วันจันทร์ที่ 30 มกราคม พ.ศ. 2555

ကရင်နှင့်ကရင်စာပေ

တိုင်းရင်းသားကရင်စာပေကို မဖေါ်ပြမီ ကရင်လူမျိုးတို့၏ ရှေးဟောင်းရာဇ၀င်သမိုင်းအကျဉ်းချုပ်ကို ဖေါ်ပြလိုပါသည်။ မြန်မာရာဇ၀င်တွင် မြန်မာအစတကောင်းက ဟူ၍ ဆိုရိုးရှိခဲ့သော်လည်း တကယ်လက်တွေ့ သုတေသနပြုသောအခါ တကောင်းမတိုင်မီကပင် မြန်မာများရှိခဲ့ကြောင်း သိရှိခဲ့ရသည့်နည်းတူ ကရင်တို့သည်လည်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ မရောက်ရှိမီကာလကပင်လျှင် လူမျိုးတမျိုးအနေဖြင့် တည်တံ့ခဲ့ကြောင်း သုတေသနပြုသူများက တွေ့ရှိခဲ့ပါသည်။

ယင်းသို့ သုတေသနပြုချက်များအရ ကရင်လူမျိုးတို့သည် အာရှတိုက်အလယ်ပိုင်းရှိ မွန်ဂို(Mongols)ပင်မမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဖေါ်ပြထားသည်။ ၎င်းမှ မွန်ဂိုလီယန်၊ တိဗက်၊ ယူနန်တို့ကို ဖြတ်ကျော်၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြောင်းကို သမိုင်းသုတေသီများကလည်း အခိုင်အမာ ရေးသားဖေါ်ပြကြလေသည်။ ကရင်လူတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာခြင်းနှင့်စပ်လျည်း၍ ပထမအသုတ်သည် BC-1125 တွင်ဟူ၍၎င်း၊ ဒုတိယအသုတ်သည် BC-739 တွင် ဟူ၍၎င်း အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ကြလေသည်။

ယခု မျက်မှောက်ခေတ်၌ ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပရာတွင် ကရင်သက္ကရာဇ်နှင့် ပြက္ခဒိန်များတွင် ရေးထိုးထားသော နှစ်များနှင့် ကရင်လူမျိုးများ ဒုတိယအသုတ်ဝင်ရောက်သည့် BC-739 ကို ခရစ်နှစ် 1970 ခုနှစ်နှင့် ပေါင်းခြင်းအားဖြင့် ကရင်နှစ် 2709 ကို ရရှိလေသည်။

အထက်ပါ သုတေသနပြုချက်များအရ စာရေးဆရာများနှင့် သမိုင်းသုတေသီများက ကရင်လူမျိုးတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ပထမအသုတ် ရောက်ရှိလာကြောင်း၊ (သို့) ပထမဦးဆုံး ၀င်ရောက်နေထိုင်သော လူမျိုးများအနက် တစ်မျိုးဖြစ်ကြောင်း ရေးသားဖေါ်ပြထားခဲ့လေသည်။

