နိုင်ငံရေး အဓိပ္ပါယ်မှာကား အုပ်ချုပ်ခံရသော လူတန်းစားများ၏ သဘောတူညီမှုရယူနေရန်မလိုပဲ လူတဦးက၊ သို့မဟုတ် လူတစုက မိမိတို့စိတ်ကြိုက်ဆောင်ရွက်ရန် အုပ်ချုပ်သွားခြင်းကို ခေါ်သည်။ ထို့ပြင် အာဏာရှင်စနစ်ဆိုသည်မှာ လူပုဂ္ဂိုလ်တဦးတယောက်တည်း၌ လုံးဝပြည့်စုံသော နိုင်ငံရေးအဏာရှိသည့် အစိုးရပုံစံကို ဆိုလိုသည်။ ရောမ ရီပတ်ဗလီကင်ခေတ်ကတည်းက အာဏာရှင်စနစ်ဟူသော ဝေါဟာရ ရှိနေခဲ့သည်။ သို့သော် ထိုခေတ်ကမူ အဓိပ္ပါယ်တမျိုးဆောင်၏။ ဥပမာ - အရေးပေါ်ကာလတခု၌ ရောမအထက်လွှတ်တော်(ဆီးနိတ်)က ထိုအရေးအပေါ်အခြေအနေကို ကွပ်ကဲအုပ်ချုပ်သွားရန်အတွက် “အရပ်ရပ်အာဏာပိုင် အာဏာရှင်တဦး”ကို ခုနှစ်နှစ်သက်တမ်းအတွက် အာဏာကုန်အပ်နှင်းပြီး အုပ်ချုပ်စေခြင်း ဖြစ်၏။ ခုနှစ်နှစ်သက်တမ်းပြည့် ဆောင်ရွက်ပေးပြီးသွားချိန်၌ ထိုပုဂ္ဂိုလ်သည် အာဏာရှင်အဖြစ်မှ အငြိမ်းစားယူရပြီး အခြေခံဥပဒေအရ တင်မြှောက်ခံရသော အစိုးရလက်သို့ အာဏာလွှဲပြောင်းပေးရ၏။ ရှေးပဝေသဏီက ပုံစုံမျိုးစုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံများတွင် ယာယီအာဏာရှင်တဦးအား အရေးပေါ်ကိစ္စတို့တွင် မကြာခဏ ခန့်အပ်လေ့ရှိသည်။

