วันพฤหัสบดีที่ 4 ตุลาคม พ.ศ. 2555

ပုဂံမြို့တွင် စောဒီဘုရင်ဖြစ်လာပုံ

သရေခေတ္တရာမြို့ပျက်စီးသွားပြီးနောက် ဘွဲကရင်များသည် ဧရာဝတီမြစ် အနောက်ဖက်ကမ်းသို့ ပြောင်းရွှေ့သွားကြသည်။ “ပ၀ို”ခေါ် ပိုးကရင်များက ၎င်းတို့အား သွားရောက်တိုက်ခိုက် အနိုင်ယူလိုက်သဖြင့် ဘွဲကရင်၏ဘုရင်နှင့် ၎င်း၏မိဖုရားတို့သည် ထွက်ပြေးလွတ်မြောက်ပြီး ဧရာဝတီမြစ်အထက်ပိုင်း “မလိုင်”ဟု ခေါ်သောနေရာတွင် ပုန်းအောင်းနေထိုင်ကာ လုပ်ကိုင်စားသောက်ကြလေသည်။ ဆင်းရဲသားများကဲ့သို့ တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြခြင်းဖြစ်သည်။ ဤနေရာတွင် ၎င်းတို့နေထိုင်စဉ် သားတယောက် ထွန်းကားလာသည်။ ထိုသားကို “စောဒီ”ဟု အမည်ပေးထားသည်။ ထူးဆန်းသည်မှာ “စောဒီ”မွေးဖွားစဉ် ၎င်း၏မိခင်ဝမ်းဗိုက်အတွင်းမှ “စောဒီ”နှင့်တူ“ကြိုးဖြူ”တချောင်းပါလာသည်။ ဤကြိုးဖြူမှာ ပိုးကဲ့သို့ပျော့ပြောင်းပြီး လေးကြိုးနှင့်တူလေသည်။ သူ့အဖေက ဤကြိုးသည် နောက်နောင်တွင် သားလေးအတွက် တချိန်ချိန် အကျိုးပြုနိုင်လိမ့်မည်ဟု ယူဆသောကြောင့် ဤကြိုးဖြူကို ကောင်းမွန်စွာ သိမ်းထားလေသည်။ “စောဒီ”ကို ကိုယ်ဝန်ဆောင်နေသည့်အချိန်တွင် သူ့ဖခင်က ပိုးကရင်လင်မယားနှစ်ယောက်ကို ခေါ်ထားပြီး ၎င်းတို့နှင့်အတူ နေထိုင်ကာ အလုပ်အကိုင်များကို လုပ်ကိုင်ကူညီစေသည်။ “စောဒီ”အသက် ၅ နှစ်ပြည့်သောအခါ ၎င်းမိဖနှစ်ပါးစလုံး ကွယ်လွန်သွားတော့သည်။ ထို့ကြောင့် ဤပိုးကရင်လင်မယားနှစ်ယောက်သည် “စောဒီ”ကို ၎င်းတို့ သားအရင်းကဲ့သို့ ကြည့်ရှုစောင့်ရှောက်ပြီး လေးကြိုးကိုလည်း ဆက်ပြီးကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ “စောဒီ”၁၀ နှစ်သားအရွယ်အရောက်သောအခါ ပိုးကရင်လင်မယားသည် “စောဒီ”အား ပညာသင်ကြားရန်အတွက် ရသေ့ကြီးထံသို့ စေလွှတ်လိုက်လေသည်။ ရသေ့ကြီးကလည်း “စောဒီ”အား ပညာမျိုးစုံ သင်ကြားပေရုံမက “စောဒီ”အား စမ်းသပ်ကြည့်ရာတွင် “စောဒီ”သည် အခြားပညာများအား သင်ကြားလိုသည်ထက် လေးပစ်အတတ်ပညာကို ပို၍ ၀ါသနာပါနေသည်ကို တွေ့ရသည်။ ထို့ကြောင့် “စောဒီ”၏ဆရာရသေ့ကြီးသည် “စောဒီ”အား လေးပစ်သည့်အတတ်ပညာကို စူးစူးစိုက်စိုက် သင်ပေးလေသည်။ “စောဒီ”ကလည်း ဆရာသင်ကြားသည့်အတိုင်း လေးပစ်သည့်အတတ်ပညာကို ကောင်းမွန်စွာ သင်ကြားလေသည်။ ပိုးကရင်လင်မယားနှစ်ယောက်သည် “စောဒီ”လေးပစ်သည့်အတတ်ပညာကို ကောင်းမွန်စွာ တတ်ကျွမ်းကြောင်း သိရှိသောအခါ ၎င်းတို့သည် သိမ်းဆည်းထားသည့်လေးကြိုးကို ပြန်၍ သတိရကာ ထိုလေးကြိုးအား “စောဒီ”ကို ထုတ်ပေးပြီး ဤလေးကြိုးသည် “စောဒီ”မွေးဖွားစဉ်က မိခင်ဝမ်းထဲတွင် “စောဒီ”နှင့်အတူ ပါလာသည့် လေးကြိုးဖြစ်ကြောင်း “စောဒီ”ကို ပြောပြလေသည်။ “စောဒီ”သည် လေးတစင်းကို ထွင်းလုပ်ပြီး ၎င်းမွေးဖွားစဉ်က ပါလာသည့်လေးကြိုးအတွက် သင့်တော်သည့်လေးကိုင်းကိုလည်း ပြုလုပ်လေသည်။ လေးကိုင်းပြုလုပ်ပြီးနောက် “စောဒီ”သည် ၎င်း၌ရှိသည့်လေးကြိုးအား တပ်ဆင်ပြီး တောထဲသို့ ၀င်သွားလေတော့သည်။ ၎င်း၏လေးကို ပစ်မှတ်များ သတ်မှတ်ပြီး ပဟ်ကြည့်သည်။ တောကောင်များကိုလည်း ပစ်ကြည့်သည်။ “စောဒီ”သည် ဤကဲ့သို့ စမ်းသပ်ပစ်ကြည့်ရာတွင် ၎င်း၏လေးသည် အလွန်ကောင်းပြီး ပစ်မှတ်ကို လွယ်ကူစွာ မှန်မှန်ကန်ကန် ပစ်နိုင်ကြောင်း သိရှိလေသည်။ ထိုအချိန်တွင် “စောဒီ”၏အသက်မှာ ၁၅ နှစ်ရှိပြီး လူပျိုပေါက်အရွယ်ပင်ဖြစ်သည်။ တောလည်ပြီး အမဲလိုက်ရာတွင် “စောဒီ”အလွန်ဝါသနာပါလေသည်။ နောက်တနှစ် “စောဒီ”အသက် ၁၆ နှစ်ရှိသည့်အချိန်တွင် ပုဂံတွင်
kyansitha_ မင်းလုပ်အုပ်စိုးလျက်ရှိသည့် “ဘုရင်သမုဒ္ဒရာဇ်မင်းကြီး”၏ နယ်ပယ်တွင် “၀က်ကြီး”တကောင်၊ “ကျားကြီး”တကောင်၊ “ငှက်ကြီးဝံပို”တကောင်နှင့် “ရှုးပျံကြီး”တကောင် ပေါင်းလေးကောင်တို့သည် အလွန်သောင်းကျန်းလျက်ရှိနေသည်။ ပုဂံပြည်တွင် နေထိုင်ပြီး လုပ်ကိုင်စားသောက်ကြသည့် တိုင်းသူပြည်သားများအား အကြီးအကျယ် နှောက်ယှက်ဖျက်ဆီးလေသည်။ တိုင်းပြည်ပျက်မတတ်အန္တရာယ်ကြီးမားလာတော့သည်။ ဤသတင်းကို ကြားသိသည့် “စောဒီ”သည် ဤသားရဲကောင်များအား သွား၍ ပစ်ခတ်နှိမ်နှင်းရန် အလွန်စိတ်ပြင်းပြနေသည်။ ထို့ကြောင့် သူကို ကြည့်ရှုစောင့်ရှောက်ခဲ့သည့် ပိုးကရင်လင်မယားနှစ်ယောက်နှင့်သူ့ကို ပညာသင်ပေးသည့် ရသေ့ကြီးထံမှ “စောဒီ”ခွင့်တောင်းလေသည်။ ပိုးကရင်လင်မယားနှစ်ယောက်ကမူ သားရဲကောင်ကြီးလေးကောင်မှာ လူကိုသတ်ပြီး လူသားစားသည့်သတ္တ၀ါဖြစ်ကြောင်း ယင်းကြောင့် ဤသားရဲကောင်းများက “စောဒီ”အား သတ်စာမည်စိုးရိမ်သဖြင့် “စောဒီ”မသွားရန် ပြင်းပြင်းထန်ထန် တားမြစ်ကြလေသည်။ ရသေ့ကြီးကမူ “စောဒီ”အား သင်ကြားရသူဖြစ်ပြီး “စောဒီ”၏အရည်အချင်းကို