วันอาทิตย์ที่ 8 เมษายน พ.ศ. 2555

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲ

နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း တခုဖြစ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌသစ် နေရာအတွက် အမေရိကန် နိုင်ငံသား ကျွမ်းကျင်သူ တဦးကို သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပေမဲ့၊ တခြားစီးပွားရေး အားကောင်းလာတဲ့ တိုင်းပြည်တွေကလည်း ဒီတာဝန်ကို ယူနိုင်ဖို့ လိုလားနေကြပါတယ်။ အမေရိကန် နိုင်ငံသားတွေသာ တလျှောက်လုံး အကြီးအကဲအဖြစ် တာဝန်ယူလာတဲ့ ဒီရာထူးကို ဘယ်သူပဲရရ စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာကတော့ အသေအချာပဲလို့ ဆန်းစစ်သူတွေက သုံးသပ်နေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းပြီး ဒီသတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

ဧပြီလနှောင်းပိုင်းမှာ နောက်ဆုံးထား ရွေးချယ်သွားမယ်လို့ မျှော်လင့်ရတဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌသစ် နေရာအတွက် အမေရိကန် ပြည်ထောင်စုက နာမည်ကျော် Dartmouth ကောလိပ် အကြီးအကဲလည်းဖြစ် ကျွမ်းကျင်သူ ပညာရှင် တဦးလည်းဖြစ်တဲ့ ကိုရီးယား နွယ်ဖွား အမေရိကန် နိုင်ငံသား ဂျင်မ်ယုံကင် (Jim Yong Kim) ကို သမ္မတ ဘရက်ခ် အိုဘားမား က အဆိုပြုလိုက်ပါတယ်။

အဖွဲ့ဝင် ၁၈၇ နိုင်ငံ ပါဝင်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အဖွဲ့အစည်း တခုအဖြစ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အတွေ့အကြုံရှိသူ တဦးအဖြစ် ရွေးချယ်ရတာလို့လည်း သမ္မတက ပြောလိုက်တာပါ။
“ကမ္ဘာတ၀ှမ်းက ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာ တိုးတက်မှုတွေ ရရှိစေဖို့ Jim ဟာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အလုပ်ခဲ့တဲ့သူပါ။ သမားတော် အဖြစ်နဲ့ သာမက၊ မနုဿဗေဒ ပညာရှင် တဦးအဖြစ်နဲ့လည်း ကျန်းမာရေးအတွက် မိတ်ဆွေများ အဖွဲ့ကို ပူးတွဲ ထူထောင်သူ တဦးဖြစ်သလို၊ HIV-AIDS ဝေဒနာရှင်ပေါင်း ၃ သန်းလောက်ကို ကုသပေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုလည်း ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။”
world bank headquarters
ဓာတ်ပုံ - ဗွီအိုအေ
ဝါရှင်တန် အခြေစိုက် ကမ္ဘာ့ဘဏ်ကိုတော့ အစဉ်အဆက် အမေရိကန် နိုင်ငံသားတွေ ဦးဆောင်နေတာပါ။

ဒေါက်တာကင် ဟာဆိုရင် ၁၉၅၉ ခုနှစ်က တောင်ကိုရီးယား နိုင်ငံမှာ ဖွားမြင်ခဲ့သူ တဦးဖြစ်ပြီး သူ ၅ နှစ်သား အရွယ်မှာပဲ မိသားစုနဲ့ အမေရိကန် ပြည်ထောင်စုကို ပြောင်းရွှေ့ရောက်ရှိ လာခဲ့သူပါ။ အမေရိကန်က နာမည်ကျော် Brown နဲ့ Harvard တက္ကသိုလ်တွေက ဘွဲ့ရပြီး နောက်ပိုင်းမှာတော့ ထင်ရှားတဲ့ တက္ကသိုလ် ၈ ခုထဲက တခုမှာ အကြီးအကဲ တာဝန်ကို အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားတွေထဲက ပထမဆုံး ထမ်းဆောင်သူ တဦးလည်း ဖြစ်လာပါတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ရာထူး နေရာအတွက် သူ့အပြင် အမည်စာရင်း တင်သွင်းထားသူ နောက် ၂ ဦးကတော့ နိုင်ဂျီးရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး နဂိုဇီ အိုကွန်ဂျို အီဝါအာလာ (Ngozi Okonjo-Iweala) နဲ့ ကိုလံဘီယာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟိုဆေး အန်တိုနီယို အိုကမ်ပို (Jose Antonio Ocampo) တို့ ဖြစ်ကြပါတယ်။

