ဒီစာမှာတော့ ခေါင်းဆောင်နဲ့တာဝန်ခံမှုအကြောင်းကို ဆွေးနွေးလိုပါတယ်။ ဘာကြောင့်လဲဆိုရင် ခေါင်းဆောင်မှုလုပ်ငန်းတာဝန်ကို ထမ်းဆောင်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုဟာ လွန်စွာအရေးကြီးလို့ပါဘဲ။ လူတချို့က ခေါင်းဆောင်မဖြစ်ချင်ဘူး၊ ဘကြောင့်လဲဆိုရင် ခေါင်းဆောင်လုပ်ရတာ တာဝန်ကြီးတယ်၊ တာဝန်ခံရတယ်၊ ဒါကြောင့် မလုပ်ချင်တာဖြစ်တယ်။ တချို့ကတော့ ခေါင်းဆောင်လုပ်ချင်တယ်၊ ဘာကြောင့်လဲဆိုရင် ခေါင်းဆောင်ဖြစ်လာရင် အခွင့်ထူးတွေရမယ်၊ သူများကိုလိုသလို ခိုင်းနိုင်မယ်လို့ထင်လို့ပါဘဲ။ တကယ်အမှန်ကတော့ ခေါင်းဆောင်လုပ်ရတာ တာဝန်ကြီးတယ်၊ တာဝန်ခံရတယ်ဆိုတာမှန်ပါတယ်။ ခေါင်းဆောင်ဖြစ်လာရင် အခွင့်ထူးခံနိုင်တယ်၊ သူများကို ခိုင်းစားလို့ရတယ်ဆိုတာကတော့ မှားပါတယ်။
ကျနော်တို့က ခေါင်းဆောင်ကောင်းတွေကို လိုချင်ပါတယ်။ ခေါင်းဆောင်ကောင်းတွေကသာ ကျနော်တို့ကို ဦးဆောင်မှုပေးနိုင်မယ်။ အောင်ပွဲကို အရောက်ပို့ဆောင်နိုင်မယ်လို့ ယူဆဘို့ပါဘဲ။ ကျနော်တို့လိုချင်တဲ့ခေါင်းဆောင်ကောင်းတွေဆိုတာကလည်း အမျှော်အမြင်နဲ့ဆင်ချင်တုံတရားရှိတာ၊ ဇွဲသတ္တိနဲ့ပြည့်စုံတာ၊ ကိုယ်ကြိုးစွန့်အနစ်နာခံတာ၊ ကိုယ့်အမျိုးသားတွေ ပြည်သူတွေ ကိုယ့်ရဲဘော်ရဲဘက်တွေကို ချစ်ခင်လေးစားတာ၊ အခြေအနေကိုနားလည်တာ၊ တာဝန်ကိုနားလည်တာ၊ တာဝန်ခံမှုရှိတာ၊ အများရဲ့ချစ်ခင်လေးစားမှုကို ရတာမျိုးကို လိုပါတယ်။ ဒီလိုခေါင်းဆောင်မျိုးမှ ရန်သူကိုယှဉ်နိုင်မယ်။ တော်လှန်ရေးကို ရှေ့ဆောင်နိုင်မှာဖြစ်လို့ပါဘဲ။ အောင်ပွဲပန်းတိုင်လှမ်းကိုင်ချင်တဲ့ ခေါင်းဆောင်တွေဟာ ဒီလိုအရည်အသွေးမျိုး ရှိကြရပါတယ်။ ခေါင်းဆောင်မှုဆိုတာ အခွင့်ထူးလို့ ယူဆသူတွေကတော့ ခေါင်းဆောင်မှုမပေးနိုင်တာကို တွေ့ရမြဲဖြစ်ပါတယ်။
ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်ကြီးများကို အာရှမှာ၊ လက်တင်အမေရိကမှာ၊ မြောက်အမေရိကမှာ၊ ဥရောပမှာ၊ အာဖရိကမှာ အများအပြားတွေ့ရပါတယ်။ တိုင်းပြည်ထူထောင်ခဲ့ကြတဲ့ တိုင်းပြုပြည်ပြု ခေါင်းဆောင်များစွာလည်း ရှိခဲ့ကြပါတယ်။ ထိုသူများဟာလည်း ဦးဆောင်မှုအရည်အသွေး ပြည့်ဝသူများချဉ်းသာဖြစ်ပါတယ်။ တော်လှန်ရေးမှာ တိုင်းပြည်တည်ဆောက်ရေးမှာ ကျွဲကူးရေပါလုပ်ခဲ့ကြတဲ့ ခေါင်းဆောင်များလည်းရှိကြပါတယ်။ သို့ရာတွင် ထိုခေါင်းဆောင်မျိုးဟာ ရွံ့ရွံ့ချွန်ချွန် ပါဝင်ခဲ့ခြင်းမရှိလို့ အများက လေ့လာစံထားထိုက်သည့်ခေါင်းဆောင်များ မဖြစ်ခဲ့ကြပါ။
