วันพุธที่ 3 ตุลาคม พ.ศ. 2555

ဃိုထာဝေ(မော်လမြိုင်မြို့) အဆက်

ရှေးယခင်က ဤဃိုထာမြို့သည် ကရင်အများအထူးသဖြင့် ပိုးကရင်များ အများအပြား နေထိုင်ခဲ့သည့်မြို့ဖြစ်သည်။ အေဒီ ၃၀၀ တွင် ဒုံသတု(သထုံ)တွင် လာရောက်နေထိုင်ပြီး တံငါလုပ်ငန်းအလုပ်၊ ကုန်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကြသည်။ ကုလားမွန်တို့သည် ကရင်လူမျိုးတို့အပေါ် ကြီးစိုးချင်ကြသဖြင့် ကရင်ဘုရင်များနှင့် မကြာခဏ တိုက်ခိုက်ကြလေသည်။ သူ့လူမျိုး၊ ကိုယ့်လူမျိုး၊ သူ့တိုင်းပြည်၊ ကိုယ့်တိုင်းပြည် တည်ဆောက်ကြရန် နယ်မြေများကို လုယူတိုက်ခိုက်ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဒုံသတု(သထုံမြု့) လာလာမြို့၊ ဒုံရင်းမြို့၊ မုတ္တမြို့၊ ဃိုထာ (မော်လမြိုင်မြို့)များတွင် နေထိုင်ကြသည်။ ကရင်များသည် ယိုးဒယားများနှင့်လည်း မကြာခဏ တိုက်ခိုက်ကြလေသည်။ ထို့ကြောင့် ကရင်တို့သည် မွန်တို့ကတဖက်၊ ယိုးဒယားတို့ကတဖက် ၎င်းတို့ကို မကြာခဏ တိုက်ခိုက်နေခြင်းကြောင့် များစွာ ဒုက္ခရောက်ကြရလေသည်။ တနည်းအားဖြင့် ကရင်တို့တွင် ရန်သူနှစ်ဦးအကြားတွင် နေထိုင်ရသဖြင့် မီးနှစ်မီးအကြားနေရသကဲ့သို့ ကရင်တို့အတွက် လွန်စွာမှ ဒုက္ခရောက်စေပါသည်။ ဤပဋိက္ခသည် ကြာလေ ပြင်းထန်လေဖြစ်လာပြီး အေဒီ ၃၀၀ တွင် ဒုံသတု(သထုံ)ကို မွန်တို့က ကရင်လက်ထဲမှ သိမ်းပိုက်လိုက်လေသည်။ ဤသည်နှင့် မရှေးမနှောင်းမှာပင် ယိုးဒယားများကလည်း ‘ဝေဃိုထာ’(မော်လမြိုင်မြို့)ကို ကရင်လက်ထဲမှ တိုက်ခိုက်သိမ်းပိုက်ပြန်လေသည်။ နောက်ပိုင်းတွင် မွန်တို့သည် ဤ ‘ဝေဃိုထာ’(မော်လမြိုင်မြို့)ကို ယိုးဒယားလက်ထဲမှ ပြန်လည်သိမ်းပိုက်ပြန်တော့သည်။ ထိုအချိန်တွင် မွန်တို့၏ အုပ်စိုးမှုအောက်တွင် ရှိသည့် နေရာများမှာ ဒုံသတု(သထုံမြို့) မုတ္တမမြို့နှင့် ဝေဃိုထာ(မော်လမြိုင်မြို့များဖြစ်သည်။ မွန်ဘုရင်သည် ဒုံသတု(သထုံမြို့)တွင် နှစ်ပေါင်းများစွာ အုပ်စိုးပြီးနောက်တွင် ၎င်း၏ နိုင်ငံတော်ကို ပဲခူးဖက်သို့ တိုးချဲ့လာလေသည်။ ဤနေရာများတွင် များသောအားဖြင့် မွန်လူမျိုးများ ရှိနေခြင်းမှာ ၎င်းတို့မှာ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် တံငါလုပ်ငန်းကို လုပ်ကိုင်စာသောက်သူများ ဖြစ်ကြသောကြောင့် ဖြစ်သည်။ သို့တည်းမဟုတ် မြစ်ဆုံအရပ် သို့မဟုတ် မြစ်ဆိပ်များ ဖြစ်ကြသည်။ ၎င်းတို့အတွက် ခရီးသွားလာရေးနှင့် အသက်မွေးဝမ်းကြောင်းပြုရေးအတွက် လွယ်ကူစေသောကြောင့် ဖြစ်သည်။
တခါ အေဒီ ၁၀၁၀ တွင် ပုံဂံပြည်တွင် ဗမာဘုရင် အနော်ရထာမင်းကြီး စိုးစံလေသည်။ အေဒီ ၁၀၅၀ တွင် သူသည် ပိဋိကတ်သုံးပုံကို ရယူလိုသဖြင့် ဤပိဋိကတ်သုံးပုံကို မွန်ဘုရင် မနူဟာမင်းကြီးထံမှ လာရောက်တိုက်ခိုက် လုယူသွားလေသည်။ တချိန်တည်းမှာပင် ပဲခူး၊ ဒုံသတု(သထုံ)၊ မုတ္တမ၊ မော်လမြိုင်မြို့တို့ကို လာရောက်သိမ်းပိုက်ပြီး ၎င်းမြို့များတွင် ၎င်း၏ကိုယ်စား မြို့စားများ ခန့်အပ်ကာ အုပ်ချုပ်စေသည်။ တဖန် အေဒီ ၁၂၈၇ တွင် ကရင် ရှမ်းကပ်ပြားဖြစ်သူ ‘မက်ကဒု’ဟု ခေါ်သည်။ ၎င်းသည် “ဒုံအူ”တွင် နေသည်။ “ဒုံအူ”သည် မုတ္တမနှင့် နီးသည်။ ‘မက်ကဒု’သည် မြို့စားအုပ်ချုပ်သည့်မြို့အားလုံး မုတ္တမ၊ ဒုံသတု(သထုံ)၊ မော်လမြိုင်နှင့်ပဲခူးမြို့တို့ကို တိုက်ခိုက်ကာ မြို့စားအားလုံးကို သတ်ဖြတ်လိုက်ပြီး ၎င်းမြို့အားလုံးကို အုပ်ချုပ်ကာ ဘုရင်ဖြစ်လာသည်။ နန်းစိုက်ရာမြို့တော်အဖြစ် မုတ္တမကို ထားရှိလေသည်။ ‘မက်ကဒု’ကို အချို့က ‘၀ါရီရူ’ဟု ခေါ်ကြလေသည်။ ၎င်းနှင့်တကွ ၎င်း၏ ဆွေစဉ်မျိုးဆက် အဆက်ဆက် အများအပြား အေဒီ ၁၂၈၇ မှ ၁၅၃၉ အထိ၊ အုပ်စိုးခဲ့လေသည်။ ယင်းမင်းကြီး၏ အဆက်အနွယ်များက နောက်ပိုင်းတွင် နန်းစိုက်ရာနေရာကို ပဲခူးသို့ ပြောင်းရွှေ့လိုက်သည်။ နောက်ဆုံး ဘုရင်အဖြစ် အုပ်စိုးသူမှာ ‘တကရူးပီး’ဟု ခေါ်လေသည်။
