วันพฤหัสบดีที่ 4 ตุลาคม พ.ศ. 2555
ပုဂံမြို့တွင် စောဒီဘုရင်ဖြစ်လာပုံ မှ အဆက်
ထိုအခါ တိုင်းသူပြည်သားတို့သည် သမုဒ္ဒရာဇ်ဘုရင်အား သားရဲကောင်ကြီးလေးကောင်သည် ချေမှုန်းသတ်ဖြတ်ခံရပြီးဖြစ်ကြောင်း တင်လျှောက်လေသည်။ ဘုရင်ကြီးသည် ဤသတင်းကို ကြားသိသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရုံမျှမက အလွန်လည်း အံ့သြမိသည်။ ဘုရင်သမုဒ္ဒရာဇ်က ဤသားရဲကောင်ကြီးလေးကောင်ကို ဘယ်သူက သတ်ဖြတ်လိုက်သနည်းဟု မေးမြန်းပြန်ရာ တိုင်းသူပြည်သားများက “မလိုင်”တွင် နေထိုင်သည့် “စောဒီ”က ပစ်ခတ်သတ်ဖြတ်ကြောင်း တင်လျှောက်လေသည်။ ထိုအခါ သမုဒ္ဒရာဇ်မင်းသည် ၎င်း၏အစေအပါးများကို
စေလွှတ်ခါ “စောဒီ”နှင့်“စောဒီ”မိဖနှစ်ပါးကို သွားရောက်ခေါ်စေသည်။ “စောဒီ”နှင့်၎င်းမိဖနှစ်ပါးက ဘုရင်မင်းမြတ်ထံ လာရာက်ပြီး ဘုရင်မင်းမြတ်က ချီးမြှင့်သည့်ဆုကို လာယူရန်ဖြစ်သည်။ အစေအပါးများသည် “စောဒီ”နှင့်“စောဒီ”မိဖနှစ်ပါးဖြစ်သည့် ပိုးကရင်လင်မယားနှစ်ယောက်ကို ဘုရင်မင်းမြတ်ရှိရာ ပုဂံမြို့သို့ ခေါ်ဆောင်လာကြသည်။ “စောဒီ”ပုဂံသို့ ရောက်ရှိလာသောအခါ ဘုရင်သမုဒ္ဒရာဇ်သည် “စောဒီ”ကို တွေ့ရ၍ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သည်။ “စောဒီကိုလည်း ၎င်း၏သမီးတော်နှင့် ထိမ်းမြှားပေးလိုက်သည်။ ၎င်းနောက် “စောဒီ”ကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်လေတော့သည်။ ပိုးကရင်လင်မယားနှစ်ယောက်သည်လည်း “စောဒီနှင့်အတူ ပုဂံမြို့၌ပင် သေဆုံးသည်အထိ နေထိုင်သွားကြလေသည်။ သမုဒ္ဒရာဇ်မင်းသည် အေဒီ ၁၀၈ တွင် နန်းတက်ပြီး ပုဂံပြည်ကို ၄၅ နှစ်တိုင်တိုင် စိုးစံခဲ့ပြီး သက်တော် ၇၂ နှစ်အရွယ်တွင် နတ်ရွာစံလေသည်။ ထိုအချိန်သည် အေဒီ ၁၅၃ ဖြစ်လေသည်။
သမုဒ္ဒရာဇ်မင်းကြီး နတ်ရွာစံပြီးနောက် “စောဒီ”သည် ၎င်း၏ ယောက္ခမနေရာတွင် နန်းတက်ရမည်ဖြစ်သော်လည်း နန်းမတက်ပါ။ သူငယ်စဉ်က သူ့အား ပညာသင်ပေးခဲ့သည့် ဆရာရသေ့ကြီးကို ကျေးဇူးဆပ်သည့်အနေဖြင့် “စောဒီ”သည် ရသေ့ကြီးအား နန်းတက်စေသည်။ ရသေ့ကြီးသည် ပုဂံမြို့၌ သမုဒ္ဒရာဇ်၏နေရာတွင် အေဒီ ၁၅၃၌ ဘုရင်ဖြစ်လာလေသည်။ ပုဂံကို ၁၅ နှစ်အုပ်စိုးပြီးနောက် အသက် ၁၀၆ နှစ်တွင် နတ်ရွာစံလေသည်။ အေဒီ ၁၆၈ နှစ်တွင် နတ်ရွာစံခြင်းဖြစ်သည်။ ၎င်းသည် ပုဂံကို အုပ်စိုးသူ ရသေံ့ကျော်မင်း ဟု ခေါ်ဝေါ်ကြသည်။