ကရင့်တော်လှန်ရေးမှာလည်း လေ့လာအတုယူစရာ ခေါင်းဆောင်များစွာ ပေါ်ထွန်းခဲ့ပါတယ်။ ဒီခေါင်းဆောင်များအနက် ခေါင်းဆောင်နှစ်ဦးရဲ့ စွန့်လွတ်အနစ်နာခံမှု၊ တော်လှန်ရေးအပေါ်တာဝန်ခံမှုများကို လေ့လာအတုယူသင့်ပါတယ်။ ပထမတစ်ဦးက ကရင်အမျိုးသားများရဲ့ အာဇာနည်ခေါင်းဆောင်ကြီး“စောဘဦးကြီး”ဖြစ်ပါတယ်။ သူဟာ စွန့်လွတ်အနစ်နာခံမှု၊ တာဝန်ခံမှုမှာ စံထားလောက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ခေတ်ပညာတတ်တဦးရုံမက ချမ်းသာကြွယ်ဝသူတဦးဖြစ်တယ်။ သူရဲ့ချမ်းသာကြွယ်ဝမှုကို ကရင်အမျိုးသားများအတွက် ပြတ်ပြတ်သားသား စွန့်လွတ်ခဲ့တယ်။ ကရင်အမျိုးသားများအပေါ် ကရင့်တော်လှန်ရေးအပေါ်၊ လုံးဝတာဝန်ယူခဲ့သူဖြစ်တယ်။ သူကွယ်လွန်သွားတဲ့အခါ သူ့အတွက်၊ သူ့မိသားစုအတွက် ပိုင်ဆိုင်မှုဆိုလို့ ဘာမျှမကျန်ခဲ့ဘူး။ သူဟာ အမှန်ပင် အာဇာနည်သူရဲကောင်းကြီးတဦးဖြစ်ခဲ့ပါတယ်။ အမှန်ပင် ခေါင်းဆောင်ကောင်းတဦးဖြစ်ခဲ့ပါတယ်။
အခြားတဦးကတော့ ဥက္ကဌကြီးမန်းဘဇန်ဖြစ်တယ်။ ဥက္ကဌကြီးမန်းဘဇန်ဟာလည်း တက္ကသိုလ်ကျောင်းသားဘ၀၊ နိုင်ငံရေးလှုပ်ရှားမှုမှာ များစွာပါဝင်ခဲ့ပြီး ဗြိတိသျှခေတ် ၁၃၀၀ပြည့်အရေးတော်ပုံမှာ ဒဏ်ရာရခဲံသူဖြစ်တယ်။ ၁၉၅၀ ခုနှစ်၊ ဥက္ကဌစောဘဦးကြီး ကွယ်လွန်ပြီးနောက် ဖရိုဖရဲဖြစ်နေခဲ့တဲ့ ကရင့်တော်လှန်ရေးကို စိတ်ဓါတ်ရေးအရ၊ နိုင်ငံရေးအရ၊ စည်းရုံးရေးအရ ပြန်လည်ထူထောင်ပေးခဲ့သူဖြစ်တယ်။ ကရင့်တော်လှန်ရေးကြီးဟာ အခြေခံနိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေးလမ်းစဉ်ချပြီး စတစ်တကျလုပ်ဆောင်သွားဘို့ ဦးစီးဆောင်ရွက်ခဲ့သူဖြစ်တယ်။ သူရဲ့ဦးဆောင်မှုဟာ ၁၉၄၉ ခုနှစ်က ၁၉၇၆ ခုနှစ် အထိ ဖြစ်တဲ့အတွက် နှစ်ပေါင်း ၃၀ နီးပါးရှိခဲ့တယ်။ ကွယ်လွန်သွားခဲ့တဲ့ KNU ဒုဥက္ကဌ ဗိုလ်မှူးချုပ်ရွှေဆိုင်းရဲ့ ကောက်ချက်မှာ “ဥက္ကဌ စောဘဦးကြီးဟာ ကျနော်တို့ရဲ့ လက်ဦးဆရာ၊ လက်ဦးခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့လို့ တကယ့်တကယ်လက်တွေ့ကျကျ ကျနော်တို့ကို နိုင်ငံရေးပညပေးခဲ့တာ၊ ဦးဆောင်မှုပေးခဲ့သူဟာ ဥက္ကဌကြီး မန်းဘဇန် ပါဘဲ”လို့ ကောက်ချက်ချခဲ့တယ်။ သူဟာ ၁၉၄၇ ခုနှစ် KNDO ကို ထူထောင်ခဲ့စဉ်က တာဝန်ခံတဦးဖြစ်ခဲ့ပြီး စစ်ရေးလုပ်ငန်းကို တာဝန်ခံခဲ့သူဖြစ်တယ်။ ၁၉၄၉ ခုနှစ် တော်လှန်ရေးစတင်လာတဲ့အခါ ဥက္ကဌစောဘဦးကြီးနဲ့အတူ တော်လှန်ရေးကြီးကို