วันอังคารที่ 2 ตุลาคม พ.ศ. 2555

ဃိုထာဝေ(မော်လမြိုင်မြို့)

ရှေးယခင်က မွန်တို့ အုပ်စိုးခြင်းမရှိခင် မော်လမြိုင်သည် ကရင်မြို့တမြို့ ဖြစ်ခဲ့သည်။ မော်လမြိုင်၏နယ်နမိတ်ကို ဖေါ်ပြလျှင် မြောက်ဖက်တွင် ဒုံသတု(သထုံမြို့) တောင်ဖက်တွင် ‘၀ါတရုမြို့’ အရှေ့ဖက်တွင် ယိုးဒယားနိုင်ငံ၊ အနောက်ဖက်မှာ မုတ္တမပင်လယ်ကွေ့ဖြစ်သည်။ ဤမြို့သည် သံလွင်မြစ်ကမ်းဘေးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ လက်ဝဲဖက်တွင် မြစ်ဆုံဖြစ်သည်။ ဤနေရာကို စတင် တည်ဆောက်နေထိုင်ခဲ့ကြစဉ်က ‘ဃိုထာဒဲ’ဟု ခေါ်သည်။ ယခုမှာမူ မြို့ကြီးတမြို့ ဖြစ်လာပြီး ၎င်းမြို့ကို‘ဃိုထာမြို့’ဟု ခေါ်သည်။ ဤမြို့တွင် ကရင်ဘုရင်များ ခေတ်တခေတ်ပြီးတခေတ် အုပ်စိုးခဲ့သည်မှာ အမြောက်အများရှိခဲ့သည်။ ဤအထဲတွင် ကရင်ရှင်ဘုရင်တပါးမှာ ‘ဖူးဒူးရပ်’ဟု ခေါ်ပြီး ၎င်းတွင် မျက်လုံးသုံးလုံး ရှိသည်။ မျက်လုံးရှိနေကြနေရာတွင် နှစ်လုံးနှင့် ကျန်တလုံးမှာ ထိပ်နှဖူးတည့်တည့်တွင် ရှိလေသည်။ ဤဘုရင်အုပ်စိုးစဉ်က ၎င်း၏ရန်သူမှာ မွန်များဖြစ်ပြီး၊ မြောက်ဖက်ရှိ ဒုံသထု(သထုံ)တွင် နေထိုင်ကြသည်။ အရှေ့ဖက်ရန်သူမှာ ယိုးဒယားပင်ဖြစ်သည်။ ဤရန်သူများသည် ၎င်းကို တကြိမ်မျှ အနိုင်မတိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် ဤမင်းသည် အလွန်တံခိုးကြီးကြောင်း ထင်ရှားကျော်ကြားလေသည်။ ရန်သူများက သူ့အား အနိုင်မတိုက်နိုင်သည့် အကြောင်းအရင်းမှာ သူ့မျက်လုံးသုံး ရှိသောကြောင့်ဖြစ်သည်။ ရှိနေကြပုံမှန်နေရာတွင် နှစ်လုံးအပြင် တတိယတလုံးမှာ ထိပ်နှဖူးတည့်တည့်တွင် ရှိနေသဖြင့် သူသည် ရန်သူများကို အဝေးကြီးမှပင် လှမ်းမြင်နိုင်လေသည်။ သူ့အား ရန်သူက ကြိုတင်ကြံစီမှုမှန်သမျှ သူသိပြီး ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့သည်။ သူနှင့် အနီးဆုံးဘုရင်အဖြစ် အုပ်စိုးခဲ့သူမှာ ယိုးဒယားဘုရင်ပင် ဖြစ်သည်။ ယိုးဒယားဘုရင်သည် ၎င်း၏ လှပသည့်မြို့ကို လိုချင်လျှက်ရှိသည်။ ထို့ကြောင့် ယိုးဒယားဘုရင်သည် သူ့ကို မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။ သို့ရာတွင် အနိုင်မတိုက်နိုင်ပါ။ ထို့အပြင် ယိုးဒယားဘုရင်သည် ကရင်ဘုရင်အကြောင်းကို နားမလည်ချေ။ ကရင်ဘုရင်ကို လာရောက်တိုက်ခိုက်တိုင်း ကရင်ဘုရင်မှာ ပြင်ဆင်မှုအမြဲရှိနေသည်ကို ယိုးဒယားဘုရင်က အံ့သြမိလေသည်။
