วันศุกร์ที่ 12 ตุลาคม พ.ศ. 2555
ကရင်ယဉ်ကျေးမှုညီလာခံ အထွေထွေသိကောင်းစရာများ
ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှုများသည် မပျောက်ကွယ်သွားစေရန်နှင့် ဖေါ်ထုတ် မြှင့်တင်ထိန်းသိမ်းရေးမှာ ကရင်အမျိုးသားတိုင်းတွင် တာဝန်ရှိသည်။
ယခု ကရင်ပြည်နယ်နှင့် ပြည်ပနိုင်ငံတွင် ရောက်ရှိနေထိုင်လုပ်ကိုင်စားသောက်နေကြသော ကရင်အမျိုးသားများသည် မိမိတို့ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပိုင်တနိုင် ပြုလုပ်ကြသည်ကို တွေ့ရှိရသည်။
ဒါပေမဲ့ ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းဖေါ်ထုတ်မြှင့်တင်ဖို့ လုပ်နည်းလုပ်ဟန်များ သဲလွန်စ မတွေ့ရတော့ ယဉ်ကျေးမှုကို ဘယ်လို ထိန်းသိမ်းဖေါ်ထုတ်ရသည်မှာ အခက်အခဲများစွာနှင့် ကြုံတွေ့ကြရသည်။
ရှေ့မှီနောက်မှီ ကရင်အမျိုးသား အဆိုကျော် သစ္စာမေတ္တာဇာတ်သဘင် ခေါင်းဆောင် စောကျော်လိုက်သိန့်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်လာကြသောအခါ ကရင်ယဉ်ကျေမှုအဖွဲ့ ကို ဖွဲ့စည်းပေးသည်။
ကရင်အမျိုးသား အဆိုကျော် သစ္စာမေတ္တာဇာတ်သဘင်ခေါင်းဆောင် စောကျော်လိုက်သိန့် ဖွဲ့စည်းပေးခဲ့သော ယဉ်ကျေးမှုအဖွဲ့မှာ ယခု ၂၀၁၂ ခုနှစ်ဆိုရင် သုံးကြိမ်မြောက် ရှိသွားပြီဟု သိရသည်။ ၎င်းတို့ဖွဲ့စည်းပေးခဲ့သော ယဉ်ကျေးမှုအဖွဲ့က ယဉ်ကျေးမှုကို တည့်တဲ့ခိုင်မြဲမှုအခြေခံများဖြစ်သော ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်မူများ ရေးစွဲပြဌာန်းမှု ပြုလုပ်ဆောင်ရွက်မှု ပေးနိုင်မှသာလျှင် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။
ကရင်အမျိုးသားများ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော ကရင်လူငယ်များ အထောက်အကူများဖြစ်စေရန် (၁၉၆၀)ခုနှစ် ကရင်ယဉ်ကျေးမှုညီလာခံ မှတ်တမ်းအချို့ကို မျှဝေပြီး တင်ပေးလိုက်ပါသည်။
ဗမာပြည် လွတ်လပ်ရေးရပြီး ၁၉၆၀ ခုနှစ်တွင် ကရင်အမျိုးသားများ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ “ကရင်အမျိုးသားယဉ်ကျေးမှုညီလာခံ”နှစ်ရပ် ခေါ်ဆိုခဲ့ဘူးလေသည်။
ပထမ ညီလာခံတရပ်မှာ ၁၉၆၀ ခုနှစ် ကော်သူးလေပြည်(ကရင်ပြည်နယ်)တွင် ကျင်းပခဲ့သော အခမ်းအနားဖြစ်ပြီး။ ဒုတိယ ညီလာခံတရပ်မှာ ၁၉၆၇ ခုနှစ် မြစ်ဝကျွန်းပေါ်တိုင်း ပုသိမ်မြို့တွင် ကျင်းပသော အခမ်းအနား ဖြစ်ပေသည်။
မိမိတို့၏ ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ဖေါ်ထုတ်ရေး၊ မြှင့်တင်ရေးအတွက် စိတ်အားထက်သန်နေကြသော တိုင်းရင်းသားကရင်အမျိုးသားများသည် အဆိုပါ ကရင်ယဉ်ကျေးမှုညီလာခံနှစ်ရပ်စလုံးကို များစွာ စိတ်ပါဝင်စားခဲ့ကြသည်။
