ဖားစည်နှင့်ပတ်သက်သည့် ဒဏ္ဍာရီပုံပြင်တပုဒ် ရှိပါသည်။ ဖားစည်ကို ဖူးမော်တော(ဖူးဒိုင်)က မျောက်တို့ထံမှ ရရှိသည်ဟုဆိုပါသည်။ ထိုပုံပြင်ကို ပြောဆိုရာ၌ အနည်းငယ် ကွာခြားချက် ရှိကြသော်လည်း ဆိုလိုရင်းမှာ အတူတူပင်ဖြစ် ပါသည်။
ရှေးအခါက ဖူးမော်တော(ဖူးဒိုင်)အမည်ရှိအဘိုးအို တယောက်သည် သားသမီးများနှင့်အတူ တောင်ယာလုပ်ကိုင် စားသောက်ပါသည်။ ၎င်းတို့၏တောင်ယာနှင့် မနီးမဝေးတွင် ဖူးထော့နာသရဲနှင့် သားသမီးတစုတို့လည်း နေထိုင်ကြသည်။
ဖူးထော့နာသရဲနှင့်သားသမီးတို့သည် ဖားစည်သွန်းလုပ်ခြင်းကို တတ်ကျွမ်းသူများဖြစ်ကြသည်။ ထူးခြားချက်မှာ ၎င်းတို့သည် မျောက်ကဲ့သို့ အမြီးရှိကြသည်။
ဖူးထော့နာသရဲနှင့် သားသမီးများ(မျောက်များ)သည် ဖူးမော်တော၏စပါးများကို လာရောက်ခိုးစားလေ့ ရှိကြသည်။ စပါးများ အခိုးခံရ၍ ဖူးမော်တောမှာ စပါးခိုးသူကို ထောင်ဖမ်းရန် ကြံစည်ပါသည်။ ဖူးမော်တောသည် တောင်ပို့ထဲမှ ခူ (ပိုးတုံးလုံး) တကောင်ကို ယူ၍ နှစ်ပိုင်းဆွဲဖြတ်ပြီး သူ၏ နှာခေါင်းပေါက်ဝတွင် ထည့်ကာ စပါးကျီထဲတွင် လူသေယောင်ဆောင်ကာ အိပ်နေလိုက်သည်။
နေမြင့်ချိန်သို့ရောက်သော် မျောက်များသည် ကျီထဲရှိ စပါးများကို ခိုးယူရန် ရောက်လာကြသည်။ ကျီထဲသို့ဝင်သောအခါ ဖူးမော်တော ငြိမ်သက်စွာ အိပ်နေသည်ကို တွေ့ရသည်။ အချိန်အတန်ကြာ ချောင်းမြောင်းစောင့်ဆိုင်းနေသော်လည်း ဖူးမော်တော နိုးမလာသဖြင့် အနီးကပ်သွားကြည့်ကြသော် နှာခေါင်းထဲတွင် ခူကိုတွေ့ရ၍ ခူနှာခေါင်းထဲဝင်၍ သေရခြင်းဖြစ်သည်ဟု ယူဆကြသည်။
ထိုအခါ မျောက်အပေါင်းတို့သည် မိမိတို့၏ကျေးဇူးရှင် ဖြစ်သော ဖူးမော်တောသေဆုံးသည်ဖြစ်၍ ၀မ်းနည်းပက်လက်ဖြစ်ကာ ငိုကြွေးကြကုန်၏။
အို … ငါတို့ခြေနှစ်ချောင်း မျောက်အနွယ်ဝင်အပေါင်းတို့ … ငါတို့ကျေးဇူးရှင်ကြီး ခူကိုက်၍ သေဆုံးသွားပါပြီ။ သူ့ကိုငါတို့ တခမ်းတနား သင်္ဂြိုဟ်ကြပါစို့
ထို့နောက် ဖူးမော်တောအား ထမ်းစင်တခုဖြင့်တင်ကာ ၎င်းတို့ နေထိုင်ရာ တောင်ပေါ်သို့ ထမ်းယူသွားကြသည်။