အေဒီ ၁၅၃၉ တွင် တောင်ငူဘုရင် ‘တပင်ရွှေထီး’သည် ပဲခူးဘုရင်‘တကရူပီး’ကို လာရောက်တိုက်ခိုက်ပြီး အနိုင်ရလိုက်သဖြင့် ပဲခူး၊ သထုံ၊ မုတ္တမနှင့် ဝေဃိုထာ(မော်လမြိုင်)တို့ကို သိမ်းပိုက်အုပ်ချုပ်လေသည်။ ‘တပင်ရွှေထီး’လည်း ၎င်း၏နန်းတော်ကို ပဲခူးသို့ ပြောင်းရွှေ့လိုက်သည်။ ‘တပင်ရွှေထီး’၏ ဆွေစဉ်မျိုးဆက် ပဲခူးတွင် စိုးစံခဲ့ရာတွင် အေဒီ ၁၇၅၇ အထိ ဖြစ်သည်။ နောက်ပိုင်းတွင် ‘အလောင်းမင်းတရား’က ၎င်းအား လာရောက်တိုက်ခိုက်သဖြင့် တောင်ငူမင်းဆက် ပြုတ်သွားလေသည်။ အေဒီ ၁၈၂၄ တွင် အင်္ဂလိပ်နယ်ချဲ့များက ဗမာပြည်ကို ၀င်ရောက်တိုက်ခိုက်ပြီး တဂုံ၊ တညင်၊ ထားဝယ်၊ ဘိတ်၊ မုတ္တမနှင့် ပဲခူးတို့ကို သိမ်းပိုက်လေသည်။ အေဒီ ၁၈၅၂ သို့ရောက်အခါ ဒုတိယအကြိမ် အင်္ဂလိပ်နယ်ချဲ့သည် ကျူးကျော်တိုက်ခိုက်ကာ အောက်ဗမာပြည် ပြည်မြို့နှင့် တောင်ငူအထိ သိမ်းပိုက်အုပ်ချုပ်လေသည်။ တတိယအကြိမ် ဗမာပြည်အား ကျူးကျော်တိုက်ခိုက်ပြန်ရာ ၁၈၈၅ ခုနှစ်တွင် ဗမာတပြည်လုံးကို တိုက်ခိုက်သိမ်းပိုက်လေသည်။ တောင်ငူဘုရင်‘တပင်ရွှေထီး’မင်းဆက် အုပ်စိုးစဉ်က ဝေဃိုထာ(မော်လမြိုင်)သည် ဖြေးဖြေးချင်း ယိုယွင်းလာပြီး နောက်ဆုံး တံငါသည် ရွာလေးတရွာအဖြစ်သို့ သေးကြုံ့သွားလေသည်။ ဤနေရာသည် ဆက်လက်ယိုယွင်းလာသဖြင့် တံငါရွာလေးပါ ပျောက်ကွယ်သွားပြီး ဤနေရာသည် တောနက်အဖြစ် နှစ်တရာနီးပါး ရှိသွားလေသည်။ ထိုအချိန်တွင် ‘ဒုံရင်း’တွင် နေထိုင်ကြသူများထဲမှ အချို့မှာ လုပ်ကိုင် စားသောက်ကြရာတွင် ဒုက္ခရောက်ကြသည်။ လူတိုင်း လုပ်ကိုင်စားသောက်ရန်အတွက် မြေယာအခက်အခဲရှိသည်။ ထိုအခါ နေရာအသစ်၊ နယ်မြေအသစ်ကို လိုက်လံရှာဖွေရာမှ ‘ဃိုထာဝေ’ နေရာဟောင်းကို သွားတွေ့ကြသည်။ ဤနေရာသည် ၎င်းတို့လုပ်ကိုင်စားသောက်ကြရန်အတွက် ကောင်းတွန်သည့်နေရာဖြစ်ကြောင်း တွေ့ရှိလေသည်။
ထိုအခါ ညီအကိုသုံးသောက်ဖြစ်သည့် မော်လားမွဲ၊ မော်လားမူးနှင့် မော်လားဒူး တို့သည် ၎င်းတို့မိသားစုအားလုံးကိုခေါ်ပြီး (မိတ်ဆွေရင်းချာတချို့ပါပါသည်)’ဒုံရင်း’ကနေ ထွက်ခွါလာကြကာ ၎င်းတို့နေရပ် ‘ဃိုထာ’နေရာဟောင်းတွင် သွားရောက်တည်ဆောက်ကာ နေထိုင်ကြလေသည်။ မော်လားမွဲမှာ ခေါင်းဆောင်တယောက်ဖြစ်ပြီး ဤလူအုပ်စုကို ခေါင်းဆောင်ခဲ့သည်။ ထို့ကြောင့် ဤသို့နေထိုင်ရန်ရွာကို တည်ဆောက်သောအခါ ဤနေရာကို သူ့နာမည်အား အစွဲပြု၍ ‘မော်လားမွဲရွာ’ဟု ခေါ်ကြလေသည်။ မော်လားမွဲ ကွယ်လွန်သွားသောအခါ ၎င်း၏နေရာတွင် ညီတော်‘မော်လားမူး’သည် ဤရွာတွင် ရွှာသူကြီးအဖြစ် ဆက်လက်ဆောင်ရွက်သည်။ ဤမြို့ကို ကရင်တို့က ‘ထာဝေ’မြို့ဟု ခေါ်လေသည်။ မွန်များ အုပ်ချုပ်သောအခါ ၎င်းတို့ကို “မို့မွာလို”ဟု ခေါ်သည်။ နောက်ပိုင်း ဤမြို့ပျက်ဆီးသွားပြီး တောဖြစ်သွားသည်။ ကရင်တို့က တဖန် ရွာပြန်တည်ပြီး “မော်လားမွဲ”ဟုခေါ်သည်။ ဗမာဘုရင်အလောင်းဘုရားသည် မွန်ပြည်ကို လာရောက်သိမ်းပိုက်သောအခါ ဤ “မော်လားမွဲ”ရွာကို ပီပီသသ မခေါ်နိုင်သဖြင့် “မော်လားမွဲ”သည် မော်လမြိုင်ဖြစ်လာတော့သည်။ တဖန် အင်္ဂလိပ်များကလည်း လိုက်၍ခေါ်သည်။ ယခု ဆိုလျှင် အင်္ဂလိပ်များက မပီမသဖြင့် “မော်လမိန်း”ဖြစ်လာသည်။ သို့ရာတွင် တိုင်းရင်းသားများဖြစ်ကြသည့် မွန်၊ ဗမာ ကရင်တို့က ယခုဆိုလျှင် ဤမြို့ကို မော်လမြိုင်ဟူ၍သာ ခေါ်သည်။ သို့သော် ဤမြို့၏သမိုင်းကို မှီသူ သိသူများက ဤမြို့ကို “မော်လားမွဲ”ဟု ခေါ်ကြသည်။ အင်္ဂလိပ်တို့သည် ပထမအချီ ဗမာပြည်အား ကျူးကျော်တိုက်ခိုက်စဉ် ၎င်းတို့စခန်းချ နေထိုင်ရာနေရာ အုပ်ချုပ်ရေးထားရှိရာ နေရာမှာ “ကျိက္ခမီ”(တနင်္သာရီ)ဖြစ်သည်။ သို့သော် ကျိက္ခမီသည် အုပ်ချုပ်ရေးအတွက် ကောင်းမွန်သင့်တော်သော နေရာမဟုတ်သဖြင့် ၎င်းတို့အုပ်ချုပ်ရေးဌာနချုပ်ကို မော်လမြိုင်မြို့ ပြောင်းရွှေ့လာကြသည်။ အေဒီ ၁၈၂၄ တွင် မော်လမြိုင်သည် တံငါရွာလေးတရွာသာ ဖြစ်သေးသည်။ သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့များ လာရောက်ရုံးစိုက်ပြီးသောအခါ မော်လမြိုင်ရွာသည် ချက်ချင်း ကြီးထွားလေသည်။ ဤသို့ဖြင့် မော်လမြိုင်သည် ဆက်တိုက် ကြီးထွားလာကာ ယခုအချိန်၌ ဗမာပြည်တွင် တတိယအကြီးဆုံးမြို့ကြီးတမြို့ ဖြစ်လာသည်။ သင်္ဘောဆိက်ကမ်းနှင့် မီးရထားဘူတာရုံရှိသော မြို့လည်း ဖြစ်လေသည်။ မူရင်း ကရင့်သမိုင်းဆရာ စောအောင်လှ ကရင်ရာဇ၀င်စာအုပ်မှ - ဘာသာပြန် (ဖူ့ခွဲကဘောင်)ကရင်ရာဇ၀င် စာအုပ်ဖြင့် ကောက်နှုတ်ဖေါ်ပြထားသည်။

0 ความคิดเห็น:

แสดงความคิดเห็น