The Rise and Fall of the Communist Party of Burma (Bertil Lintner ရေး၍ ကျော်ဝင်းဘာသာပြန်သည်။) ဘာသာပြန်သူ၏ စကားဦး ဗမာပြည် ကွန်မြူနစ်ပါတီမှာ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုအတွင်းမှ ပေါ်ထွက်လာသော အစဉ်အလာကြီးသည့် နိုင်ငံရေးပါတီကြီး တစ်ရပ်ဖြစ်ပါသည်။ (ဤအချက်နှင့် ပတ်သက်လျှင် အငြင်းပွားစရာ ရှိလိမ့်မည် မထင်ပါ။) မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း အစိုးရ အဆက်ဆက်ကို တစ်လျှောက်လုံး တော်လှန်ပုန်ကန်ခဲ့သည့် အဓိက လက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်ပါသည်။ (ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင် တော်လှန်ရေးကို လက်ခံ၊ လက်မခံ အသာထား။ ဤကိစ္စနှင့် ပတ်သက်လျှင်လည်း မည်သူမှ အငြင်းပွားလိမ့်မည် မထင်ပါ။) သို့နှင့်တိုင် ယခုအခါတွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီမှာ သမိုင်းထဲသို့ တိုးဝင်ပျောက် ကွယ်သွားတော့မည့် ဖြစ်စဉ်ထဲတွင် ရောက်ရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပါသည်။ (ဤကောက်ချက်နှင့် ပတ်သက်လျှင်လည်း စွဲလမ်းသူ အချို့မှလွဲ၍ အငြင်းပွားမည့်သူ မရှိတော့ဟု ယူဆရပါသည်။) မည်သို့ပင်ရှိစေ သမိုင်းကို စိတ်ဝင်စားသူများ၊ မြန်မာ့နိုင်ငံရေးနှင့် မကင်းနိုင်သူများ အတွက် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဖြစ်စဉ် ဖြစ်ရပ်များက မေးသင့်မေးထိုက်သော၊ လေ့လာ ဆန်းစစ်အပ်သော အမေးပုစ္ဆာ တစ်ရပ်ကိုကား ချန်ထားခဲ့သည်ဟု သဘောရပါသည်။ "ဤမျှ အစဉ်အလာကြီးသော နိုင်ငံရေးပါတီကြီး တစ်ရပ်အနေနှင့် သမိုင်းနှင့်အတူ လိုက်ပါမသွားနိုင်တော့ဘဲ အဘယ့်ကြောင့် သမိုင်းဖြစ်စဉ်ထဲတွင် ပွန်းပြတ်-ပြတ်သွားရ ပါသနည်း" ဆိုသော ပုစ္ဆာဖြစ်သည်။ ယခု ဘာသာပြန် ဖော်ပြမည့်စာစုမှာ အဆိုပါ အမေးပုစ္ဆာအတွက် ပြည့်စုံလုံလောက်သော အဖြေ ဟုတ်ကောင်းမှ ဟုတ်နိုင်သည့် တိုင် စဉ်းစားဆဝါးစရာ များကား အထိုက်အသင့်ပါသည်ဟု ထင်ပါသည်။ မူရင်းစာရေးဆရာ “ဘာတင်းလစ်တနာ” မှာ သမိုင်းပညာရှင် တစ်ယောက်တော့ကား မဟုတ်ပါ။ သို့အတွက် သူ့စာအုပ် (The Rise and Fall of the Communist Party of Burma) မှာ သမိုင်းကျမ်းကြီးတစ်စောင်လို ရေပက်မဝင် ခိုင်မာတိကျချင်မှ တိကျပါလိမ့်မည်။ လစ်တနာမှာ နိုင်ငံရေး သမားတစ်ယောက်လည်း မဟုတ်ပါ။ သို့အတွက် သူ့စာအုပ်မှာ မြန်မာ့ နိုင်ငံရေးလေ့လာချက် စစ်တမ်းတစ်စောင်လို ဘက်စုံထောင့်စုံ၊ ကျယ်ပြန့် နက်ရှိုင်းမှု ရှိကောင်းမှ ရှိပါလိမ့်မည်။ အမှန်စင်စစ် သူသည် ဂျာနယ်လစ် တစ်ဦးမျှသာ ဖြစ်ပါသည်။ သို့တစေ ... စာကြည့်စားပွဲပေါ်မှာသာ ငုတ်တုတ်ထိုင် စာရေးနေသူ၊ ဂျာနယ်လစ်မျိုးကား မဟုတ်။ ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင်၊ မြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများ နှင့် ဆက်စပ်နေသော နယ်မြေများသို့ ကိုယ်တိုင်သွားရောက် လေ့လာ၊ တွေ့ဆုံမေးမြန်းပြီးမှ ဤစာအုပ်ကို ပြုစုခဲ့ခြင်းဖြစ်သည်။ သို့အတွက် သူ့စာအုပ်ကို ဘာသာပြန်ဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ ဤသို့ ဘာသာပြန်ရာ တွင်လည်း ၁၉၉၀ ပြည့်နှစ်က ထုတ်ဝေခဲ့သော ပထမအကြိမ် ပုံနှိပ်ခြင်းစာမူကို မယူ။ နောင် အနှစ် ၂၀ ကျော်ကြာ ၂၀၁၂ ခုနှစ်ရောက်မှ သူကိုယ်တိုင် တည်းဖြတ်ပြင်ဆင် ဖြည့်စွက်ထားသော စာမူကိုသာ ဘာသာပြန်ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရေးအတွက် အရေးကြီးသည်ဟု ယူဆရသော ယခုစာအုပ်ကို ဘာသာ ပြန်ဖြစ်သည့် အတွက် မူရင်း စာရေးဆရာ ဘာတင်းလစ်တနာ ကို သော်လည်းကောင်း၊ ၁၉၉၀ ပထမအကြိမ် ထုတ်ဝေသည့် စာအုပ်နှင့် ၂၀၁၂ ဖြည့်စွက်ချက်များကို ရှာဖွေစုဆောင်းပေး သော မိတ်ဆွေကြီး ကိုလွင်ဦး (လှည်းတန်း) ကိုလည်းကောင်း ကျေးဇူးစကား ဆိုအပ်ပါသည်။ နိဒါန်း အာရှဒေသ၏ အရှည်ကြာဆုံး ကွန်မြူနစ်ပုန်ကန် ထကြွမှုများထဲမှ တစ်ခုဖြစ်သော မြန်မာကွန်မြူနစ် များ၏ တော်လှန်ရေးမှာ ၁၉၈၉ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ညမှာပင် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ ဆုံးခန်းတိုင် သွားရသည်မှာ အောင်မြင်သော အစိုးရထိုးစစ်တစ်ခုကြောင့် မဟုတ်သလို သဘောထားကြီးသော လွတ်ငြိမ်းချမ်းသာခွင့် ပေါ်လစီတစ်ရပ်၏ အကျိုးဆက်လည်း မဟုတ်ပါ။ ကိုယ်တိုင်က အစိုးရကို တော်လှန်ပုန်ကန်နေသော “ဗမာပြည် ကွန်မြူနစ်ပါတီ” (CPB) ၏ အောက်ခြေတပ်သားထု ကြားမှ ပေါ်ထွက်လာသည့် တပ်တွင်း ပုန်ကန်ခြားနားမှုကြောင့် ဖြစ်ပါသည်။ CPB ဌာနချုပ်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီး ဝတောင်တန်းများ ပေါ်ရှိ မြို့ငယ်လေးတစ်မြို့ ဖြစ်သော “ပန်ဆန်း” တွင် အခြေစိုက်ထားသည်။ တပ်တွင်းသူပုန် တပ်ဖွဲ့များက ထိုညမှာပင် အဆိုပါ CPB ဌာနချုပ်ကို တစ်ဟုန်ထိုး ဝင်စီးခဲ့ကြသည်။ ကောင်းစွာ ဖြည့်တင်းထားသော ဗဟိုလက်နက်တိုက်နှင့် အခြားအဆောက် အအုံများကို သိမ်းပိုက်လိုက်ကြသည်။ ပါတီဆန့်ကျင်ရေး ခံစားမှုများဖြင့် ဒေါသဆူဝေနေကြသော ပုန်ကန်ခြားနားကြသူ များက မတ်စ်၊ အိန်ဂျယ်၊ လီနင်၊ စတာနင်၊ မော်စီတုန်း အမှူးပြုသော ကွန်မြူနစ်အိုက်ကွန်များ၏ ပုံတူ ဓာတ်ပုံကားချပ်များကို ရိုက်ချိုးပစ်လိုက်ကြသလို ကွန်မြူနစ် စာပေကျမ်းဂန် များကိုလည်း ဖျက်ဆီး ပစ်လိုက်ကြသည်။ ဤတွင် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော စွဲမြဲသည့် မော်ဝါဒီ CPB ခေါင်းဆောင်ကြီးများမှာ နယ်ခြားမြစ် ကလေး “နာမ်ခ” ကို ဖြတ်ကာ တရုတ်ပြည်ထဲသို့ ဒရောသောပါး ထွက်ပြေး ရလေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင် ပထမဦးဆုံးအကြိမ် အဖြစ် ကွန်မြူနစ် တော်လှန်ပုန်ကန်မှု တစ်ရပ်မှာ ၄င်း၏ အတွင်းပိုင်းပြိုကွဲမှုကြောင့် ရှုံးနိမ့် ပြိုကွဲသွားရပါလေ တော့သည်။ အမှန်စင်စစ် ဧပြီလ ၁၆ ရက်နှင့် ၁၇ ရက်က ပန်ဆန်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုခဲ့ပါ ဝရုန်းသုန်းကား ဖြစ်ရပ်ကြီးမှာ ရှောင်တခင် ပေါ်ထွက်လာသည်တော့ မဟုတ်ပါချေ။ နှစ်ပေါင်းမြောက်မြားစွာ တမြည့်မြည့် လောင်မြိုက်နေသော သက်ကြီးရွယ်အို ခေါင်းဆောင်မှုအပေါ် မကျေနပ်ရာမှ အကြောင်းခံ ဖြစ်တည် လာသည်ဟု ဆိုရမည်သာ ဖြစ်ပါသည်။ အဆိုပါကွန်မြူနစ်ခေါင်းဆောင် အဘိုးကြီးများမှာ ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကာလ ကတည်းက အပြောင်းအလဲမရှိ တောက်လျှောက် ဆုပ်ကိုင်လာခဲ့ကြသော၊ ယခု အခါခေတ်နှင့် ပို၍ ပို၍ အံချော်နေပြီလည်း ဖြစ်သော နိုင်ငံရေးလမ်းကြောင်းကို စွန့်လွှတ်ဖို့ ခေါင်းမာမာ ငြင်းဆန် နေကြသည်။ ဒါကို အောက်ခြေရဲဘော်တွေက မကျေနပ်။ သည်လိုနှင့် ပါတီတွင်း ဘဝမှာ ကြိမ်မီးအုံးသလို ဖြစ်နေခဲ့သည်။ ပို၍ပင်အရေးကြီးသည်ဟု ဆိုနိုင်လောက်သည့် အကြောင်းရင်းခံ တစ်ရပ်မှာ ပါတီတွင်းရှိ လူမျိုးစုဆိုင်ရာ တင်းမာမှုများဖြစ်ပါသည်။ ပြောရလျှင် တပ်တွင်းပုန်ကန်မှုမှာ အဆိုပါလူမျိုးစု ဆိုင်ရာ တင်းမာမှု၏ ထင်ဟပ်ချက်ပင်ဖြစ်နိုင်သည်။ CPB လက်နက်ကိုင် တပ်ဖွဲ့များ၏ အများတကာ့ အများစုကြီးမှာ ဝေးလံခေါင်းဖျား ကြမ်းတမ်းခက်ထန်လှသော တရုတ်ဗမာ နယ်စပ်တောင်ပေါ် ဒေသများတွင် နေထိုင်ကြသည့် လူနည်းစု လူမျိုးစုများမှ လာကြသော တပ်သားတွေဖြစ်သည်။ သူတို့တစ်တွေ ကွန်မြူနစ်ပါတီ အလံအောက် ရောက်လာကြသည်မှာလည်း အိုင်ဒီအိုလိုဂျီထက် လူမျိုးစုဆိုင်ရာ မကျေနပ်မှုများနှင့် ယေဘုယျ အစိုးရဆန့်ကျင်ရေး စိတ်အခံကြောင့်သာ များသည်။ ခန့်မှန်းခြေအရ ကွန်မြူနစ်တပ်မတော် အောက်ခြေတပ်သားစု ၏ ၈၀ ရာခိုင်နှုန်းအောက်မှာ တရုတ်-ဗမာ နယ်စပ်တောင်ပေါ်သား လူမျိုးစု တစ်ခုဖြစ်သော ဝမျိုးနွယ်စုမှ ဝအမျိုးသားတွေဖြစ်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များ ၏ အစောပိုင်း နှင့် ၁၉၇၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလများ အတွင်း တရုတ်ပြည်၏ အကူအညီဖြင့် CPB တပ်ဖွဲ့များ၊ ထိုဒေသကို မထိန်းချုပ်နိုင်မီ ကဆိုလျှင် အဆိုပါ ဝလူမျိုးများမှာ တစ်ဖက်ရန်သူကို ခေါင်းဖြတ်သည့် အလေ့ပင်ရှိသည်ဟု ဆိုသည်။ CPB တပ်မတော်၏ တပ်မှူး အားလုံးနီးပါး ဆိုလျှင်လည်း အမျိုးမျိုးသော လူမျိုးစုအုပ်စုများမှ လာသူတွေသာ ဖြစ်သည်။ တပ်မှူးအချို့မှာ ဝအမျိုးသားတွေဖြစ်ပြီး အများစုမှာ ကိုးကန့်တရုတ်၊ ကချင်၊ ရှမ်းနှင့် အခြားလူမျိုးစုများ ဖြစ်သည်။ ဗမာဆို၍ မတ်(ခ)လီနင်ဝါဒီ၊ ပါတီခေါင်းဆောင် များနှင့် တပ်ဖွဲ့အသီးသီးတွင် တွဲဖက်တာဝန် ယူထားသော နိုင်ငံရေးမှူးတွေသာ ရှိသည်။ တပ်တွင်းပုန်ကန်မှု၏ နောက်ကွယ်တွင်ရှိသော နောက်ထပ်အရေး ကြီးသည့် အကြောင်းတစ်ခုမှာ CPB အခြေခံဒေသတွင် အလုပ်ဖြစ်နေသော အမြတ်အစွန်း အကြီးအကျယ်ရနေသည့် မူးယစ်ဆေးဝါး (ဘိန်း) အရောင်း အဝယ်ဖြစ်ပါသည်။ ၁၉၈၅ ခုနှစ်က ကျင်းပခဲ့သော