วันจันทร์ที่ 30 มกราคม พ.ศ. 2555

သွေးသစ်လောင်းပြီး ချစ်စမ်းစေချင်

ကြင်နာပါသည်၊ မြတ်နိုးပါသည်၊ ယုယပါသည်၊ တွယ်တာပါသည်၊ ချစ်လှပါသည် စသည်စသည့် အနုအလှ ကနွဲ့ကလျ စကားလုံးလေးများကို မိမိနှလုံးသားထဲမှာသာ မျိုသိပ်ထားပြီး အပြင်ဘက်ကို ဖွင့်ဟဖေါ်ထုတ်မပြောဆိုပါလျှင် အချောအလှ အနုအရွ ယဉ်စစမူချို ဟတ်ပန်ပျိုသည့် လုံမပျိုလေးသည် မိမိအပေါ် မည်သည့်ပင် စိတ်ဝင်စာမှုရှိလှသော်လည်း “ချစ်ကြင်မြတ်နိုးလှပါတယ်”ဆိုတဲ့ ချစ်ပန်းတိုင်ကား မည်သို့မျှ အပြီးတိုင် မရောက်လှမ်းနိုင်ပါလေ။

ကမ္ဘာလောကရှိ သက်ရှိသက်မဲ့ အရာဝတ္တုတိုင်းသည် ကြင်နာယုယမှုကို မြတ်နိုးတွယ်တာကြသည်ချဉ်းပင်။ အ၀ိညာဏက သက်မဲ့ဖြစ်သည့် စားပင်၊ သောက်ပင်များသည်ပင်လျှင် ပြုစုယုယလျှင် ပြုစုယုယသည့်အလျောက် သန်မာကြီးထွားလာပြီး စောလျှင်စွာ ဖူးငုံသီးပွင့် ဝေဆာလာတတ်စမြဲပါပင်။ သ၀ိညာဏက သက်ရှိသတ္တ၀ါများတွင်လည်း အသိညာဏ်ကင်းမဲ့ကြသေည့် ခွေး၊ ကြောင် စသည်သတ္တ၀ါများသည်ပင်လျှင် မိမိက ကြင်နာမြတ်နိုးမှုပြုပါလျှင် သူတို့က ပြန်လည်ပြီး အမြီးလေးတနုံနုံ၊ ခေါင်းကလေးတခါခါနှင့် ပွတ်သီးပွတ်သပ်ပြုကြပါသေးသည်။ ဤကား လောကနိယာမသဘာဝတစ်ခုပင်။

ဤသည်များကို နှလုံးမူ သတိပြုမိသောအခါ လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်ကာလတုံးက ဖြစ်စဉ်တစ်ခုသည် မိမိ၏ နှလုံးသားပေါ်ဝယ် ရုရှင်ဖလင်ပြားကို ဆလိုက်မီးထိုးလိုက်သည့်ပမာ တရိပ်ရိပ်နှင့် ထင်ယောင်မြင်ယောင်လာပါတော့သည်။

၁၃၃၁ ခုနှစ်ကာလဖြစ်၏ ကရင်ပြည်နယ် ဖားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းတွင် ကြီးကျယ်ခမ်းနားလှစွာသော စာပေနှီးနှောဖလှယ်ပွဲကြီး ဆင်ယင်ကျင်းပခဲ့ဘူးပါသည်။ ထိုပွဲတော်သည် ကြီးကျယ်ခမ်းနားလှသည့်အလျောက် အခမ်းအနားကို တေးကဗျာဖြင့် “အာသာဝတီ နွယ်နီနတ်ပန်းတို့မည်သည့် နှစ်ပေါင်တစ်ထောင်ကြာမှ တခါပွင့်လေ့ရှိသဖြင့် အဖိုးအနဃတိုက်တန်လှသောပန်းမျိုး ဖြစ်ပါသည်။ ထို့အတူ သုဝဏ္ဏဘူမိသထုံခေတ်မှစပြီး တိမ်မြုပ်လာခဲ့သော ကရင်စာပေဟောင်းသည် ယခုကဲ့သို့ အနှစ်တစ်ထောင်အတွင်းမှာ ပြန်လည်ပေါ်ထွန်းလာသဖြင့် အာသာဝတီနွယ်နီနတ်ပန်းကဲ့သို့ပင် တန်ဖိုးထိုက်လှသည်ဖြစ်၍ ကမ္ဘာတည်သရွေ့ တည်တံ့နိုင်အောင် ထိန်းသိမ်းကြပါစို့ဟု ဖွင့်လှစ်ခဲ့ပါသည်။

ထိုပွဲတော်သို့ ကရင်ပြည်နယ်အတွင်းသာမက မြစ်ဝကျွန်းပေါ်ဒေသကပါ စာပေပညာရှင်များ တက်ရောက်လာခဲ့ကြပါသည်။ တက်ရောက်လာခဲ့ကြသော စာပေပညာရှင်များကလည်း မိမိတို့၏ အမြင်ရှုဒေါင့်မှ စာပေတိုးတက်ပြန့်ပွားရေးကို အသီးသီးတင်ပြသွားကြပါသည်။ ဗဟိုအတွင်းရေးမှူးကလည်း ကရင်စာပေဟောင်းသည် တန်ဖိုးကြီးမားပုံနှင့် မွန်အမျိုးသားများက အဓိပ္ပါယ်မဖေါ်ထုတ်နိုင်သည်ကို ကရင်အမျိုးသားများက ဖေါ်ထုတ်နိုင်ပုံများကို ရှင်းလင်းတင်ပြသွားသည်မှာ စိတ်ဝင်စားစရာ ၎င်းဗဟုသုတလည်း များစွာတိုးပွားလာရပေသည်။ ထိုတင်ပြများအနက် နမူနာအဖြစ် တင်ပြရသေည် -- ဥပမာပြရရင် မော်လမြိုင်မြို့အနီး သံလွင်မြစ်ဝဘီလူးကျွန်းကိုပဲ ပြပါရစေ၊ ဘီလူးကျွန်းကို မွန်က “ဟမန်း”လို့ခေါ်ပါတယ်။ အဓိပ္ပါယ်ရှာမတွေ့ဘူး၊ ဟမန်းဟာ ဘီလူးလည်းမဟုတ်ဘူး၊ သရက်ဖြူပင်လည်းမဟုတ်ဘူး၊ ဒါကြောင့် ဘာများဖြစ်ပါလိမ့် ဒီလိုတွေးကြတယ်။

ကရင်က ဘီလူးကျွန်းကို “ကိုခမွန့်”လို့ခေါ်တယ်။ သူက အဓိပ္ပါယ် “ကို”က (ကျွန်း) “ခမွန့်”က (သံလွင်ပင်)နှစ်ခုပေါင်းတော့ သံလွင်ပင်ကျွန်း၊ ဒါမမဟုတ် သံလွင်မြစ်ဝကျွန်း ဖြစ်တယ်။ သံလွင်မြစ်ကို ကရင်လို “ခမွန့်ရှိုး”လို့ခေါ်တယ်ဟု ရှင်းလင်းတင်ပြသွားပါသည်။

တဖန် ဗုဒ္ဓဘာသာပိုးကရင်စာပေသမိုင်းကို ပြုစုရေးသားသော ဆရာဦးဘုန်းမြင့်က ကရင်စာဆိုတော်ကြီး ဆရာတော်ဦးစန္ဒာဝရအား အသီအကုံး၊ အသုံးအနှုံး၊ အရေးအဖွဲ့ကောင်းလွန်းလှ၍လည်းကောင်း။ ဇာတ်တော်ကြီးဆယ်ဘွဲ့ကို အစဦးဆုံး ပြုစုရေးသားသူဖြစ်၍ ကရင်ဦးသြဘာဟူ၍လည်းကောင်း တင်စားပြီး ဂုဏ်ပြုခေါ်ဆိုခဲ့ပေသည်။ ထိုဆရာတော်ကြီးပြုစုရေးသားခဲ့သော ပေကျမ်းစာများတွင် “သန္ဓိက်ုလေင့်”ကျမ်းသည် စကားပရိယာယ် အသုံးအနှုံးများ ခန့်ငြားကြွယ်ဝလှပေသည်။ ထိုနည်းတူ ခန္ဓာပူရ စသော အခြားအခြားသောကျမ်းများကိုလည်း တွေ့ရှိနိုင်ပါသည်။

ကရင်စာပေကျမ်းများသည် မှတ်တမ်းတင်ထားပြီးကား (၇၅)ကျမ်းရှိ၍ မတင်ရသေးသောကျမ်းများလည်း ရှိပါသေးသည်။ ထိုကျမ်းများအနက် (၉)ကျမ်းမျှသာ ပုံနှိပ်အဖြစ် ရောက်ရှိနိုင်သေးသည်။

ဤသို့ဆိုလျှင် ချောပေ့၊ ယဉ်ပေ့၊ လှပေ့ ဆိုသော လုံမပျိုလေးကို နည်မည်ကလေးမျှ ကြားဘူးရုံသာရှိပြီး မမြင်ရ၊ မခင်ရ၊ မကြင်နာရသည့်အဖြစ်နှင့် တူလွန်းနေတော့သည်။

ထို့ကြောင့် ထိုခေတ်၊ ထိုအချိန်၊ ထိုကာလက ချောပေ့၊ ယဉ်ပေ့၊ လှပေ့ ဆိုသည့် လုံမပျိုလေးကို စင်ပေါ်တင်ပြီး အကဲခတ် လေ့လာရှုစားနိုင်ရန် ပုံနှိပ်အဖြစ်တည်းဟူသော သွေးသစ်လောင်းပြီး ချစ်ခင်မြတ်နိုးကြပါမှသာလျှင် ထိုကျမ်းစားများ၏ ဂုဏ်ရည်တတ်ဖိုးသည် တိုင်းပြည်အတွက် အကျိုးသက်ရောက်မှုရရှိနိုင်ပေလိမ့်မည်ဟု စေတနာကောင်းဖြင့် တင်ပြလိုက်ရပေသတည်း။

နန်းကိုကို (လှိုင်းဘွဲ)
၂၀၀၂ ခုနှစ် ဒုတိယအကြိမ် အားမာန်သစ်မဂ္ဂဇင်းမှ ကောက်နှုတ်ဖေါ်ပြထားသည်။

ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น