วันจันทร์ที่ 16 เมษายน พ.ศ. 2555

ဃဲဝါးမြို့(သို့မဟုတ်)တကောင်းမြို့အကြောင်း အပိုင်း(၁)

ကရင်လူမျိုးတို့သည် ယူနန်ပြည်နယ်တွင် နေထိုင်ခဲ့ကြစဉ် ဖိနှိပ်မှု အမျိုးမျိုးကြောင့် ကပ်အမျိုးမျိုး ဆိုက်ခဲ့ရသည်။ အသက်ရှင် နေထိုင်ရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်စားသောက်ကြရသည်။ ယင်းကြောင့် ယူနန်ပြည်နယ်တွင် ဆက်၍ မနေထိုင်လိုကြသဖြင့် ကရင်လူကြီးအချို့က ယူနန်ပြည်မှ ထွက်ခွာလာကြသည်။

“တပိန်”မြစ်အတိုင်း စုံဆင်းလာကြသည်။ တဆင့်ပြီးတဆင့် စုံဆင်းလာရာမှ ယခု ကျွန်ုပ်တို့ ခေါ်သည့် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာနှင့် မိုးကုတ်နယ်မြေများသို့ ရောက်ရှိလာကြသောအခါ ၎င်းတို့က ဤနယ်မြေများသည် ၎င်းတို့၏ နေရေးထိုင်ရေး လုပ်ကိုင်စားသောက်ရေးအတွက် နေရာကောင်းများ ဖြစ်သည်ဟု ယူဆပြီး ထိုကရင်လူမျိုးတို့သည် ယူနန်ဖက်သို့ပြန်ကာ ထိုနေရာတွင် ရှိကြသည့် မသားစုများ သားသမီးမြေးမြစ်များကို ပြန်ခေါ်ကြလေသည်။
သို့ရာတွင် ချက်ချင်းပြန်၍ မဆင်းနိုင်ချေ။ ၎င်းတို့အားလုံး ပြန်ဆင်းလာနိုင်ရန် ပြင်ဆင်နေချိန်တွင် ပြန်ဆင်းချိန်ကြာသွားသဖြင့် ဤအတောအတွင်း BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားတွင် ရှမ်းလူမျိုးတို့က ကရင်တို့ဆင်းသွားခဲ့သည့်လမ်းအတိုင်း တဆင့်ပြီးတဆင့် ဆင်းသွားကြကာ ကရင်တို့ကြည့်ရှု မှတ်သားထားခဲ့သည့် နေရာသို့ ရောက်ရှိသွားကြသောအခါ ၎င်းတို့သည် အခြေချ နေထိုင်လေတော့သည်။ဤနေရာကို မြေပုံထဲကြည့်လျှင် ယခုအချိန်သည် မော်ပွန်(Maw Pong)ပင်ဖြစ်သည်။ ကရင်တို့ကလည်း ၎င်းတို့ အချိန်ယူပြင်ဆင်ပြီးနောက် ဆင်းလာကြသောအခါ ၎င်းတို့ ကြည့်ရှုမှတ်သားထားခဲ့သည့် နေရာအားလုံးကို ရှမ်းလူမျိုးများ နေထိုင်ကြကုန်ပြီး ဖြစ်သည်။ ဤကဲ့သို့ ရှမ်းလူမျိုးများ နေထိုင်ကြကုန်ပြီ ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ကရင်တို့က စိတ်ဆိုးပြီး ရှမ်းလူမျိုးများကို ကျိန်ဆဲကာ အောက်ဖက်သို့ ခရီးဆက်သွားလေသည်။ ကျိန်ဆဲပုံမှာ “သင်တို့ ယခုကဲ့သို့ နယ်ခြားနေဒသမှာ နေထိုင်ကြသဖြင့် သင်တို့၏ ဘေးပတ်ဝန်းကျင်တွင် နေထိုင်ကြကုန်သော လူမျိုးခြားများက သင်တို့အား အနိုင်ကျင့် ဖိနှိပ်ပါစေ”ဟူသတည်း။
ထိုမှ ဆက်လက်ပြီး ကရင်လူမျိုးတို့သည် ဃဲဝါးမြစ်၏ အောက်ဖက်သို့ စုံဆင်းရွှေ့ပြောင်းကြတော့သည်။ အချို့မှာမူ ဃဲဝါးမြစ်၏ အနောက်ဖက်ကမ်းသို့ ကူးသွားကြသည်။ ထိုမှတဖန် ဃဲဝါးမြစ်၏ မြစ်လက်တက်တခုသို့ ရောက်သောအခါ ထိုမြစ်လက်တက်အတိုင်း ဆန်တက်လေသည်။ ဤမြစ်လက်တက်မှာ ယခု ကျွန်ုပ်တို့ ခေါ်သည့် ချင်းတွင်းမြစ် ပင်ဖြစ်သည်။ သို့ဖြင့် ၎င်းတို့သည် ချင်းတွင်းမြစ်ဘေးရှိ ရှမ်းလူမျိုးတို့ နေထိုင်သည့် တောင်ဖက်အရပ်တွင် အခြေချနေထိုင်ကြကုန်သည်။ ထိုနေရာ၌ ၎င်းတို့ နှစ်ရှည်လများ နေထိုင်ခဲ့ရာမှာ ဖွံ့ဖြိုးတိုးတက်လာကာ မြို့ကြီးတမြို့ကို ဃဲဝါးမြစ်ကမ်းဘေးတွင် တည်ဆောက်ကြလေသည်။