ဖူးထော့နာသရဲက အသုဘအခမ်းအနားအတွက် ဖားစည်ကြီးများကို ထုတ်ယူခိုင်းပါသည်။ အရွယ်ချင်းတူညီသော ဖားစည် သုံးလုံးကို မှောက်လျက်စီထားကာ ပန်းမာလ်များဖြင့် ဆင်ယင်ထားလိုက်သည်။ ဖူးမော်တော၏ အလောင်းကို ခမ်းနားကြီးကျယ်စွာ ပြင်ဆင်ထားသော ဖားစည်သုံးလုံးပေါ်သို့ တရိုတသေ တင်ထားလိုက်ကြသည်။
ထို့နောက် နောက်ထပ်ငွေဖားစည် တလုံးကို ထုတ်ယူလာကာ ငွေဖားစည်ကိုတီးပြီး သြသံများဖြင့် ငိုပွဲ(ငိုချင်း)ဆင်ကြတော့သည်။
အသုဘအခမ်းအနားကို မျောက်တို့သည် သီချင်း၊ ကဗျာ၊ လင်္ကာများဖြင့် သြပွဲ ကျင်းပကာ စတင်ပါသည်။ မျောက်တကောင်က ငိုချင်းချပုံမှာ …
ဖူးမော်တောစပါးကို ငါတို့ သွားစားခဲ့ကြပါသည်။ ခုတော့ ငါတို့ကို ကျောခိုင်းလေပြီကော ဟူ၍ ဖြစ်သည်။
သြသံများသီဆိုကြသော အပျိုလူပျိုများထဲမှ နောင်းအွာမူး (မိဖြူ)အမည်ရှိ မျောက်မကြီးတကောင်သည် မိမိကိုယ်ကို ချီးမွမ်းခန်းထုတ်သော သြသံများသီဆိုနေသည်။ သူသာလျှင် အချောဆုံးအလှဆုံးဖြစ်ကြောင်း၊ သူ၏အမြီးမှာ သူများထက် ရှည်ကြောင်း ကြွားဝါ၍သီဆိုနေ၏။
ဖူးထော့နာသရဲက နောင်းအွာမူး၏ သြသံကို ကြားသည်နှင့် ချက်ချင်းပြေးတက်လာပြီး နောင်းအွာမူးနှင့်အပြိုင် သြသံသီဆိုလေတော့သည်။
ဖူးထော့နာသရဲ၏အမြီးမှာ ဆိတ်မြီးကဲ့သို့တမိုက်မျှသာရှိ ၏။ သို့သော်ဖူးထော့နာသရဲ သီဆိုလိုက်သောသြသံကား မိဖြူက သူ့အမြီး အရှည်ဆုံးပဲတဲ့၊ သူ့အမြီးက ငါ့အမြီးထက် ရှည်နိုင်ရိုးလား ဟူ၍ ဖြစ်သည်။ ထိုသြသံဆုံးသည်နှင့် ဖူးထော့နာသရဲသည် သူ့အမြီးတိုတိုလေးကို နှစ်တောင်၊ သုံးတောင် အရှည်ရှိသကဲ့သို့ လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကိုင်တွယ်ပြလေ၏။
ထိုအချင်းအရာကို လူသေယောင်ဆောင်နေသော ဖူးမော်တောမှာ ခိုးကြည့်ရာမှ မြင်တွေ့နေရ၍ အလွန်ရယ်ချင်နေပါသည်။ နောင်းအွာမူးက သူ့အမြီး သူများထက်ရှည်ကြောင်း ကြွားဝါပုံ၊ ဖူးထော့နာသရဲကသူ့အမြီးတိုကလေးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကိုင်တွယ်ကာ ချီးမွမ်းခန်းထုတ်ပုံကိုတွေ့ရာ ဖူးမော်တောက မအောင့်အီးနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်လိုက်သည်။
ပြီးနောက် …
မင်းတို့ဘာတွေလုပ်နေတာတုံး ဟု ငေါ့၍ မေးလိုက်သည်။