ကောင်းကောင်းသိသူဖြစ်သဖြင့် “စောဒီ”သွားရန် ခွင့်ပြုလေသည်။ ရသေ့ကြီးသည် “စောဒီ”၌ ဘုရင်ဖြစ်နိုင်သည့် အရည်အချင်းရှိသူတယောက်ဖြစ်ကြောင်း ကောင်းကောင်းသိထားသူဖြစ်သည်။ “စောဒီ”ယခုကဲ့သို့ ခွင့်ပြုချက်ရသဖြင့် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သည်။ သူ၏ဆရာရသေ့ကြီးကိုလည်း အလွန်ကျေးဇူးတင်ပြီး ရှိခိုးကန်တော့လေသည်။ သူ့ကို စောင့်ရှောက်ခဲ့သည့် ပိုးကရင်လင်မယားနှစ်ဦးကိုလည်း ရှိခိုးကန်တော့ကာ “မလိုင်”မှ ထွက်ခွါပြီး ပုဂံသို့သွားလေသည်။ ပုဂံပြည်ကိုရောက်သောအခါ လူအများအား နှောက်ယှက်ဒုက္ခပေးသည့် သားရဲသတ္တ၀ါကြီးလေးကောင်အကြောင်းကို မေးမြန်းစုံစမ်းလေသည်။ ထိုအခါ အများက သူ့အားအကျိုးအကြောင်းပြောပြလေသည်။ ဤသားရဲသတ္တ၀ါလေးကောင်သည် ပုဂံမြို့သူမြို့သား တိုင်းသူပြည်သားများအား အလွန် ဒုက္ခပေးကြောင်း ပုဂံမြို့ပတ်ဝန်းကျင်၌ပင် ကျက်စားပြီး တောင်ယာစိုက်ခင်းများကို ဖျက်ဆီးလျှက်ရှိကြောင်း သူ့အား ပြန်၌ဖြေကြားလေသည်။ အထူးသဖြင့် တောဝက်ကြီးနှင့်ရှုးပျံကြီးမှာမူ တောင်ယာစိုက်ခင်းနှင့်အသီးအပင်များကို ဖျက်ဆီးလျှက်ရှိနေသည်။ ကျားကြီးနှင့်ငှက်ကြီးဝံပိုကမူ မွေးမြူကြသည့် အိမ်မွေးတိရစ္ဆာန်များကို လိုက်လံသတ်ဖြတ် စားသောက်လျှက်ရှိသည်။ လူကိုပင် သတ်ဖြတ် စားသောက်လေသည်။ ထိုအခါ “စောဒီ”သည် ရဲစွမ်းသတ္တိအပြည့်ဖြင့် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ဤသတ္တ၀ါကြီးလေးကောင်ဖြစ်သော တောဝက်၊ ကျားကြီး၊ ရှုးပျံကြီးနှင့်ငှက်ကြီးဝံပို ရှိရာ နေရာကို လိုက်လံရှာဖွေလေသည်။ ထိုအကောင်ကြီးများ အစာစားနေချိန် “စောဒီ”တွေ့ရှိသောအခါ ယင်းအကောင်များကို တကောင်ပြီးတကောင် ၎င်း၏လေးနှင့်ပင် ပစ်သတ်လိုက်လေတော့သည်။ ဤသားရဲကောင်ကြီး လေးကောင်အနက် ခွန်အားအကြီးဆုံးနှင့် အန္တရာယ်အကြီးဆုံးသောအကောင်မှာ ငှက်ကြီးဝံပိုပင် ဖြစ်သည်။ တောဝက်၊ ကျားကြီးနှင့်ရှုးပျံတို့ကို “စောဒီ”က ၎င်း၏လေးဖြင့် တချက်တည်းသာ ပစ်ခတ်ကာ အရှိုက်ထိမှန်ပြီး ချက်ချင်းသေဆုံးသွားကြလေသည်။ သို့သော် ငှက်ကြီးဝံပိုကိုမူ “စောဒီ”က တချက်တည်း ၎င်း၏လေးနှင့် ပစ်၍မသေပါ။ နှစ်ချက်ပစ်မှ ဤငှက်ကြီးဝံပို သေဆုံးလေသည်။ ငှက်ကြီးဝံပိုသည် “စောဒီ”နှင့်ရင်ဆိုင်တွေ့သောအခါ ၎င်း၏ရန်သူမှန်းသိသဖြင့် ကျယ်လောင်သည့်အသံဖြင့် ဟစ်ကြွေးရာ တတောလုံး တတောင်လုံး ချောက်ခြားလေသည်။ ဤငှက်ကြီးဝံပိုသည် “စောဒီ”အား အလွန်စိတ်ဆိုးသဖြင့် ၎င်း၏အတောင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ရာ လေပြင်းမုန်တိုင်းတိုက်ခတ်သကဲ့သို့ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်ဝါးပင်များ ကျိုးကျပျက်စီးကုန်တော့သည်။ ၎င်း၏နှုတ်သီးဖြင့် မြေကြီးကို ပေါက်လိုက်ရာ တချက်ပေါင်လျှင် ရေအိုင်ငယ်တအိုင် ပေါ်ပေါက်လာသည်အထိ ပြင်းထန်သည်။ ငှက်ကြီး၏ခြေသဲများကမူ အနီးအနားရှိ အပင်ငယ်များအားလုံး ကျိုးကျ ယိုင်လဲကုန်တော့သည်။ အချို့အပင်များမှာ အမြစ်မှစပြီး ပြုတ်ထွက်လာသည်အထိ ဖြစ်သည်။ ငှက်ကြီးသည် “စောဒီ”အား သတ်ဖြတ်ရန်အတွက် ၀ါးသုံးပြန်လေးပြန် အမြင့်သို့ပြန်တက်ကာ အရှိန်ပြင်းစွာ “စောဒီ”ရှိရာသို့ ထိုးစိုက်လေသည်။ ဤကဲ့သို့ထိုးစိုက်နေစဉ် “စောဒီ”သည် ၎င်း၏လေးဖြင့် ငှက်ကြီးကိုပစ်လိုက်ရာ တောင်ပံတဖက်ကို ထိမှန်ပြီး ကျိုးကျလေသည်။ ထိုအခါ ငှက်ကြီးသည် မြေပေါ်သို့ထိုးကျလေသည်။ သို့သော်မသေပါ။ ၎င်းကဆက်ပြီး “စောဒီ”ထံသို့ အရှိန်ဖြင့်ပြေးသွားကာ “စောဒီ”အား ကုတ်ဖဲ့သတ်ဖြတ်ရန်ဖြစ်သည်။ သို့သော် ဤကဲ့သို့ ပြေးလာနေခိုက် “စောဒီ”သည် နောက်မျှားတစင်းဖြင့် ငှက်ကြီးကို ထပ်မံပစ်လိုက်ရာ ငှက်ကြီး၏ရင်ဘတ်တည့်တည့်သို့ ထိမှန်ပြီး ပုံရက်သား လဲကျသေဆုံးလေတော့သည်။ “စောဒီ”သည် ငှက်ကြီး၏ အတောင်အမွေးတချောင်းကို နှုတ်ယူပြီး တိုင်းသူပြည်သားများကို ပေးလိုက်ကာ ထိုငှက်တောင်မွေးကို ဘုရင်သမုဒ္ဒရာဇ်အား သွားရောက်ဆက်သစေရန် ခိုင်းလေသည်။ သားရဲဆိုးလေးကောင်စလုံးသည် သေဆုံးကုန်ပြီဖြစ်ကြောင်း ဘုရင်မင်းမြတ်အား သံတော်ဦးတင်စေသည်။ “စောဒီ”သည် ဤသားရဲသတ္တ၀ါကြီးလေးကောင်ကို ချေမှုန်းသတ်ဖြတ်ပြီးနောက် ၎င်း၏ နေထိုင်ရာအရပ် “မလိုင်”သို့ ပြန်သွားပြီး ၎င်းဆရာရသေ့ကြီးနှင့် ၎င်းအား ကြည့်ရှုစောင့်ရှောက်သူ ပိုးကရင်လင်မယားတို့အား သားရဲသတ္တ၀ါလေးကောင်ကို သတ်ဖြတ်ချေမှုန်းခဲ့ပြီးဖြစ်ကြောင်း ပြောပြလေသည်။ ဆက်လက်ဖေါ်ပြမည် မူရင်း ကရင့်သမိုင်းဆရာ စောအောင်လှ ကရင်ရာဇ၀င်စာအုပ်မှ - ဘာသာပြန် (ဖူ့ခွဲကဘောင်)ကရင်ရာဇ၀င် စာအုပ်မှ ပြန်လည်ဖေါ်ပြထားခြင်းဖြစ်သည်။

0 ความคิดเห็น:

แสดงความคิดเห็น