CPB ၏တတိယ နှင့် နောက်ဆုံးကွန်ဂရက်တွင် ဘိန်းအရောင်းအဝယ်၊ ဘိန်းမှ ဆင့်ပွားလာသော ဘိန်းဖြူ ထုတ်လုပ်မှုနှင့် အခြားတရားမဝင် လုပ်ငန်းများကို ထိထိ ရောက်ရောက် အရေးယူကိုင်တွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ခက်နေသည်မှာ အဆိုပါ တရားမဝင် လုပ်ငန်းများတွင် ဒေသခံ တပ်မှူးများကိုယ်တိုင် ပါဝင် ပတ်သက်နေခြင်း ဖြစ်ပါသည်။ ပြောကြစတမ်းဆိုလျှင် ဘိန်းမှာ ဆယ်စုနှစ်အချို့ကြာ ကပင် CPB ဒေသ၏ ငွေဖြစ်လွယ်ဆုံး သီးနှံဖြစ်နေခဲ့သည်။ ပါတီကိုယ်တိုင်ကပင် ဘိန်းစိုက်သူ များနှင့် ဘိန်းရောင်းဝယ် ဖောက်ကားသူများကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ခွင့်ပြုထားခဲ့သည်။ သို့တိုင်အောင် ဒေသတွင်း အင်အားပုံစံ ပြောင်းလဲလာသည်နှင့် ဘိန်းအရောင်းအဝယ် အရေးပါမှု မှာလည်း ပိုမိုမြင့်မားလာ ခဲ့ရသည်။ အထူးသဖြင့် ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးသည့်နောက်ပိုင်း တရုတ်ပြည်က နိုင်ငံခြားရေး ပေါ်လစီသစ် ချမှတ်လိုက်သည့် အချိန်တွင်ဖြစ်ပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်များနှင့် ၁၉၇၀ ပြည့်လွန်နှစ်များ အတွင်း CPB မှာ ဒေသတွင်း အခြားသော ကွန်မြူနစ် ပါတီများ လိုပင် တရုတ်ပြည်မှ အလွန် များပြားသော အထောက်အပံ့များ ရရှိခဲ့သည်။ သို့နှင့်တိုင် ပေကျင်းအနေနှင့် ၄င်း၏ စီးပွားရေးကို ခေတ်မီစေရန် နှင့် နိုင်ငံခြားကုန်သွယ်ရေး ကို မြှင့်တင်ရန် ကြိုးပမ်းလာသောအခါ အဆိုပါ ပါတီများကို ပေးသည့် အကူအညီများကို သိသိသာသာ လျှော့ချလိုက်ပါသည်။ ဤသို့ တရုတ်အကူအညီများ ဖြတ်တောက်လိုက်ခြင်းမှာ “ထိုင်းကွန်မြူနစ်ပါတီ CPT ကို ချက်ချင်းဆိုသလို ပြိုကျသွားစေခဲ့သလို “မလေးရှားကွန်မြူနစ်ပါတီ” CPM ၏နောက်ဆုံး နေ့များသို့လည်း ဦးတည်စေခဲ့သည်။ သို့တစေ မြန်မာနိုင်ငံတွင်ကား ကွန်မြူနစ် တော်လှန်ပုန်ကန်မှုမှာ ဆက်လက်ဖြစ်ပေါ် နေခဲ့သည်။ သို့တိုင်အောင် CPB အတွက်မူ ၄င်း၏ တပ်ဖွဲ့များကို လက်နက် တပ်ဆင်ရန်နှင့် ၄င်းထိန်းချုပ်ထားသော ဒေသအတွင်းရှိ စာသင်ကျောင်းများနှင့် ဆေးရုံ များကို ဆက်ထိန်းထားနိုင်ရန် အခက်အခဲများစွာ ဖြစ်လာစေခဲ့သည်။ ဤအခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် ဘိန်းအရောင်းအဝယ် ပေါ်တွင် သာမက လွတ်မြောက်သည့် ဒေသအတွင်းရှိ လူထုအပေါ် တွင်ပါ အလွန် ကြီးမားသော အခွန်ကောက်များ တိုးမြှင့် ကောက်ခံလာခဲ့သည်။ ဤသို့အခွန် တိုးမြှင့် ကောက်ခံသည်ကို လူထုကမကျေနပ်။ သည်လိုနှင့် အရှေ့မြောက်ပိုင်း နယ်စပ်ဒေသ လူထုနှင့် ပါတီခေါင်းဆောင်မှု ကြား ပို၍ပို၍ ကင်းကွာလာစေရန် အကြောင်းဖန် လာပါတော့သည်။ ဤအချိန်မှာပင် ဒေသခံ ကွန်မြူနစ်တပ်မှူးများ အနေနှင့် ဒေသတွင်း ဘိန်းအရောင်းအဝယ်မှ အမြတ်များစွာ ရသည်ကို သဘောပေါက်သူတွေ ရှိလာကြရာ ပန်ဆန်း၏ ခေါင်းဆောင်မှုကို ဥပေက္ခာ ပြုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာကြသည်။ ပန်ဆန်းဘက်မှလည်း ပါတီအထောက်တော်များ စေလွှတ်ကာ အဆိုပါတပ်မှူးများ အပေါ် စုံစမ်း ထောက်လှမ်းမှုများ လုပ်လာသည်။ သူတို့တစ်တွေ၏ မမှန်မကန် အပြုအမှုများကိုလည်း ဗဟိုသို့သတင်းပို့ တိုင်တန်းသည်များ ရှိလာသည်။ နောက်ဆုံး CPB ခေါင်းဆောင်များ ကိုယ်တိုင်က "အခွန်ကောက်ခံခြင်းမှ လွဲ၍ ဘိန်းအရောင်းအဝယ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ မည်သည့်ပါတီဝင် ကိုမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူမည်" ဟု တိတိကျကျ ကြေညာလိုက်တော့သည်။ "မည်သူမဆို ဘိန်းဖြူ နှစ်ကီလိုဂရမ်နှင့်အထက် လက်ဝယ် တွေ့ရှိလျှင် သေဒဏ်ကျခံစေရမည်" ဟု တရားဝင် ထုတ်ပြန်ကြေညာသည် အထိ ဖြစ်လာသည်။ အမှန်စင်စစ် CPB အခြေခံ ဒေသအတွင်း ဘိန်းဖြူ ထုတ်လုပ်နေသည်မှာ ဒေသခံ ကွန်မြူနစ်တပ်မှူးများ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ဆိုခဲ့ပါအတိုင်း မူးယစ်ဆေး (ဘိန်းနှင့် ဘိန်းဖြူ) အရောင်းအဝယ် လုပ်ငန်းများတွင် CPB ကေဒါများ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်မှာ အိုင်ဒီအိုလိုဂျီ အရင်းခံပါတီခေါင်းဆောင်မှုအတွက် မျက်နှာပျက်စရာ ကသိကအောက် တစ်ခုလို ဖြစ်နေရသည်။ ဘိန်းဆန့်ကျင်ရေး တိုက်ပွဲဆင်နွှဲရန် တရုတ်ပြည်ဘက်မှ ဖိအားပေးနေသည် ဆိုသော အပြောအဆိုများမှာလည်း ဖြစ်နိုင်ခြေ ရှိလောက်သည်။ CPB အခြေခံဒေသမှ လျှံကျလာသော