ပြည်ထောင်စုတိုင်းရင်းသား ကရင်လူမျိုးတို့၏ဦးရေမှာ 1921 ခုနှစ် နှင့် 1930 ခုနှစ် သန်းခေါင်စာရင်းများအရ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဒုတိယအများဆုံးလူမျိုးစုဖြစ်လေသည်။ သို့ရာတွင် ကရင်လူမျိုးတို့သည် တနေရာတည်း(သို့)ဆက်စပ်နေရာများ၌ အတူတကွ မနေထိုင်ဘဲ၊ မိမိတို့အခြေအနေနှင့် ကြိုက်နှစ်သက်ရာအရပ်ဒေသအသီးသီးတွင် အနှံ့အပြားနေထိုင်ကြခြင်းဖြင့် အင်အားရှိသင့်သလောက် မရှိသည့်အပြင် ဤကဲ့သို့ နှစ်ပေါင်းများစွာ ပြောင်းရွှေ့နေထိုင်ကြခြင်းကြောင့် ပြောဆိုသော ဘာသာစကားများသည်လည်း အနည်းအများ ကွဲပြားခြားနားကြသည်။ သို့ရာတွင် ဘာသာစကားတစ်ခုတည်းမှ ဆင်းသက်လာကြောင်း အပေါ်အလွင် ထင်ရှားလာသည်။ ဤသို့ ဘာသာစကားကွဲပြားသော အစိတ်အပိုင်းများရှိသဖြင့် ယခင်က ထင်ရှားသော စာပေနှစ်မျိုးမှ ယခုအခါ စာပေသုံးမျိုးမျှ ဖြစ်ပေါ်လာလေသည်။ ကရင်တို့၏ ရှေးဟောင်းစာပေ “လိက်ဆောဝေ့”ဖြစ်ပြီး ယင်းစာပေ ဟု ယူဆရသော စာပေသည်။ ယခုထက်တိုင် “လဲကယ်”ဟု ခေါ်သော မိရိုးဖလာကိုးကွယ်သူတို့က ဆက်လက်သုံးစွဲ၍ ၎င်းစာဖြင့်ရေးသားသော ရှေးဟောင်းစာပေများလည်း အမြောက်အမြားရှိပေသည်။ ဤကရင်ရှေးဟောင်းစာပေကို သိက္ခာတော်ရ ဆရာကြီး မန်းအေးမြတ်ကျော်ကိုယ်တိုင် လေ့လာ၍ အသင့်အတင့်တတ်နိုင်ကြောင်း သိရှိရသည်။ သူ၏ထံ၌လည်း ပေစာအချို့ ရှိနေပါသည်။ ဤကဲ့သို့ အခြားသောရှေးဟောင်းကရင်စာများလည်းရှိ၍ တချိန်ကမှေးမှိန်ပျောက်ကွယ်သွားကြောင်း ရှေးပုံပြင်နှင့်ကဗျာလင်္ကာများကလည်း ဖေါ်ပြထားသဖြင့် အမေရိကန်သာသနပြုဆရာ ဒေါက်တာဝိတ်ကို တွေ့ရှိသောအခါ ယင်းကရင်စာပေများကို တောင်းလေတော့သည်။ ထိုသို့ ကရင်လူမျိုးများ၏ တောင်းဆိုချက်အရ ဒေါက်တာဝိတ်သည် ရောမအက္ခရာဖြင့် တီထွင်ပေးရန် ရည်မှန်းခဲ့သော်လည်း ကရင်လူကြီးများက မိမိတို့စာပေများကို ပြသကြသဖြင့် ယင်းအက္ခရာများအပေါ် အခြေခံ၍ ကရင်စာကိုတီထွင်လေသည်။ ဤကဲ့သို့တီထွင်နိုင်ရန်အတွက် မိမိကိုယ်တိုင် ကရင်စကားများကို ကောင်းမွန်စွာတတ်မြောက်အောင် သင်ကြားရသည့်အပြင် ကရင်ဆရာအချို့နှင့် အမြဲတစေ ဆွေးနွေးတိုင်ပင်ရလေသည်။ ဒေါက်တာဝိတ်သည် ကရင်(စကော)ဘာသာစာပေကို 1830 ခုနှစ် ပတ်ဝန်းကျင်တွင် စတင်တီထွင်ရေးသားခဲ့၍ 1841 ခုနှစ်တွင် အမေရိကန်သာသနပြုဆရာ ဒေါက်တာမေဆင်က ထားဝယ်မြို့၌ “ရှားထူဝေါ်”(The MorningStar)မြန်မာလို “မိုးသောက်ကြယ်”အမည်ဖြင့် ကရင်သတင်းစာ တစ်စောင်ကို ရိုက်နှိပ်ထုတ်ဝေခဲ့ရာ ယင်းသတင်းစာသည် ဂျပန်များ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်တိုက်ခိုက်သည်အထိ နှစ်ပေါင်း (100)ခန့် ထုတ်ဝေခဲ့ပါသည်။ ထိုသတင်းစာထုတ်ဝေပြီးနောက် အခြားသော ကရင်သတင်းစာ(6)စောင်ထက်မနည်း ထွက်ပေါ်လာလေသည်။