တနေ့တွင် စစ်မြေပြင်တွင် ဖမ်းမိခဲ့သည့် ယိုးဒယားစစ်သားတယောက်သည် ထွက်ပြေးလွတ်မြောက်သွားသည်။ ၎င်းစစ်သားသည် ၎င်း၏နေရပ်နိုင်ငံယိုးဒယားသို့ ပြန်ရောက်ပြီး အကြောင်းစုံကို ဘုရင်အား တင်လျှောက်နိုင်ခဲ့သည်။ ကရင်ဘုရင်တွင် မျက်စိသုံးလုံးရှိသည်ကို ယိုးဒယားဘုရင်က သိရှိသွားလေသည်။ ကရင်ဘုရင်အား တိုက်၍မနိုင်သည်မှာလည်း ဤမျက်စိသုံးလုံးကြောင့်ပင် ဖြစ်ကြောင်းကိုလည်း သိသွားလေသည်။ ဤမျက်စိ သုံးလုံးအနက် နှဖူးတည့်တည့်တွင်ရှိသော မျက်စိမှာ ဝေးလံသည့်အရပ်ကို လှမ်းမြင်နိုင်ပြီး ပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်းလည်း သိရှိသည်။ ယင်းကြောင့် ၎င်းအား တိုက်ခိုက်မနိုင်ကြောင်း သဘောပေါက်လေသည်။ ယိုးဒယားဘုရင်သည် ကရင်ဘုရင်ကို ဖျက်ဆီးရန် လိုလားဆဲဖြစ်သည်။ ထိုအခါ ၎င်း၏ သမီးတော်ကို ခေါ်ပြီး၊ ကရင်ဘုရင်အား အနိုင်တိုက်နိုင်ရေးအတွက် အကြံယုတ်ကို ပြောပြလေသည်။ ၎င်းနောက် သမီးတော်ကို ဤသို့ပြောသည်။ “ငါ၏ အကြံအစီ အောင်မြင်ရေးအတွက် သမီးတော်ကူညီပါ၊ သမီးတော် ကူညီ၍ အောင်မြင်သွားပြီဆိုပါက၊ သမီးတော်သည် ကရင်ဘုရင်များအား ဘုရင်မတပါးအဖြစ် အုပ်စိုးရမည်ဖြစ်သည်”။ ဤယိုးဒယားဘုရင်၏ ဒုတိယသမီးသည် အလွန်လိမ္မာဖြတ်လပ်သူဖြစ်သည်။ လောဘရမက်ကြီးသူလည်းဖြစ်သည်။ ဘုရင်မအဖြစ် တိုင်းပြည်တပြည်ကို အုပ်စိုးချင်သူလည်း ဖြစ်သည်။ ဖခင်ယိုးဒယားဘုရင်က သမီးအား ကရင်ဘုရင်နှင့် ထိမ်းမြှားစေမည်ဟု ပြောသည်။ ထို့နောက် သင့်အား နောက်ဗိုလ်ပါအများအပြားကို ပေးလိုက်မည်။ ဤနောက်လိုက်ဗိုလ်ပါများအနက် ငါ၏နောက်သို့ အမြဲလိုက်လေ့ရှိသူတဦးလည်း ပါဝင်မည်။ ဤလူကို သင်၏ သက်တော်စောင့် လူယုံတဦးအဖြစ် ထားရှိမည်။ သင်သည် ကရင်ဘုရင်နှင့်ထိမ်းမြှားပြီးနောက်တွင် ကရင်ဘုရင်က သင့်အား ယုံကြည်စိတ်ချလာအောင် ပြုလုပ်ပါ။ ကရင်ဘုရင်က သင့်အား အသေအချာ ယုံကြည်စိတ်ချနေပြီးဖြစ်ပါက သင်က သင်၏ကိုယ်ရံတော် သက်တော်စောင့်အား
သံချွန်ကောင်းကောင်းတချောင်းကို ပြုလုပ်စေပါ။ ဤသံချွန်ဖြင့် ကရင်ဘုရင်အိပ်ပျော်နေစဉ် ကရင်ဘုရင်၏နှဖူးထိပ်တွင်ရှိသော တတိယမျက်လုံးကို ယင်းသံချွန်ဖြင့် ပေါက်ကွဲသွားအောင် ထိုးဖေါက်ပစ်စေပါ။ သင်၏ သက်တော်စောင့် ယခုကဲ့သို့ပြုလုပ်ပြီးနောက်တွင် သင်က စိတ်ဆိုးဟန်ဆောင်ပြီး သင်၏သက်တောင်စောင့်ကို ယိုးဒယားဖက်သို့ နှင်ထုတ်လိုက်ပါ။ ထိုအခါ ယင်းသက်တော်စောင့်က ကျွန်ုပ်အားကရင်ဘုရင်မှ သမီးတော်အား နှိပ်စက်ညှင်းပမ်းနေကြောင်း ပြန်လာ၍ ပြောလတ္တံ့။ ထိုအခါ ကျုပ်ဘုရင်မင်းမြတ်သည် စိတ်ဆိုးဒေါသထွက်သည့်အနေဖြင့် ကရင်ဘုရင်ကို