ဒါပေမဲ့လည်း ၁၉၄၄ ခုနှစ်ကစလို့ အမေရိကန် နိုင်ငံသားတွေ အစဉ်အဆက် ဆက်ခံလာတဲ့ တာဝန်ကို အခုနောက်ဆုံးမှာလည်း သမ္မတက အဆိုပြုတဲ့သူပဲ အတည်ဖြစ်မယ့် အလားအလာတွေ ရှိနေတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဥရောပဌာနရဲ့ ညွှန်ကြားရေးမှူး ဖရက်ဒရခ် အဲရစ်ရွှန် (Fredrik Erixon) ကပြောပါတယ်။

ဒါပေမဲ့ တချိန်တည်းမှာပဲ စီးပွားရေး အားကောင်းလာနေတဲ့ ကျန်ဒေသတွေကလည်း ဒီတာဝန်ကို အမေရိကန်ကပဲ ယူနေတဲ့ အစဉ်အလာကို အဆုံးသတ်ဖို့ ကြိုးစား လာနေကြတယ်လို့ ဆိုပါတယ်။
“အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ တခြား စီးပွားရေး အင်အားကောင်းခဲ့ကြတဲ့ တိုင်းပြည်တွေမှာ ကျဆင်းတဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဆိုရမယ့် အချိန်မှာပဲ၊ ကမ္ဘာပေါ်က ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြားမှာတော့ စီးပွားရေး တိုးတက်မှုတွေ ပိုတိုးလာနေတဲ့ ကာလတခုမှာ ကျနော်တို့ ရောက်နေပါတယ်။ ဒါကြောင့်လည်း ဒီကာလမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကမ္ဘာ့စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ပိုပြီး သြဇာညောင်းနိုင်ဖို့ ကြိုးပမ်းလာကြတာပါ။”
Map shows disaster deaths shrinking in Asia and the Americas, and expanding in Africa. Areas reflect cumulative deaths from disasters for 1970-2010 (February)
ဓာတ်ပုံ - ကမ္ဘာ့ဘဏ်
ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ဘဏ်က အဓိက ဆောင်ရွက်နေတာပါ။

ဒါပေမဲ့လည်း အမေရိကန် အနေနဲ့ကတော့ သူ့နိုင်ငံသား တယောက်ကိုပဲ တာဝန်ယူဖို့ အဓိကအားဖြင့်ကတော့ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတဲ့ နှစ်တနှစ်အဖြစ် ပိုပြီးတော့တောင် အလျှော့ပေးမယ် မထင်ဘူးလို့လည်း သူကပြောပါတယ်။ တခြားနိုင်ငံသား တယောက်ယောက်ကိုသာ ဥက္ကဋ္ဌတာဝန် ပေးရမယ်ဆိုရင် သမ္မတ အိုဘားမား အနေနဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ လျှော့ပေါ့ ပေးရတာကြောင့် အမေရိကန် အကျိုးစီးပွားကို ထိခိုက်ရတယ်ဆိုပြီး ထိုးနှက်လာနိုင်တယ်လို့ သူကထောက်ပြခဲ့တာပါ။ အမေရိကန် နိုင်ငံရေးသမားတွေ ကြားမှာတော့ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမို့ ဦးဆောင်မှု အခန်းမှာ ဆက်ရှိသင့်တယ်လို့ အခိုင်အမာ ပြောနေကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် Caucus အဖွဲ့မှာ ပူးတွဲ ဥက္ကဋ္ဌ တာဝန်ယူထားသူ အမေရိကန် လွှတ်တော်အမတ် ဘက်တီ မက်ကိုလမ် (Betty McCollum) ကတော့ မကြာခင် ရာထူးက ထွက်တော့မယ့် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ရောဘတ် ဇိုးလခ် (Robert Zoellick) ဟာဆိုရင်လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ရောဂါဘယ၊ ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှု ပြဿနာတွေကို ဖြေရှင်းရာမှာ တိုးတက်မှုတွေရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောခဲ့တာပါ။

ကမ္ဘာ့ဘဏ်မှာ ရန်ပုံငွေ အများဆုံး ထည့်ဝင်ထားတဲ့ တိုင်းပြည်အဖြစ် အခုအခါ ဘဏ္ဍာရေး အသုံးစားရိတ်တွေ ဖြတ်တောက်နေရတဲ့ ကာလမျိုးမှာ ပိုက်ဆံပေးဖို့ လက်တွန့်တဲ့ လွှတ်တော်အမတ်တွေကို စည်းရုံးရာမှာလည်း အမေရိကန်ချင်းချင်းသာ ပိုအဆင်ပြေနိုင်မယ်လို့ ထောက်ပြပါတယ်။
“တခြား တယောက်ယောက်ရော မလုပ်နိုင်ဘူးလား မေးရင်တော့၊ လုပ်ကောင်း လုပ်နိုင်ပါတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့လည်း ပိုပြီး အခက်အခဲတွေ ကြုံရမလား ဆိုရင်တော့လည်း၊ သေချာပေါက် ကြုံရမှာပါ။”
ဓာတ်ပုံ - အေပီ
ဧပြီလကျရင်တော့ လက်ရှိဥက္ကဋ္ဌ Robert Zoellick တာဝန်က ထွက်တော့မှာပါ။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် အမေရိကန်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အကြီးအကဲ အဖြစ်နဲ့တော့ ဥရောပက အစဉ်အလာ တရပ်လို ဆက်ခံနေတာကို ပြောင်းလဲဖို့ ဖိအားတွေကတော့ မကြာသေးခင် နှစ်တွေကစလို့ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ဥရောပဌာနရဲ့ ညွှန်ကြားရေးမှူး ဖရက်ဒရခ် အဲရစ်ရွှန် ကတော့ လတ်တလော အမည်စာရင်း တင်သွင်းထားသူ ၃ ဦး အနေနဲ့ မျှမျှတတ ဖြစ်ရလေအောင် ကမ္ဘာ့ဘဏ်မှာ အကြီးအကဲ ဖြစ်တဲ့အခါ သူတို့ ဘာတွေ လုပ်မလဲ ဆိုတာတွေကို ချပြခိုင်းသင့်တယ်လို့ အကြံပေးပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေမှာ ကမ္ဘာ့ဘဏ်ရဲ့ အခမ်းကဏ္ဍကို မြှင့်တင်နိုင်မယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကိုလည်း မေးသင့်တယ်လို့ ပြောခဲ့တာပါ။

ဒါဟာလည်း အမေရိကန် နိုင်ငံသားပဲဖြစ်ဖြစ် တခြားဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်း တခုကို ဦးဆောင်ရမယ့်သူ တဦးအဖြစ် စီးပွားရေး အကျပ်အတည်းတွေ၊ မတည်ငြိမ်မှုတွေ ကြုံနေရတဲ့ကြားမှာ တာဝန်ယူရမှာ ဖြစ်တဲ့အတွက်ကြောင့်လို့လည်း ပြောသွားပါတယ်။
“ဒုတိယ တချက် အနေနဲ့ကတော့ အရှေ့အာရှနဲ့ အာဖရိကတိုက်က တချို့ တိုင်းပြည်တွေမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးတက်လာနေချိန်မှာ စီးပွားရေး တိုးတက်မှုတွေမှာ သိပ်အားမကောင်းသေးတဲ့ တိုင်းပြည်တွေ ရှိနေတာမို့ ဘက်ညီမျှစေမယ့် နည်းလမ်းရှာဖို့ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေ အနေနဲ့ ကမ္ဘာ့ဘဏ်ဆီကနေ လုံးဝခြားနားတဲ့ အကူအညီတွေ လိုအပ်ကြမှာပါ။ ဒါကြောင့်လည်း ချိန်ခွင်လျှာညှိဖို့ ခက်ပါလိမ့်မယ်၊ ဒါပေမဲ့လည်း မလုပ်မဖြစ် လုပ်သွားရမှာပါ။”

ကမ္ဘာ့ဘဏ် အကြီးအကဲအဖြစ် အစောပိုင်းမှာတုန်းက အမည်စာရင်းတင်သွင်းဖို့ သတင်းတွေ ထွက်လာတဲ့ အထဲမှာလည်း ထင်ရှားတဲ့ အမေရိကန် နိုင်ငံသားတွေလည်း ပါဝင်ခဲ့ကြတာပါ။ ဒီအထဲမှာတော့ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ နယူးယောက် ကိုလံဘီယာ တက္ကသိုလ် ပါမောက္ခ ဂျက်ဖရီ ဆက်ရှ် (Jeffferey Sachs) ဟာ ဆိုရင်တော့ ကင်ညာ၊ မလေးရှားတို့လို နိုင်ငံ အတော်များများရဲ့ ထောက်ခံမှုတွေလည်း ရခဲ့ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေရှိတဲ့ ကိုယ်စားလှယ်လောင်း တဦးအဖြစ်နဲ့လည်း လက်ရှိ အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဆန်ရိုက်စ် (Susan Rice) ကိုပါ ဘဏ္ဍာရေး အကဲခတ်တွေက အစောပိုင်းမှာ ခန့်မှန်းခဲ့ကြတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

rfa

0 ความคิดเห็น:

แสดงความคิดเห็น