ကျနော် ဤစာကို ရေးရခြင်းအကြောင်းအရင်းမှာ ကျနော်တို့ ကရင်ညီအကိုမောင်နှမများ စည်းလုံးခြင်းသည် အဘယ်မျှ အရေးကြီးကြောင်းကို ပြန်လည်သတိရစေပြီး ဘ၀တသက်တာတွင် အမြဲကိန်းအောင်းနေဘို့အတွက် ဖြစ်ပါသည်။ ကျနော်တို့လူမျိုးကို နောက်ရောက်စေပြီး ခိုလှုံရာမဲ့ဘ၀ကို ရောက်စေခြင်းနှင့် လွတ်လပ်သောနယ်မြေရရှိရေးတို့ကို ပိတ်ပင်တားမြစ်နေသော အဓိကအချက်သည် ကျနော်တို့၏ မညီညွတ်ခြင်းကြောင့် ဖြစ်ပါသည်။ ကျနော်တို့၏ အင်းစိန်တိုက်ပွဲကို ပြန်လည်သုံးသပ်ဆန်းစစ်ကြည့်မည်ဆိုလျှင် ဗမာပြည်တလုံးနှင့် အချက်အချာနေရာများကို သိမ်းပိုက်ဘို့ရန် (၇)မိုင်မျှသာ ကျန်ပါတော့သည်။ ဒီအကြောင်းကို ရေရခြင်းသည် ကျနော်တို့ကရင်များ၏ခံစားချက်ကို နစ်နာစေချင်သည့်အတွက်မဟုတ်ပါ။ နောင်တွင် ရင်ဆိုင်တွေ့ရမည့် အခြေအနေအမျိုးမျိုးကို အံ့သြဖွယ်ကောင်းလောက်အောင် ပြန်လည်ရင်ဆိုင်ဖြေရှင်ဘို့ ဖြစ်ပါသည်။ ကျနော်တို့၏ စည်းလုံးညီညွတ်ခြင်းမရှိခြင်းရဲ့အကျိုးရလဒ်က ပညာရေးအဆင့်အတန်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လူနေမှုအဆင့်အတန်းနေထိုင်ရေးတို့သည် တိုးတက်ခြင်းမရှိပဲ နိမ့်ကျနေခြင်းပင် ဖြစ်ပါသည်။
လွန်ခဲ့သော (၁၀)နှစ်တွင် ကရင်လူမျိုးတို့၏ပညာရေးသည် အလွန်နိမ့်ကျပြီး အခြားလူမျိုးနှင့် မယှဉ်နိုင်အောင်ကို ဖြစ်ခဲ့ရပါသည်။ အလွန်နိမ့်ကျသောပညာရေးစနစ်ကိုသာ ရရှိခဲ့ပါသည်။ ပညာရေးအဆင့်အတန်းမမြင့်မားသည့်အတွက် မြင့်မြတ်သောစိတ်ရှိခြင်း၊ အမြင်ကျယ်ခြင်းတို့မခဲ့သည့်အတွက် မိမိလူမျိုးကို ထိရောက်စွာ မကူညီနိုင်ခဲ့ပါ။ ယခု NGO ၏ အကူအညီများကြောင့် ကရင်လူမျိုးများပညာရေးတွင် ပြန်လည်တိုးတက်လာပါပြီ၊ ကောင်းမွန်သောရှေ့ရေးတရပ်လည်း ဖြစ်ပါသည်။ ကရင်လူမျိုးများအတွက် ပညာရေးအဆင့်မြင့်စေသည့်အပြင် လူမျိုးဂုဏ်ကိုလည်း မြင့်စေပါသည်။ တိုးတက်နေသောနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းလည်း ဖြစ်စေပါသည်။