မူးယစ် ဆေးဝါးများမှာ တရုတ်ပြည်တွင် ပြဿနာ တစ်ရပ်လို ဖြစ်နေရသည်။ အရေအတွက်အရ ပို၍ ပို၍များလာသော ဘိန်းဖြူများ မှာလည်း မြန်မာပြည် နယ်စပ်ရှိ ယူနန်ပြည်နယ်မြို့တော် ကူမင်းမှတစ်ဆင့် ဟောင်ကောင်သို့ မှောင်ခို ထွက်နေသည်။ ဤသို့ဖြင့် ဘိန်းဖြူဘိန်းမည်း ပြဿနာမှာ CPB ခေါင်းဆောင်မှု အတွက်သာမက တရုတ်ပြည်အတွက်ပါ ခေါင်းခဲစရာ ဖြစ်လာတော့သည်။ ဤကိစ္စနှင့် ပတ်သက်ပြီး ဟောင်ကောင်မှ အပတ်စဉ် ထုတ်ဝေလျက် ရှိသော ၁၉၈၇ ခုနှစ် ဇွန် ၄ ရက်ထုတ် “အရှေ့ဖျားစီးပွားရေး ရီဗျူး” တွင် ကျွန်တော် ယခုလို ရေးခဲ့ပါသည်။ " .... မူးယစ်ဆန့်ကျင်ရေး ပေါ်လစီကိုသာ တိတိကျကျ အရေးယူဆောင်ရွက်မည် ဆိုလျှင် CPB ၏ အိုင်ဒီအိုလိုဂျီ အရင်းခံထိပ်ပိုင်း ခေါင်းဆောင်စုနှင့် မူးယစ်ဆေး ကုန်သွယ်မှုမှ အမြတ်အစွန်း များစွာ ရနေသော ဒေသခံ ကေဒါအများစုကြားတွင် ပြင်းထန်သော ပဋိပက္ခများ ဖန်တီးပေးလိုက်သလို ဖြစ်နိုင်ပေသည်။ ဤအချက်ကြောင့်ပင် မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲ၏ လက်တွေ့ ဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သည်။ ဒေသတွင်း စောင့်ကြည့်လေ့လာ နေကြသူများ ကိုယ်တိုင်ကလည်း "ပါတီမကွဲစေရေး အတွက် အဆုံးတစ်နေ့တွင် မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲကို လက်လျှော့ သွားပါလိမ့်မည်" ဟူ၍သာ ယူဆယုံကြည်ထား ကြ သည် ....”စသဖြင့်။ သို့နှင့်တိုင် ပါတီက မူးယစ်ဆန့်ကျင်ရေး တိုက်ပွဲကို မစွန့်ပါ။ သည်လိုနှင့် မလွှဲမရှောင်သာ ပြဿနာများနှင့် ကြုံရပါလေတော့သည်။ တရုတ်ပြည် အနေနှင့် ၁၉၈၁ ခုနှစ်ကပင် CPB ခေါင်းဆောင်များနှင့် အဆင့်မြင့်ကေဒါများကို ၄င်းတို့နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် ရယူကြရန် စတင်ကမ်းလှမ်း ခဲ့ပါသည်။ အဆိုပါကမ်းလှမ်းချက်တွင် သင့်တင့်လျောက်ပတ်သော အစိုးရပင်စင်ပါပေးဖို့ အကျုံးဝင်သည်။ (ပေါလစ်ဗျူရို တစ်ယောက်လျှင် တစ်လ ရမ်မင်ပိ ၂၅၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၃၆၊ ဗဟိုကော်မတီ တစ်ယောက်လျှင် ရမ်မင်ပိ ၂၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၂၉၊ အခြား ဦးဆောင်ကေဒါများ အတွက် တစ်ယောက်တစ်လ ရမ်မင်ပိ ၁၈၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၆၊ သာမန်ပါတီဝင်များအတွက် တစ်ယောက်တစ်လ ရမ်မင်ပိ ၁၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၅ ပင်စင်လစာ ပေးဖို့ဖြစ်သည်။) အဆိုပါ ပင်စင်လစာအပြင် အိမ်တစ်လုံးနှင့် မြေတစ်ကွက်ပါ ပေးဦးမည်ဖြစ်သည်။ သို့တစေ အငြိမ်းစား CPB ကေဒါများ အနေနှင့် တရုတ်ပြည်တွင်းတွင်မူ မည်သည့်နိုင်ငံရေး လှုပ်ရှားမှုမျှ လုပ်ခွင့်မရှိဟု သတ်မှတ်ထားသည်။ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း တရုတ်ပြည်တွင် နေထိုင်ခဲ့ကြ၍ မော်စီတုန်းနှင့် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြဖူးသော ကွန်မြူနစ် လက်ဟောင်းကြီးများ အနေနှင့် တရုတ်ပြည်ကို ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝေဖန်မှုမျိုး မလုပ်ကြသည့်တိုင် ဆိုခဲ့ပါ ကမ်းလှမ်းချက်ကို သစ္စာဖောက်မှု အဖြစ်သာ ကြည့်မြင်ခဲ့ကြသည်။ တရုတ်ပြည်ဘက်ကမူ ၁၉၈၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် နောက်တစ်ကြိမ် ထပ်မံ ကမ်းလှမ်းမှုများ လုပ်ခဲ့ကြပါသည်။ လူငယ်ပိုင်း အဆင့်ငယ် CPB ကေဒါ အချို့ကသာ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြပြီး ထိပ်ပိုင်းခေါင်းဆောင်များ ထဲကမူ တစ်ယောက်မျှ လက်မခံခဲ့ကြပါချေ။ ၁၉၈၉ နှစ်ဦးတွင် တရုတ်တို့ဘက်မှ CPB ကို နောက်တစ်ကြိမ် ချဉ်းကပ်လာ ကြပြန်ပါသည်။ မြန်မာနှင့် နှစ်နိုင်ငံကုန်သွယ်ရေး ဖွင့်လှစ်နိုင်ရန် အတွက် CPB ခေါင်းဆောင်များ၊ ၄င်းတို့၏ တော်လှန်ရေးကို စွန့်ကာ တရုတ်ပြည်တွင် အငြိမ်းစားယူကြဖို့ ကြိုးပမ်းဆွဲဆောင် ခဲ့ကြခြင်းဖြစ်သည်။ ဘာအဖြေမှ မရခဲ့သော အဆိုပါ လိပ်ခဲတည်းလည်း အစည်းအဝေးကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပန်ဆန်းတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးမှာပင် ထိုစဉ်ကတည်းက အသက် ၇၅ နှစ်ရှိပြီဖြစ်သော CPB ဥက္ကဋ္ဌ သခင်ဗသိန်းတင်က ပထမဆုံးအကြိမ် တရုတ်တို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန် ပြောဆိုခဲ့ပါသည်။ ဆိုခဲ့ပါ လျှို့ဝှက်အစည်းအဝေးတွင် ပြောကြားခဲ့သော သူ၏မိန့်ခွန်းတွင် ယခုလို ရည်ညွှန်းပြောဆို သွားခဲ့သည်။ "ညီနောင်ပါတီနဲ့ ကျွန်တော်တို့ ဆက်ဆံရေးမှာ နားလည်မှုလွဲတာတွေ ရှိနေတယ်။ ကျွန်တော်တို့ကြားမှာ သဘောကွဲလွဲမှုတွေ ရှိရင်တောင်မှ ကျွန်တော်တို့ကတော့ တစ်ဦးရဲ့ကိစ္စ တစ်ဦး ဝင်မစွက်ဖက်ရေး ဆိုတဲ့မူကို လိုက်နာစောင့်ထိန်းပြီး အတူယှဉ်တွဲ နေကြမှာပါ။ ၁၉၈၁၊ ၁၉၈၅ နဲ့ ၁၉၈၈ တုန်းကလည်း ဒီအတိုင်းပဲ ကျွန်တော်တို့ ရပ်တည်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြန်လည် ပြင်ဆင်ရေးသမားတွေ မဖြစ်ချင်ဘူး ..." စသဖြင့် ...