วันพฤหัสบดีที่ 22 มกราคม พ.ศ. 2558

မြန်မာပြည်တွင် ဂျပန်၏ ခြေလှမ်းအမှားများ

ဂျပန်တွင် မြန်မာနိုင်ငံအတွက် ကြီးမားသော အစီအစဉ်များရှိနေသည်။ ပင်လယ်ရပ်ခြား ဖွံ့ဖြိုးရေး အကူအညီပေးရေး အဖွဲ့အစည်းတခုဖြစ်သည့် ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှတဆင့် အာရှ၏ အဆင်းရဲဆုံး နိုင်ငံများထဲတွင် တခုအပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများ မြန်မြန်ဆန်ဆန် စတင်နိုင်ရန်လည်း မျှော်လင့်ထားသည်။ သို့သော်လည်း အလျင်အမြန် ဆောင်ရွက်ခြင်းနှင့် တာဝန်ယူမှု ကင်းမဲ့ခြင်းများကြောင့် ဒေသတွင်းမှ ရင်းနှီးသော မိတ်ဆွေနိုင်ငံဆိုသည့် ဂျပန်နိုင်ငံ၏ ဂုဏ်သတင်းကို ကျဆင်းစေခဲ့သည်။ ထို့ပြင် လူ့အခွင့် အရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုဆိုးရွားလာသည့် အချိန်တွင် မြန်မာနိုင်ငံ၏ ထိခိုက်ပွန်းရှလွယ်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများကို လမ်းချော်စေမည့် အလားအလာလည်း ရှိလာသည်။ ဥပမာအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်၏ အရှေ့တောင်ဘက် ၂၄ ကီလို မီတာအကွာရှိ သီလဝါ အထူးစီးပွားရေးဇုန် ဖြစ်သည်။ စိုက်ပျိုးမြေ ၂၄၀ဝ ဟက်တာပေါ်တွင် တည်ဆောက်ရန် စီစဉ်ထားပြီး ၂၀၁၅ ခုနှစ်ကုန်ပိုင်းတွင် လုပ်ငန်းစတင်ရန်ရှိသည့် အထူးစီးပွားရေးဇုန်တွင် စက်ရုံများပါဝင်သည့် စက်မှုဇုန်တခု၊ ဆိပ်ကမ်းတခု၊ စီးပွားရေးနှင့် လူနေဧရိယာများ ပါဝင်မည်ဖြစ်သည်။ မြန်မာနှင့် ဂျပန် အစိုးရများနှင့်အတူ ဂျပန်နိုင်ငံမှ ကော်ပိုရေးရှင်းကြီးများ ဖြစ်ကြသည့် မာရူဘေနီ (Marubeni)၊ မစ်ဆူဘီရှီ (Mitsubishi) နှင့် ဆူမိ တိုမို (Sumitomo) တို့ ရင်းနှီးမြှုပ်နှံထားကြသည်။ အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းဝင် ဒဂုံ ဦးဝင်းအောင် ဦးဆောင်သည့် မြန်မာကုမ္ပဏီ ၉ ခု ပူးပေါင်းထားသော လုပ်ငန်းစုတခုလည်း ပါဝင်နေပါသည်။ ကျေးရွာပြည်သူများမှာ အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ဖိအားပေး ဖယ်ရှားခြင်း ခံကြရပြီး တခါတရံတွင် မြန်မာအာဏာပိုင်များ၏ ခြိမ်းခြောက် အကျပ်ကိုင်မှုနှင့် ရင်ဆိုင်ကြရသည်။ ပြည်သူ ၃၀ဝ ခန့်ကို ရွှေ့ပြောင်းနေရာ ချထားပေးခဲ့ပြီး ဖြစ်ပြီး ထောင်နှင့်ချီသော သူများမှာ စီမံကိန်း နောက်ထပ်အဆင့်များ ဆောင်ရွက်သည့် အချိန်တွင် မမျှတသည့် လျော်ကြေး၊ အရည်အသွေးညံ့သည့် အိမ်ရာများ၊ နည်းပါးသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာရေး၊ ရေနှင့် သန့်ရှင်းရေး အစရှိသည့် မရှိမဖြစ်အရာများ ပိုမိုဆိုးရွားသွားသည်ကို အတုံ့အလှယ်အဖြစ် လက်ခံရယူ၍ နေရာရွှေ့ပြောင်း ပေးရမည့်အချိန်ကို စောင့်ဆိုင်းနေကြရသည်။ ဒေသခံများကို လုံလောက်သော ဆွေးနွေးညှိ နှိုင်းမှုများ မပြုလုပ်ခဲ့သကဲ့သို့ ၄င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ခြင်းများတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ခြင်းများ မရှိခဲ့ပါ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်သည့် Physicians for Human Right က လတ်တလော ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် နေရာရွှေ့ပြောင်းပေးခြင်း ခံရသော မိသားစုများသည် ဝင်ငွေ ၇၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရကြောင်းနှင့် ရွှေ့ပြောင်းခံရသူတို့၏ ထက်ဝက်ခန့်သည် ချထားပေးသည့် နေရာများကို စွန့်ခွာထွက်သွားကြပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဂျပန်နှင့် JICA က သီလဝါ စီမံကိန်းကို ဆက် လက် ဆောင်ရွက်နေကြသည်။ ၄င်းတို့တွင် ကရင် နှင့် မွန်ပြည်နယ်မှ ကျယ်ပြန့်သည့်နေရာများ အပါ အဝင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်း တခုလုံးနှင့် ပတ်သက်၍ အစီအစဉ်များ ရှိနှင့်ပြီး ဖြစ်သည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့သည် ကမ္ဘာပေါ်တွင် ကာလအရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နေရာအဖြစ် သတ်မှတ်ခံထားရပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ခိုက်နေသည့် ကရင်တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာအစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်သည်။ သဘာဝ အရင်းအမြစ်များနှင့် ပတ်သက်၍လည်း အခြေအတင် ငြင်းခုံနေရဆဲဖြစ်သည်။ ထိုအချိန်တွင် ဒေသခံများက ဖိနှိပ်ချုပ်ချယ်တတ်သည့် အစိုးရအဖြစ် သတ်မှတ်ထားသည့် မြန်မာအစိုးရနှင့် လက်တွဲ၍ ငွေကြေးအမြောက်အမြား ဝင်ရောက်လာခြင်းက တာဝန်မဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတခုတွင် ဒေသခံ ကရင်အသိုင်းအဝိုင်းများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက JICA ၏ အစီအစဉ်များကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ သို့သော်လည်း JICA က ဤ ကာလရှည်ကြာခဲ့ကာ ရှုပ်ထွေးသော ပဋိပက္ခကို လျစ်လျူရှုခဲ့ပြီး စက်မှုဖွံ့ဖြိုး တိုးတက်ရေး၊ အခြေခံအဆောက်အအုံနှင့် စက်မှုလယ်ယာတို့ကို ဒေသ၏ အနာဂတ်အဖြစ် ယူဆခဲ့သည်။ ထို့အပြင် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ကာ ထွက်ပြေးရသည့် ၁ သိန်း ၃ သောင်းခန့်ရှိသော ဒုက္ခသည်များကိုလည်း ကရင်ပြည်နယ်တွင် တည်ဆောက်ရန် စီစဉ်ထားသည့် စက်ရုံများအတွက် လုပ်သားအင်အားစုများအဖြစ် ရှုမြင်ခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံ၏ မှားယွင်းသော ခြေလှမ်းသည် တာဝန်မယူသည့် ရင်းနှီးမြှုပ်နှံမှုတွင် ရပ်တန့်မနေခဲ့ပါ။ ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ၏ အစိုးရက ပုံမှန်ဖွံ့ဖြိုးရေး အကူအညီများနှင့် ကွဲလွဲပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားမှ စစ်တပ်များသို့ သွယ်ဝိုက်သော နည်းလမ်းဖြင့် အကူအညီပေးနိုင်ခွင့်ရှိသည့် ဂျပန်နိုင်ငံ၏ နိုင်ငံရပ်ခြားဖွံ့ဖြိုးရေး အကူအညီပေးရေး အစီအစဉ် ကို ကြီးကြပ်စိစစ်ရန် ကော်မတီတခုကို ဖွဲ့စည်းခဲ့သည်။ ထိုအစီအစဉ်သစ်အရ မြန်မာစစ်တပ်သည် စစ်ရေးဆောင်ရွက်မှု မဟုတ်သည့် လူမှုဖူလုံရေးနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကဲ့သို့သော လုပ်ငန်းများအတွက် ချေးငွေရရှိနိုင်မည့် အလားအလာများ ဖြစ်လာသည်။ ပွင့်လင်းမြင်သာမှု မရှိသလို အကျင့်ပျက်ခြစားမှုများ ရှိနေသည့် မြန်မာနိုင်ငံ၏ စီးပွားရေး ပတ်ဝန်းကျင်တွင် ထိုကဲ့သို့သော ချေးငွေများသည် လမ်းကြောင်းမှန်အတိုင်းသွားရန် မဖြစ်နိုင်သလောက်နီးပါးပင် ဖြစ်သည်။ ထိုအစီအစဉ်ကို ပြန်လည်သုံးသပ်ကြည့်ခြင်း၏ ဂယက်ရိုက်မှုများက စိုးရိမ်ဖွယ်ရာဖြစ်သည်။ ပဋိပက္ခ ဒေသများတွင် မြန်မာစစ်တပ်က စစ်တန်းလျားများ တည်ဆောက်ရန် ငွေပေးပါမည်လား၊ မြန်မာစစ်တပ်က ပြည်သူများကို ၄င်းတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့သည့် အိမ်များမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ခေါင်းစဉ်တပ်၍ ဖယ်ရှားရန်အတွက် အထောက်အပံ့ပေးခြင်း ဖြစ်သွားမည်လား၊ ဘာသာရေး ပဋိပက္ခများကြောင့် ဘင်္ဂလားပင်လယ်အော်ကို လှေအိုလှေဟောင်းများဖြင့် ဖြတ်ကျော် ထွက်ပြေးနေကြသည့် အင်္ဂါလီလူမျိုးစုများကို လိုက်လံရှာဖွေနေသည့် မြန်မာရေတပ်ကို ဘဏ္ဍာငွေထောက်ပံ့သလို ဖြစ်သွားမည်လား စသည်ဖြင့် မေးခွန်းများရှိလာသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်အထိ JICA နှင့် ဂျပန်အစိုးရသည် နိုင်ငံရေးအရ မျက်နှာသာရရန် နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ သေချာစေရန် မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုထားသောကြောင့် ဖြစ်ပါသည်။ မျှတစွာပြောရလျှင် ဂျပန်နိုင်ငံသည် အမေရိကန် ကဲ့သို့ပင် တရုတ်နိုင်ငံ၏ အာရှဒေသအပေါ် ဩဇာ လွှမ်းမိုးမှုကိုလျှော့ချနိုင်ရန် ပထဝီနိုင်ငံရေးကစားပွဲကို ကစားနေခြင်းဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် ရှေ့ဆက်ဆောင်ရွက်မှုများသည် ဒေသခံပြည်သူများ၏ အခွင့်အရေးနှင့် ဟန်ချက်ညီမျှမှု ရှိရမည်ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် ပြေလည်မည့်အစား ပို၍ ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။ ဂျပန်နိုင်ငံက အဆိုပါ ဟန်ချက်ညီမျှမှုကို ရှာဖွေနေခြင်း မရှိပါ။ JICA အနေဖြင့် သီလဝါ ဒေသခံ ပြည်သူများ၏ စကားကို နားထောင်ကြည့်ပြီး သူတို့၏ မြန်မာနိုင်ငံမှ ပထမဆုံးသော အဓိက စီမံကိန်းကြီး၏ အမှားအယွင်းများကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် စတင်ရပါလိမ့်မည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ရေရှည်တည်မြဲခိုင်မာသည့် စီးပွားရေး ဝန်းကျင်တခု အတွက်သာ မဟုတ်ဘဲ ကာလရှည်ကြာ ဖိနှိပ်ခံခဲ့ရသည့် မြန်မာပြည်သူများ၏ အခွင့်အရေးများအတွက်လည်း ကောင်းမွန်သည့် အစဉ်အလာတခု ဖြစ်စေပါလိမ့်မည်။ (The Wall Street Journal ပါ Rin Fujimatsu နှင့် Alex Moodie တို့၏ Japan’s Misadventures in Burma ကို ဘာသာပြန်ဆိုသည်။)

0 ความคิดเห็น:

แสดงความคิดเห็น