လူသေရုတ်တရက်ထလာ၍ မျောက်များလန့်ဖျတ်သွားကာ အဝေးသို့ပြေးကုန်ကြ၏။ ဖူးထော့နာသရဲမှာ ဖူးမော်တော၏ ရှေ့မှောက်တွင်တရိုတသေတောင်းပန်နေရှာတော့၏။
ဖူးထော့နာသရဲနှင့် ဖူးမော်တောတို့ အပြန်အလှန် သီချင်း၊ ကဗျာ၊ လင်္ကာများဖြင့် စကားအမေးအဖြေပြုလုပ်ကြသည်။
ဖူးမော်တော ကျားသုံးဆယ်ခေါင်းဆောင်တကောင်၊ လူသုံးဆယ် ခေါင်းဆောင်တယောက်၊ ဤနေရာတွင်မည်သူသည်ခေါင်းဆောင်ဖြစ်ပါသနည်း။
ဖူးထော့နာ ကျားသုံးဆယ်လူသုံးဆယ် ခေါင်းဆောင် ဤနေရာတွင် ကျွန်ုပ်ပင်ဖြစ်ပါသည်။ အဆွေပြောစရာ ဆိုစရာရှိက အမိန့်ရှိပါ။
ဖူးမော်တော သင်တို့သည် ကျွန်ုပ်၏စပါးကို လာခိုးကြ၏။ ယာခင်းတို့ကိုလည်း လာရောက် ဖျက်ဆီးခဲ့ကြ၏။ ယခု သင်တို့သည် ကျွန်ုပ်အား လူသေလောင်းကဲ့သို့ ပြုမူနေကြသည်မှာ သင့်တော်ပါ၏လော။
ဖူးထော့နာ အဆွေတကြိမ်တခါ သည်းခံပါအုံး၊ သွေးမကောင်းလျှင် ဆံပင်ဖြူတတ်သည်။ သားသမီးမကောင်း မိဘခေါင်း၊ ကျေးကျွန်မကောင်း သခင်ခေါင်း၊ ဆိုရိုးစကား ရှိပါသည်။ အဆွေအား ကျွန်ုပ်ပြောစရာ အခြားဘာမျှ မရှိပါ။
ဖူးမော်တော ရှေးအစဉ်အဆက်ကရှိခဲ့သော ဓလေ့ထုံးစံအတိုင်း လူသေအလောင်းနားသို့ ထားပေးသောပစ္စည်း မှန်သမျှ လူသေနှင့်သာ သက်ဆိုင်ရမည်။ ယခုဖားစည် လေးလုံးနှင့်တကွ သက်ဆိုင်ရာ ပစ္စည်းမှန်သမျှ လူသေနှင့်သာ သက်ဆိုင် ရမည်။
ဖူးထော့နာ ကောင်းပြီအဆွေ၊ စကားမှာတခွန်း၊ ခြေရာမှာ တခုဟူသောစကားအရ ဖားစည်လေးလုံးနှင့်တကွ သက်ဆိုင်ရာ ပစ္စည်းအားလုံးတို့သည် အဆွေနှင့်သာ သက်ဆိုင်ပါသည်။ ကျေကျေနပ်နပ်သာယူစေဗျား။
ဖားစည်လေးလုံးနှင့်တကွသက်ဆိုင်ရာပစ္စည်း အားလုံးကို ဖူးမော်တောနေထိုင်ရာအိမ်သို့ ပို့ပေးကြသည်။ ထိုနေ့မှစ၍ ဖူးထော့နာသရဲသည် သားသမီးတို့၏ အကျင့်စာရိတ္တ ပျက်ပြားခဲ့ကြခြင်းအပေါ် အရှက်ရခဲ့သဖြင့် အခြားဒေသ တနေရာသို့ ပြောင်းရွှေ့နေထိုင်ကြလေတော့သည်။
ထိုမှစ၍ ကရင်လူမျိုးများထံသို့ ဖားစည်စတင် ရောက်ရှိလာသည်ဟု ပြောဆိုကြပါသည်။
မန်းလင်းမြတ်ကျော်
ကရင့်ရိုးရာသုတပဒေသာ
วันอังคารที่ 3 มกราคม พ.ศ. 2555
ဒဏ္ဍာရီထဲက ကရင့်ဖားစည်
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น