။ ပြောရလျှင် သူ့မိန့်ခွန်းမှာ တရုတ် ကွန်မြူနစ်များကို ပြန်လည်ပြင်ဆင်ရေး သမားများဟု စွပ်စွဲလိုက်သည့် သဘောပင်ဖြစ်သည်။ နယ်စပ်တစ်ဖက်မှ ကမ်းလှမ်းချက်ကို ဘယ်လိုမှ လက်မခံနိုင်ကြောင်း ငြင်းပယ်လိုက်သည့် သဘောလည်း ဖြစ်ပါသည်။ ဆိုခဲ့ပြီးသော လျှို့ဝှက်အစည်းအဝေး မှတ်တမ်းများကို ကျွန်တော့် အနေနှင့် တရုတ်ပြည်ရှိ တစ်ခါက CPB ထောက်ခံသူများထံမှ သိသလောက် သိခဲ့ပါသည်။ စိတ်ချဉ်ပေါက် နေကြသော CPB အောက်ခြေ တပ်သားထုအနေ နှင့် ခေါင်းဆောင်မှု အဟောင်းကို ပုန်ကန်ထကြွရန် ဘာကြောင့် ဘယ်လို အားတက်လာကြသည်ကို သူတို့က ရှင်းပြကြသည်။ အမှန်စင်စစ် တပ်တွင်း ပုန်ကန်မှုမှာ အစောပိုင်းကတည်းက ဖြစ်ဖို့ရှိသည်။ အောက်ခြေရဲဘော်များနှင့် ဒေသတပ်မှူးများ အနေနှင့် ဤသို့သော ပုန်ကန်ခြားနားမှုအပေါ် တရုတ်ပြည်မှ ဘယ်လိုတုံ့ပြန်လိမ့်မည် ဆိုသည်ကို မသေချာသော ကြောင့်သာ အချိန်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထို့ထက် CPB ခေါင်းဆောင်ကြီး များမှာ တရုတ်ပြည်သို့ ဝင်လိုက်ထွက်လိုက် ရှိနေကြသလို တရုတ်အရာရှိကြီး များကလည်း နယ်စပ်သို့ မကြာခဏဆိုသလို ရောက်လာကြပြီး အဆိုပါခေါင်းဆောင်ကြီးများကို မှန်လုံ ဇိမ်ခံကားကြီးများဖြင့် ခေါ်သွားလေ့ ရှိကြသည်။ ဒါမျိုးတွေ အမြဲလို မြင်နေရတော့ တရုတ်တို့ သဘောထားကို အကဲဖမ်းဖို့ မလွယ်။ တစ်နည်း ဆိုရလျှင် ဒေသတွင်း နိုင်ငံရေး၏ အသိမ်အမွေ့နှင့် အရှုပ်အထွေးများကို CPB ကေဒါအများစုနှင့် တပ်မတော်သားများ၏ သဘောပေါက် နားလည်နိုင်စွမ်းဖြင့် လိုက်လို့မမီ ဖြစ်နေသောကြောင့်ဟု ဆိုရပါလိမ့်မည်။ ၁၉၈၉ မတ်လ ၁၂ ရက်နေ့တွင် ဖြစ်ပါသည်။ မြန်မာပြည်ဘက်ခြမ်းတွင် ရှိသည့်တိုင် တရုတ်လူမျိုးစုများ အများစုနေထိုင်ကြသည့် CPB အခြေခံ ဒေသတစ်ခု ဖြစ်သော ကိုးကန့်မှ တပ်ဖွဲ့များသည် ပထမခြေလှမ်း စတင်လိုက်ပြီး CPB ၏ ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက် ပါတော့သည်။ ဘိန်းအရောင်းအဝယ် လုပ်ငန်းတွင် ထဲထဲဝင်ဝင် ပတ်သက် နေသော ဒေသဆိုင်ရာ CPB တပ်မှူး တစ်ဦးဖြစ်သူ ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့များက ပါတီနှင့် လမ်းခွဲလိုက်ပြီး မုန်းကို ကို သိမ်းပိုက်လိုက်ကြသည်။ မုန်းကိုမှာ သံလွင်အနောက်ခြမ်းရှိ နယ်စပ် မြို့ဖြစ်ပြီး CPB ၏ အရေးကြီးသော အခြေခံဒေသ တစ်ခုဖြစ်သည်။ ကိုးကန့်ဒေသမှ စလိုက်သော အဆိုပါ တပ်တွင်းပုန်ကန်မှုမှာ ဝဒေသအပါ အဝင် တရုတ်နယ်စပ် တစ်လျှောက်ရှိ CPB အခြေခံဒေသ အားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့ သွားပါလေတော့သည်။ သည်လိုနှင့် နောက်ဆုံး ပန်ဆန်းကျသွားသော အခါ ပုန်ကန်သူများက ယခင်ပါတီ အသံလွှင့်ရုံကို သိမ်းပိုက်လိုက်ကြသည်။ ဧပြီလ ၁၈ ရက် အရောက်တွင် “ဗမာပြည် ကွန်မြူနစ်ပါတီ၏ ကျဉ်းမြောင်းသော လူမျိုးရေးပေါ်လစီများ” ဆိုသည့် ပထမဆုံး ရှုတ်ချပြစ်တင်သည့် အသံလွှင့်ချက် ထွက်ပေါ် လာပါသည်။ ဧပြီလ ၂၈ ရက် နေ့တွင်ကား ပိုမိုပြင်းထန်သည့် နောက်ထပ် အသံလွှင့်ချက် ထွက်ပေါ်လာတော့သည်။ "၁၉၇၉ မတိုင်ခင်က အခြေအနေဟာ ကောင်းခဲ့ပါတယ်။ အခုကော ဘယ်အနေအထား ဆိုက်နေပြီလဲ ...။ ဘာတိုးတက်မှုမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ဘာ့ကြောင့်လဲ ...။ ကျွန်တော်တို့အမြင်ကို ပြောရရင် ခေါင်းဆောင် တချို့ဟာ အာဏာကို အသေဖက်တွယ် ထားကြလို့ပဲ။ မှားယွင်းတဲ့လမ်းစဉ်ကို ခေါင်းမာမာ ဆက်ကိုင်ထားကြလို့ပဲ။ ဒီလူတွေဟာ တကယ့်အရှိတရားနဲ့ ကင်းကွာနေကြတယ်။ ငါတကောဝါဒနဲ့ ဂိုဏ်းဂဏဝါဒကို ကျင့်သုံးနေကြ တယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေကို လေ့လာဆန်းစစ်ဖို့ သရုပ်ခွဲ စိစစ်ဖို့ ပျက်ကွက်ကြတယ်။ တကယ့်အစစ်အမှန် ရုပ်အခြေအနေကို ဥပေက္ခာ ပြုထားကြတယ် ...