ဤမြို့ကို အကြီးအကဲအဖြစ် ဖူ့ဃဲဝါးက အုပ်ချုပ်သဖြင့် ဃဲဝါးမြို့ဟု မှည့်ခေါ်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤမြို့ကို“တကောင်း”ဟု ခေါ်ပြီး ဃဲဝါးမြစ်ကိုလည်း ၎င်းတို့က“ပလေကလိုး”(ဧရာဝတီ)ဟူ၍ ပြန်လည် ခေါ်ဆိုကြသည်။
“ဃဲဝါးမြို့” အား “တကောင်း”မြို့နှင့်“ဃဲဝါးကလိုး”(ဃဲဝါးမြစ်)အား “ပလေကလိုး”(ဧရာဝတီ)မြစ်အဖြစ်သို့ ပြန်၍ ခေါ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ကရင်လူမျိုးနှင့် ရှမ်းလူမျိုးတို့သည် ၎င်းတို့နေထိုင်ရာ တိုင်းပြည်နှင့်နယ်မြေများ တခုနှင့်တခု ဆက်စပ်လျှက်ရှိနေသည်။ ယခုကဲ့သို့ နေထိုင်ခဲ့ကြသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ၎င်းတို့ ကုန်ပစ္စည်း အရောင်းအ၀ယ်များတွင် အပြန်အလှန် မှီခိုလျှက် ရှိနေကြသည်။ ကရင်တို့သည်“ဖါးစည်”အား အဖိုးတန်ပစ္စည်းအဖြစ် အမြတ်တနိုးထားသည်ကို ရှမ်းလူမျိုးများက သိသဖြင့် ၎င်းတို့သည် ဖါးစည်များအား ယူနန်ပြည်နယ်တွင် သွားရောက် ၀ယ်ယူကာ ကရင်လူမျိုးများကို ပြန်၍ ရောင်းပေးလေသည်။ ရှမ်းလူမျိုးတို့သည် “ဖါးစည်”များအား ကရင်လူမျိုးများကို ရောင်းချပေးနိုင်ရန်အတွက် ဖါးစည်များကို လှေဖြင့် တင်ဆောင်လာကြသည်။
“ဃဲဝါး”မြို့ကို ရောက်သောအခါ လှေများအား လှေဆိပ်၌ ဆိုက်ကပ်ပြီး ပါလာသည့် ဖါးစည်များအား ကရင်တို့ထံ ရောင်းချကြလေသည်။ ၎င်းလှေများကို ဆိုက်ကပ်သည့်လှေဆိပ်အား“တုကော”ဟု ခေါ်ကြသည်။ “တု”ဆိုသည့် ရှမ်းလိုစကားလုံး၏ အဓိပ္ပါယ်မှာ “ဆိပ်ကမ်း”ဟု အဓိပ္ပါယ်ရပြီး၊ “ကော”ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်မှာ“ဖါးစည်”ဖြစ်သည်။ ထို့ကြောင့် “တုကော”ဟူသည့် စကားလုံး၏ အဓိပ္ပါယ်မှာ “ဖါးစည်ဆိပ်ကမ်း”ပင်ဖြစ်သည်။ တနည်းအားဖြင့် ဖါးစည်ရောင်းချရာနေရာဟူ၍ အဓိပ္ပါယ် ဖြစ်သည်။ ထိုနည်းအတူ “ဃဲဝါး”မြို့ဟု ခေါ်ကြခြင်းမှာ ကရင်လူမျိုးတို့သာ ခေါ် ခြင်းဖြစ်သည်။ သို့သော် ရှမ်းတို့က ဤမြို့အား “တုကော”ဟု ခေါ် သည်။ ဗမာလူမျိုးများက ရှမ်းလူမျိုးများ ခေါ်ကြသည့်အတိုင်း လိုက်၍ ခေါ်ကြသည်။ သို့သော် ရှမ်းကဲ့သို့ ပီပီသသ မခေါ်နိုင်ချေ။ ထို့ကြောင့်“တုကော”သည် နောက်ဆုံး “တကောင်း”ဟူ၍ ယခုတိုင် တွင်ကျန်ခဲ့ခြင်း ဖြစ်သည်။