ကရင်လူမျိုးတို့၏စီးပွားရေးမူကား အခြားနိုင်ငံများနှင့်ယှဉ်ကြည့်မည်ဆိုလျှင် တိုးတက်မှုလုံးဝမရှိပါ။ လယ်ယာစိုက်ပျိုးရေးတိုးတက်မှုနှင့် ရောင်းဝယ်ရေးကို မျက်စိဖွင့်ထားသင့်ပါသည်။ ယခုကဆိုလျှင် စီးပွားရေး၊ ရောင်းဝယ်ရေး မကျွမ်းကျင်သည့်အတွက် လုပ်ငန်းကြီးများ ပြုစုပျိုးထောင်ခြင်းမရှိဘဲ ကရင့်တော်လှန်ရေးကို မည်ကဲ့သို့ တတက်တလမ်း ကူညီအင်အားဖြည့်ဆည်းပေးရမည်ကို မသိနားမလည်ခဲ့ပါ။ ကရင်လူမျိုးများ အဘယ်ကြောင့် အခြားအဖွဲ့များ၏နောက်တွင် ရောက်ရှိနေရသနည်းကို ပြန်လည်ဆန်းစစ်၊ ရှုထောင့်အမျိုးမျိုးကြည့်သော် ကျနော်တို့၏ အဓိကအဖြေမှာ မညီညွတ်ခြင်းကြောင့်ပင် ဖြစ်ပါသည်။ ကရင်လူမျိုးတို့၏ အင်အားရှိသော တော်လှန်ရေးဖြစ်ဖို့မှာလည်း စီးပွားရေးတွင် ပြည့်စုံခိုင်မာရပါမည်။ စီးပွားရေးခိုင်မာတောင့်တင်းပါမူ တော်လှန်ရေးအောင်မြင်ရန် ကြီးမားစွာသော အကူအညီအထောက်အပံ့များစွာကို ပြုနိုင်ပါသည်။
ချွင်းချက်အနေနှင့် တချိန်တုန်းက ကရင့်တော်လှန်ရေးနှင့်နိုင်ငံရေးသည် ဗမာ Junta စစ်အစိုးရထက် များစွာသာခဲ့ပါသည်။ ဗမာ Junta စစ်အစိုးရသည် ကရင့်နိုင်ငံရေးကို လုံးဝ မမှီခဲ့ပါ။ နှိုင်းယှဉ်၍ပင်မရပါ။ ယခုမူ ကရင့်တော်လှန်ရေးနှင့်လှုပ်ရှားမှုသည် လိပ်ထက်ပင် ပိုမို၍နှေးကွေးနေပါသည်။ ကရင့်တော်လှန်ရေးသည် နှစ်ရှည်လများကြာခဲ့သော တော်လှန်ရေးကြီးဖြစ်သော်လည်း လူအများ သိနည်းခဲ့သည့်တော်လှန်ရေးဖြစ်ကြောင်း တော်ဝင်မှတ်တမ်း(Encyclopedia)တွင် ပါရှိခဲ့ပါသည်။ ဖားအံမြို့နှင့်ဆန့်ကျင်ဖက်ရှိ မြိုင်ကလေးဘိလပ်မြေစက်ရုံ၌ ပြင်သစ်လင်မယား ချုပ်နှောင်ခြင်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီးမှသာ ကရင်လူမျိုးများအကြောင်းကို ကမ္ဘာကသိလာ၊ စိတ်ဝင်စားလာရပါသည်။ ဤသတင်းသည် ကရင်လူမျိုးတို့ လုံးဝမကြားချင်သော၊ မရည်ရွယ်မထင်မှတ်သော သတင်းကြီးတပုဒ်ဖြစ်ခဲ့ရပါသည်။ စာရေးသူ၊ သတင်းပေးသူသည် အမှန်တကယ် တိတိကျကျ စုံစိမ်းလေ့လာပြီးမှသာ ဘက်စုံသတင်းများကို ရယူပြီးမှသာ သတင်းဖေါ်ပြသင့်ပါသည်။ မသေချာမရေရာသော၊ မဟုတ်မမှန်ကန်သော၊ မတိကျသောသတင်းများကို စာဖတ်ပရိသတ်များထံ မရေးသင့်၊ မပို့သင့် မလုပ်အပ်ပေ။ ကရင့်နိုင်ငံရေးအကြေင်းကို ရေးမည့်သူသည်လည်း မခြားရေးသားရပါမည်။ ဘက်လိုက်ရေးသားလျှင် မှန်ကန်တိကျသောသတင်းကို ရရှိပါမည်လား။ အချို့သော ကရင်ခေါင်းဆောင် အယောင်အဆောင်များသည် သူတို့ကိုယ်သူတို့ တကယ့်အမျိုးကို အသက်နှင့်လဲပြီး သေသည့်တိုင်အောင် ချစ်သွားမည့်အသွင်ကြေငြာပြီး တဖက်တွင် ပိုမို၍ စည်းစိမ်ရှိသေနိုင်ငံများသို့ သွားရောက်နိုင်ရန်အတွက် မမှန်မကန်ကရင်၏နိုင်ငံရေးသတင်းများကို မုသားသုံးကာ ကိုယ်ကျိုးအတွက် ရောင်စားခြင်းပြုခဲ့ကြပါသည်။ နိုင်ငံရေးသတင်းကို မမှန်မကန်မုသားသုံးကာ လိမ်သတင်းပေးရခြင်းကာ သူတို့သည် အမေကျော်ပြီးဒွေးတော်ကို လွမ်းတဲ့အတွက် တခြားနိုင်ငံမှာသွားပြီး ကျွန်ခံလို့အတွက်သာ ဖြစ်ပါတယ်။ ယခု လက်ရှိအခြေအနေတွင် ကရင့်နိုင်ငံရေးသတင်းများကို ယခင်ထက်စာလျှင် ပိုမိုတိကျစွာနှင့် လျင်မြန်စွာသိရသည့်အတွက် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ ပြန်လည်၍ ဆန်းစစ်ကြည့်လျှင် တိကျမှန်ကန်သောသတင်းများကို ကရင်လူမျိုးများထံ အမြန်ဆုံး ပို့နိုင်၊ သိရှိဆောင်ရွက်ပေးခြင်းသည် ကရင်လူမျိုးများ၏ ရှေ့ရေးအတွက် များစွာ အလားအလာ အကျိုးပြုသော လုပ်ရပ်တခု ဖြစ်ပါသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် ဗမာပြည်တွင် စစ်တပ်၊ လက်နက်ခဲယမ်း၊ ကျည်ဆံအကောင်းဆုံးသည် ကရင်လူမျိုးတွင်သာရှိသည်။ ကရင်၏စစ်တပ်သည် အခိုင်မာဆုံးတခုဖြစ်သည်။ ယခုတွင် ကရင်လွတ်မြောက်ရေးစစ်တပ်သည် စစ်အစိုးရတပ်နှင့် နှိုင်းယှဉ်၍ လုံးဝမရပါ။ အဓိကအချက်မှာ ကျနော်တို့ မညီညွတ်ခြင်းကြောင့် ဖြစ်ပါသည်။ ပြီးခဲ့သော စစ်အစိုးရတို့၏ အဆိုးသွမ်းစစ်ဆင်ရေး၊ ဘာသာရေးအရေးအခင်းဖန်တီးခြင်းနှင့် စစ်အစိုးရမှ ကရင့်တပ်မတော်ကို အဖွဲ့ကြီးနှစ်ဖွဲ့ ခွက်ထွက်စေနိုင်ခဲ့ပါသည်။ ဘာသာရေးအခင်းနှင့် ရုန်းရင်းဆန်ခဖြစ်စေရန် မီးအစပျိုးသူမှာ စစ်အစိုးရဖြစ်ပြီး KNU နှင့် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ စကားပြောမီ စစ်အစိုးရ၏ နောက်ဆုံး စစ်ပရိယာယ်နည်းဗျူဟာလက်နက်ဖြစ်ခဲ့ပါသည်။ အမှန်တကယ်ဆိုလျှင် ကရင့်ခေါင်းဆောင်ကြီးများသည်လည်း ဤကဲ့သို့ စနစ်တကျဖြစ်ပေါ်လာမည်ကို သိနှင့်နေသော်လည်း မိမိတို့အချင်းချင်း မညီညွတ်ခြင်းကို ဆက်လက်ကျင့်သုံးသွားခြင်းကြောင့်သာ ဖြစ်ပါသည်။ မညီညွတ်ခြင်းကို အဖွဲ့၏မူရင်းအဖြစ်မှ အသစ်တဖန် ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့် ဖြစ်ပါသည်။ ပြီးခဲ့သည့်ဖြစ်ရပ်၌ မည်သူ့ကိုမျှ အပြစ်မတင်ပဲ အထောက်အကူပြုသော သမိုင်းဝင်သင်ခန်းစာအနေဖြင့် မိမိလူမျိုးတို့ ယူသင့်ပါသည်။