။ သူတို့ဟာ ဝဒေသက လူထုကို လိမ်ညာခဲ့ကြတယ်။ လိမ်လုံးညာလုံးတွေ ဝါဒဖြန့်ချိရေး တွေနဲ့ ကျွန်တော်တို့ကို သူတို့ရဲ့ အယောင် ဆောင်တော်လှန်ရေးထဲ ဆွဲခေါ်ခဲ့ကြတယ်။ ... ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ ရန်သူကို ဗလာချီ အိုင်ဒီအိုလိုဂျီဆိုတာနဲ့ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။ သဘောတရားနဲ့ လက်တွေ့မပေါင်းစပ်နိုင်တဲ့ စစ်ရေးနည်းနာ တွေနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ...။ ကျွန်တော်တို့ ဝဒေသလူထု ကြီးဟာ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဘယ်ကျူးကျော်ရေး တပ်ဖွဲ့ကိုမှ လက်ညှိုးထောင် ခေါင်းညိတ် မလုပ်ဘူး။ အလိုလိုက် အကြိုက်မဆောင်ဘူး။ ယဉ်ကျေးမှုအရာနဲ့ စာပေအရာမှာ ကျွန်တော်တို့ဟာ ဆင်းရဲပါတယ်။ ခေတ်နောက်ကျပါတယ်။ ဒါပေမဲ့ သန္နိဋ္ဌာန်တော့ သိပ်ခိုင်တယ်။ ... အတိတ်က ကာလတစ်ခုမှာ ဗကပထဲက စိတ်ယုတ်၊ စိတ်ပုတ်ရှိတဲ့ သူတစ်ဦးရဲ့ အာဏာလုပွဲနောက် လိုက်ခဲ့ရတဲ့ ကျွန်တော်တို့ ဝဒေသ ပြည်သူလူထုကြီးရဲ့ ဘဝတွေ ဘာတွေဖြစ်ခဲ့ရပါသလဲ ...။ သိပ်ကို ကြမ်းတမ်း ခက်ထန်ခဲ့ရတယ်။ အခွန်အကောက်တွေ တိုးကောက်ပြန်တော့ လူထုအတွက် ဝန်ထုပ်ဝန်ပိုးဟာ ပိုလေးလံ ကြီးမားခဲ့ရတယ်။ သိပ်ကိုအန္တရာယ်ကြီးတဲ့ အခက်အခဲတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒီလိုအနေအထားမျိုးမှာ လူထုအနေနဲ့ ပုန်ကန်ထကြွမှုအခြေအနေတစ်ခုကို ဘယ်မှာ ရှောင်လို့ရတော့မှာလဲ ...။ အဆိုပါ အသံလွှင့်ချက်တွင် ပါသော “စိတ်ယုတ် စိတ်ပုတ်ရှိတဲ့လူ တစ်ဦး” ဆိုသည်မှာ ဘယ်သူ့ကို ဆိုလိုမှန်း မသေချာပါ။ သေချာသည့် အချက်ကို ဆိုရလျှင် ကိုးကန့်ပုန်ကန်မှု စတင်ပြီး တစ်လအတွင်း မှာပင် ဗမာ ပြည်ကွန်မြူနစ်ပါတီမှာ အလားအလာရှိသော အတိုက်အခံအင်အားစု တစ်ခု အဖြစ်မှ ရပ်စဲသွားခဲ့ပြီ ဖြစ်ပါသည်။ ရန်ကုန်မြို့တော်ခန်းမနှင့် မနီးမဝေး ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) ပေါ်ရှိ တိုက်ခန်းငယ်လေး တစ်ခု တွင် မြန်မာပညာတတ် လူငယ်တစ်စု စတင်ဖွဲ့စည်းပြီး နှစ်ပေါင်း ၅၀ နီးပါးမျှ အကြာ ...၊ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး တစ်နှစ်အတွင်း မှာပင် ထိုစဉ်က (ဖဆပလ) အစိုးရကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ် အပြီး ၄၁ နှစ်အကြာ ...၊ ဤကာလမှာပင် CPB မှာ သမိုင်းထဲသို့ စတင် တိုးဝင်သွားခဲ့ပြီ ဖြစ်ပါသည်။ များသောအားဖြင့် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော မြန်မာ ကွန်မြူနစ်များနှင့် သူတို့၏ မိသားစုများမှာ (အားလုံးပေါင်း ၃၀၀ ခန့်ရှိသည်) တရုတ်ပြည်မှာပင် အဝေးရောက်များ အဖြစ် ဘဝနေညိုချိန်ကို ဖြတ်သန်းရ ပေတော့မည်။ ခေါင်းဆောင်အများစုမှာ ကူမင်းမှာပင် အငြိမ်းစား ဘဝဖြင့် နေထိုင်ခဲ့ကြပြီး သူတို့ထဲမှ တော်တော်များများမှာ ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းတွင် ကွယ်လွန်ခဲ့ကြပြီ ဖြစ်ပါသည်။ ပါတီ၏ ဝါအရင့်ဆုံး ခေါင်းဆောင်နှစ်ဦးဖြစ်သော ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ၁၉၄၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းက ပျဉ်းမနားလယ်သမား သူပုန်ကို ဦးဆောင်ခဲ့သော ရဲဘော်ရဲထွန်းတို့မှာ ဟူနန်ပြည်နယ်တွင် သီးခြား နေခဲ့ရသည်။ သခင်ဗသိန်းတင်မှာ ဟူနန်မှာပင် ၁၉၉၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး ရဲဘော်ရဲထွန်းမှာ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့ပါသည်။ (ရဲဘော် ရဲထွန်း က သခင်ဗသိန်းတင်ထက် ၂ နှစ် ပိုကြီးပါသေးသည်။) အချို့သော လူငယ်ကေဒါ များမှာမူ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ထိန်ချုန်း၊ ရွှေလီ စသောမြို့များတွင် ကုန်သည်လေးများအဖြစ် ရပ်တည်နေကြရ ပါသည်။ အချို့ကမူ မြန်မာပြည်မရှိ မွေးရပ်ဇာတိသို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။ တပ်တွင်းပုန်ကန်မှု မတိုင်မီ ၂ နှစ်လောက်က ဖြစ်သည်။ ၁၉၈၆ နိုဝင်ဘာ ၁ ရက်မှ ၁၉၈၇ ဧပြီ ၁၈ ရက်အထိ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ CPB အခြေခံဒေသ တစ်နံတစ်လျား ကိုးကျောင်း ကိုးကျင်း လှည့်ပတ်သွားလာနေ ခဲ့သည်။ မြောက်ပိုင်း မုန်းပေါ်နှင့် ပန်ဆိုင်း မှသည် (ဤနေရာတွင် ၁၉၈၆ နိုဝင်ဘာ စီစီဝမ်တိုင်ပန် တိုက်ပွဲနှင့် ကြုံခဲ့ရ) အရှေ့ဘက် မုန်းကိုးထိ၊ ထိုမှတစ်ဖန် သံလွင်မြစ်ကိုဖြတ်ပြီး ကိုးကန့်သို့ ရောက်သွားသည်။ ထိုသည်၏ နောက် ဝတောင်တန်းများသို့ ဆင်းပြီး ပန်ဆန်းသို့ ရောက်သည်။ ပန်ဆန်းမှာပင် သုံးလကျော်ကျော်ခန့် ကြာသွားသည်။ ထို့နောက် တစ်ဖန် ပန်ဆန်းမှသည် တရုတ်နယ်စပ်တစ်လျှောက် အရှေ့ဘက်သို့ ခြေလျင်ခရီး နှင်ခဲ့ပြီး ၈၁၅ စစ်ဒေသသို့ ရောက်သွားခဲ့သည်။ ၈၁၅ ဆိုသည်မှာ ဗမာပြည်ကွန်မြူနစ် ပါတီ စတင်တည်ထောင်သည့် နေ့စွဲ၊ သြဂုတ်လ ၁၅ ရက် (၁၉၃၉) ကို အစွဲပြု မှည့်ခေါ်ထားသော အမည်ဖြစ်ပါသည်။ အဆိုပါ ၈၁၅ စစ်ဒေသမှပင် နယ်စပ်ကိုဖြတ်ပြီး တရုတ်ပြည်ထဲသို့ ရောက်သွား ခဲ့ပါသည်။ တရုတ်ပြည်တွင်း ကျင်းဟုန်နှင့် ကူမင်းအစိုးရ ဧည့်ဂေဟာများတွင် ခေတ္တမျှ ထိန်းသိမ်း ခံခဲ့ရပြီး ၁၉၈၇ ဧပြီလ ၁၅ ရက်တွင် ဟောင်ကောင်သို့ ပို့လိုက်ကြပါသည်။ CPB ပိုင်နက် နယ်မြေတစ်လွှား ကီလိုမီတာ ၉၀၀ နီးပါးမျှရှည်သော ခရီးစဉ်ခရီးကြမ်းကြီးနှင့် ပန်ဆန်းဌာနချုပ်တွင် နေထိုင်စဉ်အတွင်း ကျွန်တော့်အနေနှင့် အဓိကပါတီ ခေါင်းဆောင်အားလုံးလောက်ကို တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သည်။ ဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် ဆိုလျှင် ခြောက်ကြိမ်မျှ အချိန်တော်တော်ကြာကြာ စကားပြောခွင့် ရခဲ့ပါသည်။ ရှေ့တန်းစစ်မြေပြင် များတွင်လည်း ရဲဘော်တွေနှင့် ရက်သတ္တပတ် အတော်ကြာ အတူနေခွင့် ရခဲ့သည်။ ရဲဘော်အများစုမှာ ဝ အမျိုးသားတွေဖြစ်ပြီး သူတို့အကြောင်း ကောင်းကောင်းသိခွင့် ရခဲ့ပါသည်။ သို့အတွက် ၁၉၈၉ မတ်၊ ဧပြီ တပ်တွင်းပုန်ကန်မှု ပေါ်ထွက်လာသောအခါ ကျွန်တော့်အတွက်တော့ အံ့သြစရာ မဟုတ်တော့ပါချေ။ အောက်ခြေ ရဲဘော်များ အနေနှင့် သူတို့ခေါင်းဆောင်များနှင့် ပတ်သက်ပြီး ဘယ်လို ခံစားချက် ရှိကြသည်ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ သူတို့ တစ်တွေမှာ သူတို့အမှန်တကယ် မယုံကြည်သော အရေးတော်အတွက် တိုက်ခိုက်နေကြရသည် ကို ငြီးငွေ့နေကြပြီ ဖြစ်သည်။ ထိုစဉ်ကာလ (၁၉၈၆-၁၉၈၇) CPB အခြေခံဒေသ၏ လူဦးရေနှင့် စီးပွားရေး အနေအထားဆိုင်ရာ အသေးစိတ် သတင်းအချက်အလက် များကိုလည်း ကျွန်တော်စုဆောင်းနိုင် ခဲ့ပါသည်။ ဤအချက်အလက်များကို “နောက်ဆက်တွဲ ၂” တွင် ဖော်ပြထားသည်။ မည်သို့ပင်ဆိုစေ တပ်တွင်းပုန်ကန်မှု နောက်ပိုင်း ပန်ဆန်းမှာ မည်သည့်မြို့နှင့်မှ မတူအောင် စန်းပွင့်လာခဲ့သည် မှာကား အမှန်ပင်ဖြစ်ပါ သည်။ တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းလို ဖြစ်နေသော နာမ်ခမြစ်လေး၏ မြင်းခွာပုံ အကွေ့တစ်ခုတွင် တည်ရှိသည့် ပန်ဆန်းတွင် လောကနှစ်ခုလုံး၏ အကောင်းဆုံးတွေ စုစည်းနေသလို ရှိသည်။ တရုတ်ပြည်၏ စီးပွားရေး ချမ်းသာကြွယ်ဝမှုများမှာ ပန်ဆန်းတွင် အသစ်ထွက်ပေါ်လာသော ကွန်ကရစ် အဆောက်အအုံများ၊ ဇိမ်ခံကားများ၊ ပလက်ဖောင်းကိုယ်စီ လမ်းမကြီးများ၊ နောက်ဆုံးပေါ် စားသုံးကုန်များ အပြည့်တင်ထားသည့် ဈေးဆိုင်များပေါ်တွင် အရိပ်ထင်လျက် ရှိသည်။ ဤနေရာတွင် တရုတ် ငွေကြေးကိုသာ လက်ခံ သုံးစွဲကြပါသည်။ တန်ဖိုးမရှိသလောက် ဖြစ်သော မြန်မာကျပ်ငွေကို ဘယ်သူကမှ မလိုချင်ကြပါ။ သို့တစေ ဤနေရာမှာ တရုတ်ပြည်ကား မဟုတ်။ မြန်မာပြည် ဖြစ်သည်။ သို့နှင့်တိုင် ဤနေရာတွင် ကြမ်းရှသော တရားဥပဒေစိုးမိုးရေး အတွက် ဘယ်သူမှ စိုးရိမ်မကင်း ဖြစ်စရာမလိုပါ။ အချို့သော အမျိုးအစား ကုန်သွယ်ရေး ကူးသန်းရောင်းဝယ်ရေး များအပေါ် ချမှတ်ထားသည့် အစိုးရ အထိန်းအချုပ်များ အတွက်လည်း စိတ်ပူစရာမရှိပါ။ အကြောင်းမူ ပန်ဆန်းနှင့် ပတ်ဝန်းကျင် ဒေသမှာ မြန်မာအာဏာပိုင် များ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောကြောင့် ဖြစ်ပါသည်။ လူဦးရေ ၂၀,၀၀၀ မျှရှိသော ပန်ဆန်းမှာ စတုရန်းကီလိုမီတာ ၁၅,၀၀၀ ကျော် ကျယ်သော မြန်မာနိုင်ငံ အရှေ့မြောက် ဒေသ၏ “တရားမဝင် မြို့တော်” ဟု ဆိုရတော့မည် ဖြစ်ပါသည်။ ဤဒေသကြီးကို “ညီညွတ်သော ဝ ပြည်နယ်တပ်မတော်” (UWSA) က ထိန်းချုပ်ထားသည်။ UWSA မှာ တစ်ခါက ဗမာပြည် ကွန်မြူနစ်ပါတီ၏ တိုက်ခိုက်ရေး တပ်ဖွဲ့များအဖြစ် စုစည်းထားသော လူမျိုးစု လက်နက်ကိုင် အဖွဲ့လေးခုထဲမှ အင်အားအကြီးဆုံး ဖြစ်ပါသည်။ ပန်ဆန်းမှာ UWSA ထိန်းချုပ်ထားဆဲ နယ်မြေ၏ အသည်းနှလုံး နေရာတွင် ရှိသည်။ တပ်တွင်းပုန်ကန်မှု ဖြစ်ပြီး လအနည်းငယ် အကြာမှာပင် သူပုန်တပ်ဖွဲ့များနှင့် ဗဟိုအစိုးရ တို့ကြား