စစ်မှုရေးရာအကျပ်အတည်းကာလ (ဤဝေါဟာရအား ဤကဲ့သို့ကျင့်သုံးမှုမှ စင်စစ် ပေါက်ဖွားသည်)ကာလအတွင်း အာဏာရှင်များကို ရောမပြည်ထောင်စု၌ ခန့်အပ်ခဲ့သည်။ ထို့ပြင် ရှေးခေတ် ဂရိနိုင်ငံတော်များသည် တခါတရံ လူပုဂ္ဂိုလ်တဦးတယောက်တို့ကို အရေးကြီးဆုံး ဥပဒေပြုအာဏာများ ပေးအပ်လေ့ရှိခဲ့သည်။ ဥပမာပြရသော် ဘီစီ ၅၉၄-၉၃ခုနှစ်တွင် နိုင်ငံတော်စည်းလုံးညီညွတ်မှုကို ခြမ်းခြောက်ခြင်းခံရသောအခါ “ဆိုးလွန်”Solon အား တင်မြှောက်ခဲ့သည်။ ယနေ့ မျက်မျောက်ခေတ် အာဏာရှင်များမှာ လူပုဂ္ဂိုလ်တဦး၊ သို့မဟုတ် အုပ်စု အဖွဲ့အစည်း လူတန်းစားတရပ် စသည်ဖြင့် တခုခု ဖြစ်နိုင်၏။ နိုင်ငံရေးပါတီ၊ သို့မဟုတ် တပ်မတော် သို့မဟုတ် အရင်းမဲ့လူတန်းစား စသည်ဖြင့် တခုခုက အာဏာရှင်စနစ် ကျင့်သုံးအုပ်ချုပ်ခြင်းကို ဆိုလိုသည်။
ယခု မျက်မျောက်ခေတ် ကမ္ဘာကြီးများ၌ များပြားလှသောအာဏာရှင်တို့သည် လူထုလှုပ်ရှားမှုခေါင်းဆောင်များအဖြစ်ဖြင့် အာဏာရရှိလာကြသည်။ ထို့နောက်တွင် ထိုကဲ့သို့ လှုပ်ရှားမှုများကို ထိန်းချုပ်ခြင်းမှသော်လည်းကောင်း၊ အာဏာကို လက်ဝါးကြီးအုပ်ရရှိထားသော နိုင်ငံပါတီအဖွဲ့အစည်းများမှတဆင့်သော်လည်းကောင်း အုပ်စိုးကြသည်။ အာဏာရှင်များသည် စစ်အာဏာသိမ်မှု Cou d’etat ဖြစ်ပွားပြီးတက်လာသည့် စစ်အုပ်စု Junta အတွင်းမှ စဉ်ဆက်မပျက် ပေါ်ထွက်လေ့ရှိသည်။ ကိုယ်တိုင်ထင်ပေါ်မှုကြောင့်ဖြစ်စေ၊ အဖွဲ့အစည်းပေါ်တွင် အနိုင်အထက်ပြူမှု ထိန်းချုပ်ထားခြင်းကြောင့်ဖြစ်စေ၊ အာဏာရယူ၍ ကိုယ်ပိုင်တန်ခိုးအာဏာတည်ဆောက်ထားသော အာဏာရှင်သတ်မှတ်ချက်နှင့် အာဏာရအုပ်စုအတွင်းရှိ ပုဂ္ဂိုလ်များအကြား အကြီးအကဲနေရာယူထားသော အာဏာရှင်သတ်မှတ်ချက်အကြား အရေးကြီးသည့်ခွဲခြားမှု ပြုသင့်ပေသည်။
ရံဖန်ရံခါ ဤဝေါဟာရကို ဒီမိုကရေစီစနစ်တခု၏ ဥပဒေဆိုင်ရာ ကန့်သတ်မှုဘောင်အတွင်း လှုရှားဆောင်ရွက်လင့်ကစား တန်ခိုးအာဏာ လွန်ကဲစွာရရှိထားသူများကို နှိမ်ချပြောဆိုရာ၌လည်း သုံးလေ့ရှိသည်။ ဟစ်တလာ Hitler မူဆိုလီနီ Mussoliniနှင့် စတာလင် Stalinတို့သည် အာဏာရှင်အဆင့်များ ဖြစ်ကြသော်ငြားလည်း ဆိုဗီယက်ယူနီယံတွင် မကြာသေးမီက ခေါင်းဆောင်ဖြစ်ခဲ့သူများသည် အာဏာရှင်များ ဖြစ်ကောင်းမှ ဖြစ်ကြပေမည်။ ၎င်းတို့အထွတ်အထိပ်သို့ ရောက်ရှိသည့်အကြောင်းအရာမှာ ၎င်းတို့ရရှိထားသော ပါတီတွင်း အထွတ်အထိပ် ရာထူးအဆင့်အတန်းပေါ်တွင် မှီတည်ပြီး ကျန်ပါတီဦးဆောင်အဖွဲ့ဝင်များ Poliburoနှင့် အဆင့်ဆင့်သော ပါတီရာထူးများအတွက် ယှဉ်ပြိုင်ခဲ့ကြရ၍ဖြစ်သည်။ အခြားသော ခေတ်သေစ်ခေါင်းဆောင်များအနက် ဗိုလ်ချုပ်ကြီးဖလင်ကို Francoသည် မိမိ၏ကြိုးစားမှုဖြင့် ကွယ်လွန်သည့်အချိန်တိုင်အောင် တန်ခိုးအာဏာကြီးထွားခဲ့သောခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ်ကြီးဒီဂေါလ် De Gaulle မူကား ရောမခေတ်ပုံစံကဲ့သို့ အကျပ်အတည်းကာလတွင် အများနှစ်ခြိုက်တင်မြှောက်သောအာဏာရှင်တဦးနီးပါး ဖြစ်ခဲ့သည်။

0 ความคิดเห็น:

แสดงความคิดเห็น