တာဝန်ခံခဲ့သူ ဦးဆောင်မှုပေးခဲ့သူ ဖြစ်တယ်။ သူဟာ တော်လှန်ရေးစတင်တဲ့ ၁၉၄၉ မှ ၁၉၇၆ အထိ မည်သည့်အခါမျှ ထည်ထည်ဝါ၀ါ နေထိုင်ခဲ့သူမဟုတ်ဘူး။ သူကွယ်လွန်သွားတဲ့အခါ သူရဲ့အဆုံးအမမှတပါး သူရဲ့ကိုယ်ပိုင်ပစ္စည်းဆိုလို့ ဘာမှမကျန်ခဲ့ဘူး။ စွန့်လွှတ်အနစ်နာခံမှု၊ တာဝန်ခံမှုဟာ ခေါင်းဆောင်များအတွက် လွန်စွာအရေးကြီးတယ်။ ပျက်စီးသွားတဲ့ခေါင်းဆောင်များကို ကြည့်ရင် တာဝန်ခံမှုလုံးဝမရှိတာကို အထင်အရှားပင်တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကရင့်တော်လှန်ရေးမှာ အညံ့ခံသွားကြတဲ့ ခေါင်းဆောင်များကိုကြည့်ရင် လွန်စွာ ထင်ရှားပါတယ်။ ယ္ခင် ၁၉၆၃ ခုနှစ်က လက်နက်ချသွားတဲ့ စောဟံသာတာမွှေးနဲ့အပေါင်းပါများကိုကြည့်ရင် တောတွင်းတော်လှန်ရေးဘ၀မှာပင် ထည်ထည်ဝါ၀ါနေလိုသူများဖြစ်တယ်။ လူထုနဲ့ထူးထူးခြားခြားကင်းကွာပြီး လူထုဆန့်ကျင်ရေးလုပ်သူများဖြစ်တယ်။ လူထုအပေါ်၊ အဖွဲ့အစည်းအပေါ် လုံးဝတာဝန်ခံမှုမရှိတာကို တွေ့ရပါတယ်။ ကိုယ်ကျိုးကို ရှေ့တန်းတင်သူများဖြစ်သည့်အတွက် အခက်အခဲကြုံလာသည့်အခါ မိမိအမျိုးသား၊ မိမိရဲဘော်ရဲဘက်၊ မိမိအဖွဲ့အစည်းကို ကျောခိုင်းသွားကြတယ်။
တာဝန်ခံမှုနဲ့ပတ်သက်လို့ နောက်ထပ် အရေးကြီးတဲ့အချက် ရှိသေးတယ်။ ဒါကတော့ ကိုယ့်အမှားကို တာဝန်ခံရဲတဲ့ သတ္တရှိပါဘဲ။ လူတချို့က ကိုယ့်အမှားကို သူများကို လွှဲချတတ်တယ်၊ ရှောင်လွှဲတတ်တယ်၊ ဒါဟာ တာဝန်မခံမှုဘဲ။ ဒီလိုခေါင်းဆောင်မျိုးဟာ အမျိုးသားတော်လှန်ရေးကြီးတခု၊ ခေတ်ပြောင်းတော်လှန်ရေးကြီးတခုကို ဦးဆောင်ဘို့ လုံးဝမဖြစ်နိုင်ဘူး၊ လုံးဝ ထိုက်တန်သူမဟုတ်ဘူး။ ဒါကိုလည်း ရှင်းလင်းရှင်းလင်း သိရှိထားကြဘို့၊ ခံယူထားကြဘို့ လိုပါတယ်။
နိဂုံးအနေနဲ့ ဇွဲလုံ့လရှိမှု၊ ရိုးသားမှု၊ အနစ်နာခံမှု၊ တာဝန်သိမှု တာဝန်ခံများဟာ အခြေခံဖြစ်ပြီး ဥာဏ်အမျှော်ရှိမှုနှင့် ပေါင်းစပ်မိပါက ခေါင်းဆောင်ကောင်းဖြစ်လာမယ်ဖြစ်တယ်။ ယ္ခုအခါ ကရင့်တော်လှန်ရေးမှာ ခေါင်းဆောင်ကောင်းထောင်အသောင်း လိုအပ်လျက်ရှိရာ ရဲဘော်များ ဤကွက်လပ်ကြီးကို ဖြည့်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။
ရေဆန်
၂၀၀၇ ခုနှစ် စာရေးဆရာ ရေဆန် ရေးသားသည့် သနူထူစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
ဖါးစည်သံ
วันพุธที่ 1 กุมภาพันธ์ พ.ศ. 2555
สมัครสมาชิก:
ส่งความคิดเห็น (Atom)


0 ความคิดเห็น:
แสดงความคิดเห็น