တခါ ရှမ်းလူမျိုးတို့သည် ယူနန်ပြည်သို့ သွားရောက်ပြီး ဖါးစည်များကို ၀ယ်ယူရာတွင် ယူနန်ပြည်သားများက ဖါးစည်များအား မည်ကဲ့သို့ လုပ်ပြီး၊ မည်ကဲ့သို့ အခြောက်လှမ်းသည်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့သည် မိမိတို့နေရာသို့ ပြန်ရောက်လာကြသည့်အခါ လေ့လာခဲ့သည့်အတိုင်း ဖါးစည်များအား ပြုလုပ်ကာ အခြောက်လှမ်းပြီးနောက် ကရင်များကို ရောင်းပေးလေသည်။ ရှမ်းတို့ ဖါးစည်အား ပြုလုပ်ပြီးနောက် အခြောက်လှမ်းသောမြို့ကို “မုန်းကော”ဟု ခေါ်သည်။ “မုန်း”၏ အဓိပ္ပါယ်မှာ မြို့ဖြစ်ပြီး၊ “ကော”မှာမူ “ဖါးစည်”ဖြစ်သည်။ ထို့ကြောင့် “မုန်းကော”သည် ဖါးစည်မြို့ဟု အဓိပ္ပါယ်ရလေသည်။ ဗမာလို အဓိပ္ပါယ်မှာ “စည်မြှို့”ဟူ၍ ဖြစ်သည်။ ဤ“မုန်းကော”မြို့ကို ဗမာများက မပီမသ ခေါ်ရာမှ “မိုးကောင်း”မြို့ဟူ၍ ဖြစ်လာသည်။ ယနေ့တိုင် “မိုးကောင်း”မြို့အဖြစ်တွင် ကျန်ရစ်လေသည်။ ထိုနည်းအတူ ရှမ်းမြို့တမြို့ဖြစ်သည့် “မုန်းနဲ”၏ အဓိပ္ပါယ်မှာ “မုန်း”သည် မြို့နှင့် “နဲ”၏ အဓိပ္ပါယ်မှာ“အဖွား”ဖြစ်သဖြင့် “မုန်းနဲ”မြို့၏ အဓိပ္ပါယ်မှာ “အဖွားမြို့” ဖြစ်လေသည်။ ဤမြို့အား ဗမာများက မပီမသ ခေါ်သဖြင့် “မိုးနဲ”ဟူ၍ ဖြစ်လာကာ ယခုတိုင် “မိုးနဲ”မြို့အဖြစ်တွင် ကျန်ရစ်ခဲ့လေသည်။
သို့ရာတွင် မြစ်ကိုမူ အဖိုး“ဃဲဝါး”၏ အမည်ဖြင့် မှည့်ခေါ်ထားသောကြောင့် “ဃဲဝါး”မြစ်ဟု ခေါ်တွင်လေသည်။ မြစ်အောက်ဖက်ပိုင်းကိုမူ “အဘိုးပလေး”၏ အမည်ဖြင့် မှည့်ခေါ်ထားပြန်ရာ “ပလေ”မြစ်ဟူ၍ တွင်လေတော့သည်။ ဤကြောင်းမှာမူ “အဘိုးဃဲဝါး”သည် ကရင်လူမျိုးအား ကွပ်ကဲခေါင်းဆောင်ခဲ့သူ တယောက်ဖြစ်သည်။ ထိုကြောင့် ကရင်ထုံးစံအရ ယခု ဧရာဝတီမြစ်၏ နာမည်မှာ နှစ်မျိုးဖြစ်နေခြင်းဖြစ်သည်။ မြစ်အထက်ပိုင်းအား“ဃဲဝါး”မြစ်ဟူ၍ ခေါ်ပြီး၊ အောက်ပိုင်းကိုမူ “ပလေ”မြစ်ဟူ၍ ခေါ်ခြင်းဖြစ်သည်။ နောက်ပိုင်းအချိန်များ ကြာညောင်းသွားသောအခါ ကရင်တို့သည် အထက်ပိုင်းတွင် မနေကြတော့ဘဲ အောက်ပိုင်းသို့ အားလုံးရွှေ့ပြောင်းရောက်ရှိလာကြလေသည်။ ယင်းကြောင့် ဧရာဝတီမြစ် အထက်ပိုင်း၏ မူလအမည်“ဃဲဝါးကလိုး”မှာ တဖြေးဖြေးခြင်း တိမ်ကော ပပျောက်ပြီး ဤဧရာဝတီမြစ်ကြီးကို “ပလေကလိုး”ဟူ၍သာ အများသိကြလေတော့သည်။ နောက်ဆုံးတွင် ဤမြစ်အမည်မှ “ပလေကလိုး”ဟူ၍သာ တွင်ကျန်ရစ်လေတော့သည်။ သို့ရာတွင် “မွန်“ “ဗမာ”တို့က ဤမြစ်အား ကုလားများခေါ်သကဲ့သို့ အင်္ဂလိပ်များနည်းတူ ဧရာဝတီမြစ်ဟူ၍ ယနေ့တိုင် ခေါ်ကြလေသည်။

သမိုင်းဆရာစောအောင်လှရေး ကရင်ရာဇ၀င်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။

ဆက်လျက်ဖေါ်ပြမည် (အပိုင်း ၂ သို့)

ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น