ရသေ့ကျော်ဘုရင်သည် အေဒီ ၁၆၈ တွင် နတ်ရွာစံပြီးနောက် “စောဒီ”နန်းတက်လေသည်။ “စောဒီ”သည် ပုံဂံအား ၇၅ နှစ်အုပ်စိုးပြီး အသက် ၁၂၀ နှစ် အေဒီ ၂၄၃ ခုနှစ်တွင် နတ်ရွာစံလေသည်။ “စောဒီ”၏ ပုံပန်းသဏ္ဍန်မှာ ကိုယ်လုံးကိုယ်ထည်ကြီးပြီး အရပ်ရှည်သည်။ အရပ်မှာ ၆ တောင်ရှိပြီး ၎င်း၏ ကိုယ်ထည်လုံးပတ်မှာ ၃ တောင်ရှိသည်။ “စောဒီ“သည် အိမ်ရှေ့မင်းသားအဖြစ် ရှိနေစဉ် ၎င်းကို “ပ၀ိုစောဒီ”(ပျူစောထီး)ဟု ခေါ်ကြသည်။ ၎င်းအား ပျူစောထီး ဟု ခေါ်ကြသည်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်းကို ပျူလင်မယားနှစ်ယောက်က ပြုစုစောင့်ရှောက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းအား “စောဒီ”နာမည်ရှေ့တွင် ပျူကိုထည့်ထားခြင်းဖြစ်သည်။ “စောဒီ”မှ စောထီး ဖြစ်ရခြင်းအကြောင်းမှာ ဗမာများက ပီပီသသမခေါ်နိုင်ကြသဖြင့် “စောဒီ”မှာ နောက်ဆုံး စောထီးဟု ခေါ်ကြခြင်းဖြစ်သည်။ “ပ၀ို”(ကရင်)ဟူသည့် စကားကိုလည်း ပီသစွာ မခေါ်နိုင်သဖြင့် နောက်ဆုံး“ပျူ”ဖြစ်လာခြင်းဖြစ်သည်။ “စောဒီ”သည် နောက်ဆုံးဘုရင်ဖြစ်လာဖြင့် ၎င်းကို မင်းထီးဟု ခေါ်ကြလေသည်။ တနည်းအားဖြင့် ပျူမင်းထီး ဖြစ်သည်။
“စောဒီ”နတ်ရွာစံပြီးနောက် ၎င်း၏သား“ဒီရီ”က နန်းတက်လာပြီး ပုဂံကို ၅၇ နှစ်အုပ်စိုးခဲ့သည်။ “ဒီရီ”သည် အေဒီ ၂၄၃ တွင် ဘုရင်ဖြစ်လာပြီး အသက် ၁၀၇ နှစ် အေဒီ ၃၀၀ တွင် နတ်ရွာစံလေသည်။ “ဒီရီ”နတ်ရွာစံပြီးနောက် ၎င်း၏သားတော် “ရီမီပက်”က သူ့နေရာတွင် နန်းတက်ပြီး အသက် ၇၅ နှစ်အရွယ် အေဒီ ၃၂၅ တွင် နတ်ရွာစံလေသည်။ ဆက်လက်ပြီး “ရီမီပက်”၏သား “ပက်သီရီ”က ပုဂံကို အုပ်စိုးလေသည်။ “ပက်သီရီ”သည် အေဒီ ၃၂၅ တွင် နန်းတက်ပြီး အနှစ် ၂၀ အုပ်စိုးကာ အေဒီ ၃၄၅ အသက် ၆၀ အရွယ်တွင် နတ်ရွာစံလေသည်။ တဖန် ဆက်လက်ပြီး “ပက်သီရီ”၏သား “သီရီကျော်”က အေဒီ ၃၄၅ တွင် နန်းတက်လာပြီး ဖခင်၏နေရာတွင် ၄၃ နှစ် အုပ်စိုးခဲ့သည်။ “သီရီကျော်”သည် အသက် ၉၆ နှစ်တွင် နတ်ရွာစံလေသည်။ အေဒီ ၃၈၈ ခုနှစ်တွင် နတ်ရွာစံခြင်းဖြစ်သည်။ “ဘုရင်သီရီကျော်”တိုင်းပြည်ကိုအုပ်စိုးစဉ် တိုင်းသူပြည်သားတဦးရှိသည်။ ၎င်း၏ နာမည်က အစ္စဂေါဏ ဖြစ်သည်။ ၎င်းသည် အဂ္ဂိရတ်သမားတဦး ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် တနေ့တွင် အဂ္ဂိရတ်ပေါက်သွားကာ့ ပြဒါးရှင်လုံးပိုင်ရှင် ဖြစ်လာသည်။ ဤပြဒါးရှင်လုံးကြောင့် အစ္စဂေါဏလည်း အသက် ထာဝရရှင်နိုင်သူတဦး ဖြစ်လာလေတော့သည်။ သူသည် တခါမျှ မသေနိုင်တော့သောကြောင့် နတ်ပြည်နတ်ရွာသို့ လူတယောက်အဖြစ် သွားရောက် အနားယူရလေသည်။ ထို့အပြင် အစ္စဂေါဏ၏ ပြဒါးရှင်လုံးသည် ရွှေကို လိုသလောက် ပြောင်းလဲ ထုတ်လုပ်နိုင်သည်။ ထိုအချိန်၌ ပုဂံမြို့တွင် နေထိုင်ကြသောလူအားလုံးသည် အစ္စဂေါဏ၏ ကောင်းမှုကြောင့် မုဆိုးမသည်ပင်လျှင် ရွှေအမြောက်အများကို ပိုင်ဆိုင်ကြလေသည်။ မုဆိုးမလည်း အနည်းဆုံး စေတီတဆူ တည်နိုင်လေသည်။ ထို့ကြောင့် အဆိုပါ “ဘုရင်သီရီကျော်”လက်ထက်တွင် ပုဂံသူ ပုဂံသားတို့သည် စေတီပုထိုး စုစုပေါင်း ၄၄၈၆၇၃၃ ဆူ တည်ဆောက်ခဲ့ကြသည်ဟု ဆိုသည်။ ပုဂံတွင် စေတီပုထိုးများမှာ လက်ညိုးထိုးမလွဲ များပြားလျက်ရှိပေသည်။
“သီရီကျော်” နတ်ရွာစံပြီးနောက် ၎င်း၏သားတော် “ကျော်ဒရာဇ်”ဘုရင်ဖြစ်လာသည်။ ဘုရင်“ကျော်ဒရာဇ်”သည် ၂၅ နှစ်အုပ်စိုးပြီး အေဒီ ၃၈၈ တွင် နန်းတက်ပြီး အေဒီ ၄၁၃ တွင် နတ်ရွာစံလေသည်။ နတ်ရွာစံချိန်တွင် ဘုရင် “ကျော်ဒရာဇ်”၏ အသက်မှာ ၈၀ နှစ်ဖြစ်သည်။ ဘုရင်“ကျော်ဒရာဇ်” နတ်ရွာစံပြီးနောက် ၎င်း၏သားတော် “ရစ်ထာ”ဘုရင်ဖြစ်လာသည်။ “ရစ်ထာ”သည် အေဒီ ၄၂၃ တွင် နန်းတက်ပြီး ပုဂံကို ၇၂ နှစ်အုပ်ချုပ်သည်။ အသက် ၆၂ နှစ်အရွယ်တွင် နတ်ရွာစံလေသည်။ အေဒီ ၄၄၀ တွင် ဘုရင်“ရစ်ထာ”နတ်ရွာစံပြီးနောက် ပုဂံတွင် အုပ်စိုးခဲ့သည့် “ဘုရင်စောဒီ”၏ မျိုးဆက်မှာ မင်းဆက် ၆ ဆက် ရှိသည်။ “စောဒီ”အပါအ၀င် ပုဂံတွင် အုပ်စိုးခဲ့သည့် ကရင်ဘုရင်များမှာ ၇ ပါး ဖြစ်သည်။ ဤ မင်းဆက် ၇ ဆက်သည် အေဒီ ၁၆၈ မှ အေဒီ ၄၄၀ ခုနှစ်အထိ ပုဂံကို အုပ်စိုးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း (၄၄၀-၁၆၈=၂၇၂ နှစ်ပင်ဖြစ်သည်။ “ရစ်ထာ”ဘုရင် နောက်ပိုင်းတွင် ပုဂံတွင် အုပ်စိုးခဲ့သည့် ဘုရင်များအနက် ကရင်ဘုရင်များရှိခဲ့သော်လည်း အများအားဖြင့် ကုလားမင်းမှ ဆင်းသက်လာသော အဆက်အနွယ်များ ဖြစ်ကြသည်။ ရှမ်းနှင့်တရုတ် အနွယ်များလည်း ပုဂံတွင် အုပ်စိုးခဲ့သည်များလည်း ရှိလေသည်။ ပုဂံမြို့ကို အုပ်စိုးခဲ့သမျှ ဘုရင်များ ပုဂံမြို့ပျက်ပြီး အင်းဝအထိ ဘုရင် ၅၅ ယောက် အုပ်စိုးခဲ့ခြင်းဖြစ်သည်။ အချိန်ကာလအားဖြင့် အေဒီ ၁၀၈ ကနေ အေဒီ ၁၃၆၉ အထိဖြစ်ပြီး နှစ်ပေါင်းမှာ (၁၃၆၉-၁၀၈=၁၂၆၁)နှစ် ဖြစ်သည်။
မူရင်း ကရင့်သမိုင်းဆရာ စောအောင်လှ ကရင်ရာဇ၀င်စာအုပ်မှ - ဘာသာပြန် (ဖူ့ခွဲကဘောင်)ကရင်ရာဇ၀င် စာအုပ် ကောက်နှုတ်ဖေါ်ပြထားသည်။
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น