ကရင်(အနောက်ပိုး) ဘာသာစာပေကို အမေရိကန်သာသနာပြုဆရာ ဒေါက်တာဝတ်ကပင်လျှင် ဆက်လက်တီထွင်ပြန်ရာ 1836 ခုနှစ်တွင် စာပေအရေးအသားများ ပေါ်ထွန်းလာလေသည်။ ၎င်းနောက် ဒေါက်တာဘရေတန်သည် 1838 ခုနှစ်တွင် ရောက်ရှိလာပြန်ရာ ဒေါက်တာဝိတ်တီထွင်ခဲ့သည့်စာကို လွယ်ကူအောင်ပြင်ပြီး 1840 ခုနှစ်တွင် အနောက်ပိုးကရင်စာပေများကို တည်တွင်ရေးသားလေသည်။ နောက်များမကြာမီ ဆပ်ပရယ် ခေါ် ပိုးကရင်စာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

ကရင်ဘာသာစပေကို ကရင်များက အလွန်တန်ဖိုးထား၍ ကရင်စာပေနှင့်သတင်းစာများအား ဖတ်ရှုခြင်းအားခြင်းဖြင့် ကရင်များသည် အဖက်ဖက်၌ မျက်စိပွင့်လင်းလေသည်။ ထိုကြောင့် ဒေါကလူ (The Karen Nation Association)ခေါ် ကရင်အမျိုးသားအဖွဲ့ကြီးဖြစ်ပေါ်လာ၍ ကရင်စာပေနှင့်ယဉ်ကျေးမှု ဖေါ်ထုတ်ခဲ့လေသည်။ ထိုအခါ မြန်မာအမျိုးသား နိုင်ငံရေးအဖွဲ့များပင် မပေါ်ပေါက်သေးချေ။ ဒေါကလူအဖွဲ့ချုပ်၏ ပထမဥက္ကဌမှ ဒေါက်တာတီသံပြာ ဖြစ်သည်။ ကရင်စာပေတတ်မြောက်သူများ ပိုမိုများလာသဖြင့် 1884 ခုနှစ်တွင် ဒေါကလူအဖွဲ့ချုပ်ခေါင်းဆောင်များက သာသနာဆရာတော်၏အကူအညီဖြင့် ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံ၍ တောင်းဆိုချက်အရ ကရင်စာကို (7)တန်းအောင်သည်အထိ သင်ကြားခွင့်ရလေသည်။

တဖန် 1922 ခုနှစ်၌ ဆာစံစီဖိုးအမှူးပြုသော ကရင်ခေါင်းဆောင်များက (10)တန်းအထိ တိုးမြင့်သင်ကြားခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို အုပ်ချုပ်သော ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာထံသို့ သွားရောက်တောင်းဆိုသည့်အတိုင်း ခွင့်ပြုချက်ရလေသည်။ ကရင်ဘာသာဖြင့် (10)တန်း ဖြေဆိုသူများသည် မြန်မာစာကို (5)တန်းအဆင့်အတန်း အောင်ရမည်ဟု ပြဌာန်းထားသည်။

1922 ခုနှစ်မှစ၍ ကရင်စာပေကို စကောဘာသာဖြင့် (10)တန်းအထိ၎င်း၊ အနောက်ပိုးကရင်ဘာသာစာပေဖြင့် (7)တန်းအထိ၎င်း၊ ဖြေဆိုခွင့်ပြုလေသည်။ ထိုခွင့်ပြုချက်သည် 1958 ခုနှစ်အထိ တည်တံ့ခဲ့လေသည်။ 1958 ခုနှစ်နောက်ပိုင်းမှစ၍ ယင်းခွင့်ပြုချက်ကို အကြောင်းတစုံတရာဖေါ်ပြခြင်းမပြုဘဲ အာဏာပိုင်များက ရပ်ဆိုင်းလိုက်လေသည်။