ကရင်များပိုင်ဆိုင်သော ကရင်နယ်မြေကြီးတွင် ကရင်လူမျိုးတို့သည် အချိန်နှင့်အမျှ ရွှေ့လျားနေထိုင်သွားလာရခြင်း၊ ယခု နယ်မြေပိုင်ဆိုင်ခြင်းမရှိခြင်းတို့သည် အဓိကမှာ ညီညွတ်မှုမရှိခြင်းကြောင့်သာ ဖြစ်ရပါသည်။ ကရင်နယ်မြေအရပ်ရပ်သို့၎င်းနယ်စပ်တစ်လျှောက်တွင် နေထိုင်သောကရင်လူမျိုးတို့၏ လူနေမှုအဆင့်သည် NGO အဖွဲ့နှင့် မတွေ့မှီ လွန်စွာမှ ဆင်းရဲဒုက္ခရောက်ကြရပါသည်။ စစ်အစိုးရ၏ နှိပ်စက်ညှင်းပန်းအုပ်ချုပ်မှုမှ လွတ်မြောက်ရန် ကရင်မြေကို စွန့်ခွာပြောင်းရွှေ့၍ တောနယ်ထဲတွင် ဆင်းရဲဒုက္ခအမျိုးမျိုးခံကာ လုံခြုံရာနေရာသစ်ကို ထွက်ပြေးရသော ကရင်လူမျိုးတို့၏ ဒုက္ခဆင်းရဲများမှာ လွန်စွာမှ နာကျဉ်စရာ၊ ၀မ်းနာစရာအဖြစ် မြင်တွေ့ရပါသည်။ နိုင်ငံခြင်းမှ ကြင်နာသနားကြသော NGO အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုဖြစ်သော ကရင်လူမျိုးတို့၏ လူနေမှု ကျန်းမာရေးတို့သည် ဆက်လက်ရှန်သန်လျက်ရှိပါသည်။
ကျနော်တို့ ကရင်လူမျိုးများအတွက် အခြေအနေအမျိုးမျိုးကို အချိန်ပေးသုံးသပ်လေ့လာရန်နှင့် ပိုမိုကောင်းမွန်တိုးတက်ရာများကို ရှာဖွေကြရန်ဖြစ်ပါသည်။ ကျနော်တို့လူမျိုးများ၏ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ကာကွယ်ရေးနည်းဗျူဟာများ၊ လူနေမှုအဆင့်အတန်း မြင့်မားရန်တိုံမှာ ကျနော်တို့အချင်းချင်း၏ ခိုင်မာသော စည်းလုံးညီညွတ်မှုအပေါ် မူတည်ပါသည်။ ယခုလက်ရှိတွင် ကျနော်တို့သည် ခိုင်မာသောစည်းလုံးညီညွတ်မှုကို ရရှိနိုင်ရန်အတွက် ဖြစ်နိုင်သည့်အဖြေကို ရှာကြရင်း၊ နားလည်မှုနှင့်ခိုင်မာသောစည်းလုံးညီညွတ်မှုကို ရှာဖွေဖေါ်ထုတ်ကြပါဦး၊ ချစ်လှစွာ ညီအကိုမောင်နှမတို့ြ့ပီးခဲ့သည့်အမှားပြုလုပ်သူများကို ခွင့်လွတ်ပြီး ဖြောင့်မတ်ကောင်းမွန် မှန်ကန်သော နည်းလမ်းများကို ယခုမှ စတင်၍ ကျနော်တို့ လုပ်ကိုင်ဆောင်ရွက်သွားကြပါရန် ကျနော်တို့၏စည်းလုံးညီညွတ်ခြင်းသည် ကျနော်တို့လူမျိုး၏အောင်မြင်ခြင်း၊ လွတ်လပ်ခြင်းနှင့်အင်အားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
သင်တို့၏ ချစ်ရဲဘော် NaMyaYaTar
၁၀ နှစ် OKRSO စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
วันศุกร์ที่ 3 กุมภาพันธ์ พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)

0 ความคิดเห็น:
แสดงความคิดเห็น