အထူးသဖြင့် ကိုလိုနီနယ်ချဲ့ခေတ်၊ အရင်းရှင်ခေတ် ခေတ်ဆိုးစနစ်ဆိုးအောက်များတွင် ယဉ်ကျေးမှုထူထောင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်မရခဲ့ရှာသော တိုင်းရင်းသားကရင်အမျိုးသားများသည် မိမိစာပေ၊ မိမိဘာသာစကား၊ မိမိရိုးရာ ဓလေ့ထုံးစံများကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရရှိသည်ဆိုသောအခါ အထူးစိတ်အားထက်သန်နေကြခြင်းပင် ဖြစ်တော့သည်။
သို့ဖြစ်သောကြောင့် တိုင်းရင်းသားကရင်အမျိုးသားများ၏ ယဉ်ကျေးမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် မှတ်တိုင်ကြီးများသဖွယ် ဖြစ်ခဲ့သော တည်ရှိခဲ့သော ၁၉၆၀ ခုနှစ် ယဉ်ကျေးမှုညီလာခံမှတ်တမ်းနှစ်ရပ်တို့ကို ပြန်လည်ဖေါ်ပြလိုက်ပါသည်။
ကော်သူးလေပြည် ယဉ်ကျေးမှုညီလာခံ မှတ်တမ်း ၁၉၆၀ ခုနှစ်
ကော်သူးလေပြည်(ကရင်ပြည်နယ်)တွင် ကျင်းပသော ကရင်ယဉ်ကျေးမှုဖေါ်ထုတ်ရေးညီလာခံကို ဖားအံမြို့၌ ကျင်းပရာ ၁၉၆၀ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့မှ နိုဝင်ဘာလ(၉)ရက်နေ့အထိ ဖြစ်သည်။
ညီလာခံအခမ်းအနားကို ကော်သူးလေ(ကရင်ပြည်နယ်)ဥက္ကဌ ၀န်ကြီး ဒေါက်တာ“စောလှထွန်း”က ဖွင့်လှစ်ပေးခဲ့သည်။
ညီလာခံအခမ်အနားသို့ တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
၁။ ရန်ကုန်မြို့မှ (၄၇)ဦး ၂။ အင်းစိန်ခရိုင်မှ (၂)ဦး ၃။ ဟံသာဝတီခရိုင်မှ (၂၁)ဦး ၄။ မအူပင်ခရိုင်မှ (၂)ဦး ၅။ ဟင်္သာတခရိုင်မှ (၃)ဦး ၆။ မြောင်းမြခရိုင်မှ (၅)ဦး ၇။ ဖျာပုံခရိုင်မှ (၅)ဦး ၈။ ပုသိမ်ခရိုင်မှ (၁၁)ဦး ၉။ သာယာဝတီခရိုင်မှ (၄)ဦး ၁၀။ တောင်ငူခရိုင်မှ (၄)ဦး ၁၁။ မေမြို့မှ (၄)ဦး ၁၂။ ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများအသင်းမှ (၃)ဦး ၁၃။ ပြည်ထောင်စုကရင်အဖွဲ့ချုပ်မှ (၁)ဦး ၁၄။ ဗမာနိုင်ငံလုံးဆိုင်ရာ ကရင်အဖွဲ့ချုပ်မှ (၂)ဦး ၁၅ ။ သထုံခရိုင်မှ (၁၆)ဦး ၁၆။ မော်လမြိုင်ခရိုင်မှ (၁၀)ဦး ၁၇။ ပဲခူးခရိုင်မှ (၁)ဦး ၁၈။ ဖားအံခရိုင်မှ (၁၅)ဦး ၁၉။ ဖာပွန်ခရိုင်မှ (၁၀)ဦး ၂၀။ လှိုင်းဘွဲမှ (၁၁)ဦး ၂၁။ ကြာအင်းဆိပ်ကြီးမှ (၁၂)ဦး ၂၂။ ကောက်ကရိတ်မှ (၁၁)ဦး ၂၃။ မြ၀တီမှ (၁၁)ဦး ၂၄။ သံတောင်မှ (၁၃)ဦး
ကိုယ်စားလှယ် စုစုပေါင်း (၂၈၁)ဦး တက်ရောက်ပြီး လေ့လာသူများအဖြစ် (၅၀)ဦး တက်ရောက်ကြလေသည်။
ညီလာခံစတင်ကျင်းပသည့် ပထမနေ့ (၈- ၁၁- ၆၀)တွင် အောက်ပါ အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။ ၁။ ကော်သူးလေ(ကရင်ပြည်နယ်)ဥက္ကဌ ၀န်ကြီး ဒေါက်တာ“စောလှထွန်း”၏ သဘာပတိ မိန့်ခွန်း။ ၂။ ကော်သူးလေ(ကရင်ပြည်နယ်)ကောင်စီ သဘာပတိ ဦးစောလုံ၏ “ကရင်ပြည်နယ် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်”
