วันศุกร์ที่ 23 มีนาคม พ.ศ. 2555

ငြိမ်းချမ်းရေးလက်ဆောင် မန်းငြိမ်းမောင် မဲဆောက်သို့ ပြန်လည်ရောက်ရှိ

သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်

နိုင်ငံတော်ပုန်ကန်မှုဖြင့် တသက်တကျွန်းပြစ်ဒဏ်မှ ပြန်လည်လွတ်မြောက်လာသော KNU ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်သည် ယနေ့တွင် မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယခုလ ၁၉ နေ့က နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နှစ်ကျွန်းပြန် ပဒိုမန်းငြိမ်းမောင်ကို ယနေ့တွင် မြန်မာအစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မိခင်အဖွဲ့အစည်းထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယမန်နှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူးမင်းလေဆိပ်မှတဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းခံရသည့် KNU ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မြန်မာအစိုးရက ယခုလ ၁၃ ရက်နေ့က မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နောက် ရက်သတ္တပတ်အတွင်း သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
သိုက်ထွန်း (ခ) ပဒိုမန်းငြိမ်းမောင်သည် သားထူးဇော် အမည်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် M073525 ကိုင်ဆောင်ပြီး ယမန်နှစ် ဇူလိုင်လကုန်ပိုင်းက တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှတဆင့် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်တာဝန်ရှိသူများ၏ စစ်ဆေးမှုအရ ၎င်းကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်သည် လေဆိပ် လ၀က အထွက်တံဆိပ်တုံးအတု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူ၍ မင်္ဂလာဒုံတရားရုံးသို့ တင်ပို့ခဲ့ရာ အပြစ်ရှိသည့်အတွက် တရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ် ၆ လ၊ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၆ လ၊ စုစုပေါင်း ၁ နှစ်ကို ယမန်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။

၎င်းကို ထပ်မံစစ်ဆေးချက်များအရ ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဖွဲ့ဝင်နှင့် ခေါင်းဆောင်တဦးဖြစ်သောကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ၊ နိုင်ငံတော်ပုံကန်မှုပုဒ်မ ... စသည့် စွဲချက်များဖြင့် တသက်တကျွန်းနှင့် ထောင်ဒဏ် ၃ နှစ်ကို အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးက ယခုလ ၁၃ ရက် နေ့က ချမှတ်ခဲ့ပြီးနောက် ၁၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့် KNU တို့အကြား လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ အထောက်အကူ ဖြစ်စေရန်အတွက် ပဒိုမန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရခြင်းဖြစ်သည်ဟု ဦးအောင်မင်း ခေါင်းဆောင်သည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့က ပြောသည်။

ပဒိုမန်းငြိမ်းမောင်ကို ကေအဲန်ယူ လက်ထဲသို့ အစိုးရပြန်လည်အပ်နှံ
ထောင်ဒဏ် ၃နှစ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကျခံရသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင် ကို ယနေ့ နေ့လည်တွင် မိခင်အဖွဲ့အစည်းလက်ထဲသို့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များမှ ပြန်လည်အပ်နှံလိုက်ပြီ ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ အပါအ၀င် မြန်မာအစိုးရ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ ကိုယ်စားလှယ် ၇ဦးသည် နေ့လည် ၁၁နာရီဝန်းကျင်အချိန်၌ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် လာ ရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ ပဒိုမန်းငြိမ်းမောင်က “နိုင်ငံရေး အပြောင်းအလဲ ဖြစ်နေချိန်မှာ အခုလို အစိုးရက ပြန်လွှတ်ပေးလိုက်တဲ့အ တွက် အတိုင်းမသိ ၀မ်းသာပါတယ်”ဟု သတင်းထောက်များကို ပြောသည်။

အဆိုပါ အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် ကေအဲန်ယူ အရပ်ဖက်၊ တပ်ဖက် ခေါင်းဆောင် ၁၀ဦး ခန့် ယနေ့ နေ့လည်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးကြသော်လည်း အသေးစိတ် သတင်းအချက်အလက်ကိုမူ ကေအိုင် စီမှ ဆက်လက် ဖော်ပြသွားမည် ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်အား လာရောက်အပ်နှံသည့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းက မိမိအနေဖြင့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်ရှိ သတင်းထောက်များကို ယခုလို ပြောသည်။

“ကျနော် ပေးထားတဲ့ ကတိအတိုင်း Complete လုပ်တဲ့ သဘောပါပဲ။”ဟု ခပ်တိုတို ပြောဆိုခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် ကေအဲန်ယူဘက်မှ အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊
ဗိုလ်ချုပ်မဲအေစိန်၊ ဗိုလ်မှူးရောဂျာခင်၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ်ဒါးကျော်လု၊ ဗိုလ်မှူးကြီးနယ်ဒါးမြ၊ ပဒိုစောသော သီဘွဲ၊ ဗိုလ်မှူးထူးထူးလေးနှင့် သြစတြေးလျားရောက် ကေအဲန်ယူ ဗိုလ်မှူးဟောင်းကနဲမီတို့ ပါဝင်ခဲ့ကြသည်။

0 ความคิดเห็น:

แสดงความคิดเห็น