1958 ခုနှစ်အထိ ကရင်စာပေနှစ်မျိုးအထင်အရှားရှိခဲ့ပြီး နောက်ပိုင်းတွင် ကရင်(အရှေ့ပိုး)ဘာသာဖြင့် စာပေတမျိုးပေါ်ထွန်းလာပြန်လေသည်။ သို့ဖြစ်၍ ကရင်စာပေသုံးမျိုးဖြစ်သွားလေသည်။

ယခုအခါ ကရင်များသောဒေသများ၌ ကရင်ဒေသန္တရ မူလတန်းကျောင်းများရှိ၍ ကရင်ပညာအုပ်များ ရှိနေသေးသော်လည်း အများအားဖြင့် ကရင်စာကို သင်ကြားခြင်းမပြုတော့ပေ။ ရပ်ဆိုင်းထားခြင်း၏ အကြောင်းအရင်းမှာ လက်ရှိကရင်စာသုံးမျိုးကို တစ်မျိုးတည်းဖြစ်အောင် တီထွင်နေဆဲဖြစ်သည်။ ကရင်စာပေတစ်မျိုးတည်းဖြစ်ရန် ရည်ရွက်ချက်ကောင်းသလောက် လက်တွေ့တွင် မဖြစ်နိုင်သဖြင့် လက်ရှိစာပေသုံးမျိုးစလုံးကို ဒေသဆိုင်ရာကရင်များနှစ်သက်သလို သင်ကြားခြင်းသာလျှင် လက်တွေ့ဖြစ်နိုင်သည်။

1958 ခုနှစ်မတိုင်မီက ကရင်စာပေကို (10)တန်းအထိ သင်ကြားခွင့်ရရှိသော်လည်း ယခုအခါ ကရင်စာကို အစိုးရကျောင်းများ၌ သင်ခွင့်မရှိသဖြင့် ယဉ်ကျေးမှုကော်မတီများ နှစ်ခြင်းခရစ်ယန်အသင်းတော်များက တတ်အားသမျှ ကရင်စာပေသင်တန်းများကို ဖွင့်လှစ်ပေးနေရလေသည်။

လူမျိုးအသီးသီး တည်တံ့နိုင်ဖို့အတွက်ဆိုရင် တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ စောင့်ထိန်းအပ်တဲ့ထုံးတမ်းဓလေ့များကို တိုးတက်ထွန်းကားခိုင်မာလာအောင် ဖေါ်ထုတ်ခြင်း၊ ကြိုးပမ်းဆောင်ရွက်ခြင်းကသာ အဓိကဖြစ်ပါတယ်။”ဟူသော တိုင်းရင်းသားလူမျိုးများအရေးနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ၏ အမြင်နှင့် ခံယူချက်တွင် ဖေါ်ပြထားသည့်အတိုင်း လူမျိုး၏စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုပျောက်ကွယ်သွားလျှင် ထိုလူမျိုးသည် ပျောက်ကွယ်သွားမည်မှာ မလွဲချေ။ ထိုကြောင့် ကရင်အမျိုးသမီးအမျိုးသားများသည် မိမိတို့စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုကို အမြတ်တနိုးထား၍ မပျောက်မပျက် ဆက်လက်ထိန်းသိမ်းခြင်း၊ ဖေါ်ထုတ်ခြင်း၊ အဆင့်အတန်းမြင့်တင်ခြင်းတို့အတွက် ကြိုးစားအားထုတ်ကြပါရန်နှင့် ပြည်ထောင်စုကြီးခိုင်မြဲရေးအတွက် တိုး၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းနိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါသည်။

ဆရာ သာထို (ဘီ-အေ-ဘီ-အယ်လ်)
၂၀၀၂ ခုနှစ်ထုတ် အားမန်သစ်မဂ္ဂဇင်းစာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။
ဖါးစည်သံ

0 ความคิดเห็น:

แสดงความคิดเห็น