၃။ အခမ်းအနားမှူး၏ ကရင်ယဉ်ကျေးမှုဖေါ်ထုတ်ရေး ညီလာခံဖြစ်ပေါ်လာပုံအကြောင်း။ ၄။ ဆရာဂျွန်ဆင်ခန်းကြီး၏ ကရင်အမျိုးသားသီချင်းအကြောင်း။ ၅။ ဆရာဂျိန်းတာပ၏ ကရင်အမျိုးသားအလံအကြောင်း၊ (ဒေါက်တာစံအောင်၊ မန်းညွန့်မောင်၊ မန်းစိန်မောင်တို့က ၀င်ရောက်ဆွေးနွေးကြသည်။ ၆။ ကရင်အမျိုးသားများ၏ ဓလေ့ထုံးစံနှင့် သုခုမအနုပညာအကြောင်း၊ (က) ပဏာမ ကရင်ယိမ်းအက၊ (ခ) အ၀တ်အထည်၊ လက်ဝတ်လက်စားများ ၀တ်ဆင်ပြခြင်း၊ (ဂ) အဆောင်များ၊ (လက်ဖွဲ့၊ ပုတီး၊ အင်း)တင်ပြခြင်း၊ (ဃ) လက်နက်နှင့် သိုင်း၊ ဒိုင်းအက(တလာကူသိုင်း၊ ဂါစောဒုံး၊ ခေါမူနော်ဒုံး)။ ဤအကြောင်းများကို ကရင်ပြည်နယ်ကောင်စီ သဘာပတိ ဦးစောလုံက ရှင်းလင်းတင်ပြသည်။
၇။ ဓလေ့ထုံးစံအရ နေအိမ်ဆောက်လုပ်ရာတွင် လိုက်နာရမည့်အချက်များ၊ (က) မြေယာနှင့် နေ့ကောင်းရက်ကောင်းရွေးချယ်ခြင်း၊ (ခ) သစ်ဝါးများရွေးချယ်ခြင်း၊ (ဂ) အိမ်ပုံစံနှင့်အနေအထားများ ဒေသအလိုက်ရွေးချယ်ခြင်း၊ (ဃ) အိမ်တွင်းအသုံးပစ္စည်းများ၊ (င) ဟာရှိစုံတွဲကဖြင့် ဖျော်ဖြေခြင်း၊ ဤ အစီအစဉ်ကို လူမျိုးစုလွှတ်တော်အမတ် စောပေါလ်ဖေါက ရှင်းလင်းတင်ပြသည်။
၈။ ရပ်ရွာထိန်းသိမ်းအုပ်ချုပ်ရေးဓလေ့၊ (က) အစိုးရကအုပ်ချုပ်ခြင်း၊ (ခ) ဓလေ့ထုံးစံအရ ထိန်းသိမ်းအုပ်ချုပ်ခြင်း၊ (ဂ) ကမာပါ ချစ်ကြည်ရေးသီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဦးစောလုံက ရှင်းလင်းတင်ပြသည်။
၉။ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ (က) တောင်ယာ၊ လယ်၊ ကိုင်း လုပ်ကိုင်ခြင်း၊ (ခ) သား၊ ငါးရှာဖွေခြင်း၊ (ဂ) ပျား၊ ဖွတ် ၊ ပဒတ်နှိုက်ခြင်း၊ ပွေးလိုက်ခြင်း၊ စောပေါလ်ဖေါက ရှင်းလင်းတင်ပြသည်။
၁၀။ ရိုးရာဓလေ့ထုံးစံများ၊ (က) လူပျိုလှည့်ခြင်း၊ ထမ်းမြားမင်္ဂလာပြုခြင်း၊ (ခ) မင်္ဂလာဆောင်တေးသံ“ထား” ဆရာပန်းပြေက ရှင်းလင်းတင်ပြသည်။ (ဂ) အရှောင်ပေးခြင်း၊ လိပ်ပြာခေါ်ခြင်း၊ (ဃ) ဇွဲကပင်စွန်း လွမ်းတေးသံ မန်းသာထူးက ရှင်းလင်းတင်ပြသည်။ (င) အရိုးကောက်ပွဲ၊ (စ) တလာကူစောင်း၊ ကမ္ဘာတည်စ တေးသံ၊ မန်းစိန်မောင်ရှင်က ရှင်းလင်းတင်ပြသည်။ (ဆ) လူမှုဆက်ဆံရေး၊ (ဇ) တူရိယာငါးပါးဖြင့် နန်းဝင်ခန်း စောဂျင်မင်ကျော်အေးက ရှင်းလင်းတင်ပြသည်။
ကရင်အမျိုးသားစာပေနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးသို့ ရှေ့ရှုလျှက်---
ဆက်လက်တင်ပြမည်။
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น