วันจันทร์ที่ 8 ตุลาคม พ.ศ. 2555

ကရင် တူရိယာ(ပီဘာ)ခေါ် သံစုံပြွေ အကြောင်း တစေ့တစောင်း

ကရင် တူရိယာ(ပီဘာ)ခေါ် သံစုံပြွေ အကြောင်း တစေ့တစောင်း

ကရင်လူမျိုးတို့၏ မူလဒေသသည် အာရှတိုက်အလယ်ပိုင်း မြင့်မားသော တောင်တန်းကြီးများ ခြံရံသည့် ကုန်ပြင်မြင့်ကြီးတွင် နေထိုင်ကြပြီး ထိုကုန်းပြင်မြင့်မှ အရှေ့ပိုင်းတွင် မြစ်ဖျားခံသော မဲခေါင်မြစ်နှင့် သံလွင်မြစ်နှစ်သွယ်ကြားမှ ဆင်းသက်လာကြရာ မြန်မာနိုင်ငံသို့ ဦးစွာ ရမည်းသင်းနှင့် တောင်ငးဒေသ အရှေ့ဘက်မှ ၀င်ရောက်နေထိုင်ကြောင်းနှင့် ကရင်လူမျိုးသည် မွန်ဂိုအနွယ်ဝင် ထိုင်းတရုတ်အုပ်စုဝင် ဖြစ်ကြောင်းမှာ ယနေ့အချိန်တွင် ခိုင်လုံလျက်ရှိနေသည်။ အရှေ့ပိုးကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင်တူရိယာများကိုလည်း တီထွင် ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန် အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ “ပီဘာ”ခေါ် သံစုံပြေ ကရင့်အခေါ် (ပီဘာ)သည် “ပီ”မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး “ဘာ”ဟူသော ကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကို မှုရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဌန်ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသော ကရင်တူရိယာတစ်မျိုး ဖြစ်သည်။ ပီဘာပြုလုပ်ခြင်း
ပီဘာသည် အများအားဖြင့် ၀ါဖြင့် ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါချောင်းဖြင့်လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသော သစ်သားတို့လည်းကောင်း၊ ပြုလုပ်ကြသည်လည်း ရှိသည်။ ကြေးဝါးချောင်းဖြင့် ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ၊ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။ ပီဘာကို ပြုလုပ်ရာတွင် အုံကို ခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့် မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြားကွပ်ညှပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပြွေချောင်း တပ်ဆင်ရန် အပေါက်ရှည်လျားလျားကို တိုးလျှိုပေါက် ဖေါက်ထွင်းယူရသည်။ ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှ နှစ်ပေကျော်၊ တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားလေသည်။ ပီဘာအုံ၏အထက် နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင် တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများ ဖေါက်ထားရသည်။ ပီဘာအုံ အပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ် ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေး ဖေါက်ထားရလေသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကို ကိုင်ထားရပြီး လိုသောအသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့် ပိတ်၍ ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။ အသုံးပြုခြင်း ပီဘာ(ခေါ်) သံစုံပြွေကို အတည်အရှည်ဟူ၍ နှစ်မျိုးခွဲခြားထားလေသည်။ ပီဘာတိုမျိုးကို လူပျိုကာလသားတို့က ညအခါ အပျိုလူပျိုလှည့်ရာတွင် ယူဆောင်၍ မှုတ်လေ့ရှိသည်။ သီချင်းဖြင့် အပျိုကို ချစ်စကား၊ ကြိုက်စကားများ စောင်းချိတ်၍ မှုတ်လေ့ရှိသည်။ ပီဘာတိုကို သွားလေရာတွင် ယူဆောင်လွယ်ကူ၍ ခရီးသွားရင်း၊ လည်ပတ်ရင်း၊ နွားကျောင်းရင်း မှုတ်လေ့ရှိသည်။ အထူးသဖြင့် ယိုးဒယားနယ်စပ်တွင် နေထိုင်သော ကရင်မျိုးနွယ်စုများသည် ပီဘာကို အများအပြား သုံးစွဲနေသေးကြောင်း လေ့လာသိရှိရသည်။ ပီဘာအရှည်မျိုးမှာ လူစုလူအုပ်တို့ ရှိသည့်အခါတွင် မှုတ်လေ့ရှိသည်။ ညချမ်းအချိန် လသာသာ စပါးနယ်သောအခါတွင် အမျိုးသမီးတို့က သီချင်းဆိုပြီး အမျိုးသားတို့က စုပေါင်း၍ မှုတ်ကြရာ အထူးပင် သာယာပျော်ဘွယ် ကောင်းလှလေသည်။ စုပေါင်းမှုတ်ခြင်းကို မင်္ဂလာဆောင်ပွဲ၊ အလှူပွဲတို့တွင်လည်း ဧည့်ခံဖျော်ဖြေမှုအဖြစ် သီဆိုမှုတ်လေ့ရှိကြသည်။ အရှေ့ပိုးကရင်တို့၏ ရှေးဟောင်း ကဗျာ၊ လင်္ကာ၊ သီးချင်းများ အဆိုအရ အောက်ပါ ပီဘာအမျိုးအစားရှိကြောင်း ဆိုထားလေသည်။ ကာလသား၊ ကာလသမီးများ ပီဘာ နန်းတွင်းသုံး ပီဘာ ကျွဲကျောင်း နွားကျောင်းမှုတ် ပီဘာ စသည်ဖြင့် ရှိသည်ဟု ဆိုကြသည်။ မန်းသင့်နောင်၊ ရေး- အရှေ့ပိုးကရင်စာအုပ်မှ ကောက်နှုတ်ဖေါ်ပြထားသည်။

0 ความคิดเห็น:

แสดงความคิดเห็น