အနိုင်သွားတိုက်ပြီး ကရင်ဘုရင်ကို ဖမ်းဆီးသွားမည်။ ထိုအခါ သမီးတော်အား ကရင်နိုင်ငံကို အုပ်စိုးရန် ကရင်ဘုရင်၏နေရာတွင် အပ်ထားမည်ဖြစ်သည်။ ကရင်ဘုရင်ကမူ ယိုးဒယားဘုရင်မှ သမီးတော်ကို စေလွှတ်ပြီး ထိမ်းမြှားစေသည်ကို အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။ ယိုးဒယားဘုရင်သည် ၎င်း၏အန္တရာယ် အကြီးဆုံးရန်သူဖြစ်သည်။ အခုလို ရန်သူက ပြုလုပ်လာခြင်းအတွက် ကရင်ဘုရင်က ဆင်ခြင်ခြင်းမရှိဘဲ ၀မ်းသာဂုဏ်ယူနေခြင်းကြောင့်ဖြစ်သည်။ ဤကဲ့သို့ ယိုးဒယားဘုရင်၏ သမီးတော်နှင့် ထိမ်းမြှားရန်အတွက် ရှေးဦးစွာ ၎င်း၏လက်ရှိ ကရင်မိဖုရားများအား ပယ်ထုတ်ပစ်ရသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် ကရင်ရှင်ဘုရင်သည် ၎င်း၏လူမျိုး အများအပြားက ၎င်း၏ရန်သူဖြစ်လေသည်။ တပြိုင်တည်းမှာဘဲ ယိုးဒယားရှင်ဘုရင်၏ သမီးတော်အတွက် ရန်သူကရင်ဘုရင်ကို ဖျက်ဆီးရန်အတွက် လွယ်ကူစေသည်။ ယိုးဒယားဘုရင်၏ သမီးတော်သည် ဤလုပ်ငန်းတာဝန်အတွက် အချိန်မဆွဲပါ၊ ခမည်းတော် ယိုးဒယားဘုရင်စေခိုင်းသည့်အတိုင်း အောင်မြင်စွာ အကောင်အထည်ဖေါ်လေသည်။ ကရင်ဘုရင်၏ တတိယမျက်လုံးကို ထိုးဖေါက် ဖျက်ဆီးနိုင်ပြီးဖြစ်သဖြင့် ကရင်ဘုရင်လည်း ၎င်း၏တံခိုးဖြစ်သည့် ဤမျက်လုံးမရှိတော့သဖြင့် သူ၏ တံခိုးလည်း ရှိမည် မဟုတ်တော့ကြောင်း သိရှိကာ မိမိကိုယ်မိမိ သတ်သေလေတော့သည်။ ၎င်း၏ ရန်သူ ယိုးဒယားဘုရင်ထံတွင်လည်း အညံ့ခံခြင်း မပြုပေ။ ကရင်ဘုရင် နတ်ရွာစံပြီးနောက်တွင် ယိုးဒယားဘုရင်၏ သမီးတော်သည် ၎င်းဖခင်၏ ဆွေတော်မျိုးတော်ထဲက မင်းမျိုးမင်းနွယ်တဦးနှင့် ထိမ်းမြှားလက်ထပ်ပြီး ဤဃိုထာဝေမြို့ကို ကရင်ဘုရင်၏နန်းတော်တွင် ဆက်လက်အုပ်စိုးလေသည်။ သို့ရာတွင် ဤနေရာတွင် ကြာကြာအုပ်စိုးခွင့်မရခဲ့ပေ။ မွန်များက ၎င်းတို့ကို လာရောက်တိုက်ခိုက်ကာ အနိုင်ယူသဖြင့် ယိုးဒယားဘုရင်၏ သမီးတော်ကို နှင်ထုတ်ပြီး မွတ်တို့က အုပ်စိုးလေသည်။ ဤမြို့ကို မွန်တို့က “မို့မွာလို”ဟု ပြန်၍ မွန်လိုခေါ်ကြသည်။ အဓိပ္ပါယ်မှာ “မျက်စိတလုံးကန်း”(၀ါ)မျက်ကန်းသူ ဟူသတည်း။ ဤသည်မှာ မျက်လုံးသုံးလုံးရှိသည့်ကရင်ဘုရင်က မျက်လုံးတလုံး ဖျက်ဆီးခံရကြောင်းနှင့် ဤမြို့ကို တချိန်က ကရင်ဘုရင်အုပ်စိုးခဲ့ကြောင်း ဖေါ်ပြခြင်းဖြစ်သည်။ မူရင်း ကရင့်သမိုင်းဆရာ စောအောင်လှ ကရင်ရာဇ၀င်စာအုပ်မှ - ဘာသာပြန် (ဖူ့ခွဲကဘောင်)ကရင်ရာဇ၀င် စာအုပ်ဖြင့် ကောက်နှုတ်ဖေါ်ပြထားသည်။ ဆက်လက်ဖေါ်ပြမည်။

0 ความคิดเห็น:

แสดงความคิดเห็น