အပစ်အခတ် ရပ်စဲရေးသဘော တူညီချက်တစ်ရပ် ရရှိခဲ့ပါသည်။ ဤသဘောတူညီချက် အရ UWSA နှင့် ယခင် CPB တပ်ဖွဲ့ များကို ၄င်းတို့ လက်နက်ကိုင်တပ်များ ဆက်လက် ထားရှိခွင့် ပြုသလို သက်ဆိုင်ရာ နယ်မြေများကိုလည်း ဆက်လက်ထိန်းချုပ်ခွင့် ပြုထားသည်။ အပြန်အလှန် အနေနှင့် အဆိုပါအဖွဲ့များ ဘက်မှလည်း အစိုးရတပ်ကို မတိုက်ရန်၊ တိုင်းပြည်အတွင်းရှိ အခြားသော အစိုးရ ဆန့်ကျင်ရေး လူမျိုးစုအဖွဲ့များနှင့် မဆက်သွယ်ရန် သဘော တူထားရသည်။ ၁၉၈၉ တပ်တွင်းပုန်ကန်မှု မတိုင်မီက ပန်ဆန်းတွင် ကွန်ကရစ် အဆောက်အအုံ ဆို၍ ပါတီခေါင်းဆောင်များ နေထိုင်ရာ တိုက်အိမ်အစုလေး များနှင့် တရုတ်ပြည်မှ ဆောက်ပေးသော အသံလွှင့်ရုံသာ ရှိပါသည်။ ဤအသံ လွှင့်ရုံမှာပင် အရေးကြီးသော အစည်းအဝေးများကို ကျင်းပခဲ့ကြသည်။ ထိုစဉ်က ပန်ဆန်းရှိ အဆောက်အအုံအများစုမှာ သစ်ဝါးတို့ဖြင့် ဆောက်လုပ် ထားသော တဲတွေသာ ရှိပါသည်။ တစ်ခုတည်းသော အရောင်းအဝယ်လုပ်ငန်း ဆို၍ ပုံစံဟောင်း ပန်ဆန်းဈေးသာ ရှိသည်။ ဤဈေးတွင် ဒေသခံများက ဟင်းသီးဟင်းရွက်၊ ဝက်သား၊ ကြက်သားနှင့် ဘိန်းတို့ကို ရောင်းချကြသည်။ ဘိန်းအရောင်းအဝယ်ကို ပါတီက အခွန်ကောက်ပြီး တရားဝင် ခွင့်ပြုထား သည်။ မကြာခဏဆိုသလို တရုတ်ပြည်ဘက်မှ ကုန်သည်တွေ ကူးလာကြပြီး အဝတ်အထည်၊ ကလေးကစားစရာနှင့် အပေါစား လက်ဝတ်တန်ဆာတို့ကို ရောင်းချကြသည်။ တစ်ခါတစ်ရံတွင် ရေခဲမုန့် ဘူးများကို စက်ဘီးဖြင့်တင်ပြီး လာရောက် ရောင်းချကြသည်များလည်း ရှိသည်။ ပန်ဆန်းကို မိုးနေသော တောင်ကုန်း တစ်ခုပေါ်တွင် ကျဆုံးသွားသော CPB ရဲဘော်များ အတွက် အထိမ်းအမှတ် တစ်နေရာရှိသည်။ ယခုအခါ ဤနေရာနှင့် ဘေးချင်းကပ်လျက်တွင် “ရွှေကလေးငယ်ဒစ်စကို” (Golden Baby Disco) ဆိုသော အဆောက်အအုံသစ်ကြီး ပေါ်ထွက်လာချေပြီ။ ၄င်းမှာ အမြင်ဆန်းသော နှစ်ထပ်အဆောက်အအုံ ဖြစ်သည်။ အပေါ်ထပ်တွင် “နိုက်ကလပ်” ဖွင့်ထားပြီး မှန်ချပ်တွေ အပြည့်ကာထားသည်။ ပန်ဆန်း၏ မီးရောင်ပြိုးပြက် ညရှုခင်းကို မှန်ချပ်များကို ဖြတ်ပြီး မြင်နိုင်သည်။ အောက်ထပ်တွင်ကား ကာရာအိုကေခန်းမများ အပြည့်ရှိသည်။ ဗီအိုင်ပီများ အတွက် သူတို့ဧည့်သည်များကို ဧည့်ခံဖြေဖျော်ရန် အထူးသီးသန့်ခန်း တွေကိုလည်း စီစဉ်ထားပါသည်။ ဤခန်းမများတွင် အပိုကြေးသာ ပေးနိုင်လျှင် မလုံ့တလုံ မီနီစကတ် တိုတိုလေးများဖြင့် နိုက်ကလပ်မယ်လေး တွေကိုလည်း ဝယ်လို့ ရနိုင်ပါသည်။ “ရွှေကလေးငယ်ဒစ်စကို” နှင့် မဝေးလှ သော နေရာတွင်လည်း ကာစီနိုကြီးတစ်ခု ရှိပါသေးသည်။ ဤကာစီနိုကြီးကို UWSA ပိုင် “ယင်းယွမ် ဖြေဖျော်ရေးကော်ပိုရေးရှင်း” က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ အဆိုပါ ကာစီနိုကြီးနှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက် တွင်ကား အပန်းဖြေနားနေစရာ တောအုပ်တစ်ခု ရှိသည်။ ဤတောအုပ် တွင် အာရှဝက်ဝံမည်း တော်တော် များများနှင့် မျောက်တစ်ကောင်ကို လှောင်အိမ်သွင်း ပြထားသည်။ လာရောက်အပန်းဖြေသူများက ဝက်ဝံ တွေနှင့် မျောက်ကို ဘီယာတိုက်ကြ သည်။ စီးကရက် မီးညှိပေးကြသည်။ အပျော်သဘော ဖြစ်သည့်တိုင် စိတ်မသက်သာဖွယ်ရာ မြင်ကွင်းများ ဖြစ်ပါသည်။ ကာလသားကြိုက် အပျော်အပါးကိစ္စများမှာ ကာရာအိုကေ ခန်းမများတွင်သာ ရနိုင်သည် မဟုတ်ပါ။ ပန်ဆန်းရှိ ဆံပင်ညှပ်ဆိုင် တော်တော်များများ မှာပင် ဤကိစ္စ အလွယ်နှင့်ရနိုင်ပါသည်။ ပန်ဆန်းဆံပင် ညှပ်ဆိုင်များမှာ ဆံပင်ညှပ်ဆိုင် သက်သက်မျှ မဟုတ်။ ပါတီပွဲများ ကျင်းပရာအဖြစ်ပါ နှစ်မျိုး အသုံးပြုကြသည်က များသည်။ ညရောက်ပြီဆိုသည်နှင့် အဆိုပါဆိုင်များတွင် ပန်းရောင် နီယွန်မီးများ ထွန်းညှိကာ ပြည့်တန်ဆာ မိန်းကလေးများကို ခေါ်ထားလေ့ ရှိသည်။ တန်ရာတန်ဖိုး ပေးပါက နှစ်သက်ရာ အမျိုးသမီးကို နီးရာဟိုတယ်သို့ ခေါ်ထုတ် ပျော်ပါးနိုင်သည်။ ပန်ဆန်းတွင် ကိုယ်ပိုင်ဘဏ်လည်း ရှိသည်။ “ဝဖန်း” သို့မဟုတ် “ဝပြည်နယ်ဘဏ်” ဟု အမည်ရှိပါသည်။ ပန်ဆန်းမြို့၏ အဓိကရ လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ဘဏ်ရှေ့ ယာဉ်ရပ်နားကွင်းတွင် ဝ အာဏာပိုင်များ ထုတ်ပေးသော နံပါတ်ပြားများ တပ်ထားသည့် ဇိမ်ခံ ဆီဒင်ကားများ၊ Surf ကားများကို မနည်းမနော တွေ့နိုင်ပါသည်။ ထိုမျှမက ပန်ဆန်းတွင် ရုပ်ရှင်ရုံတစ်ရုံ၊ နေ့ဈေးတစ်ဈေး၊ ကားပြိုင် ကွင်းတစ်ကွင်းနှင့် ရိုလာစကိတ်ကွင်း တစ်ကွင်းလည်း ရှိပါသေးသည်။ စကိတ်ကွင်းတွင် ဘီးတပ် စကိတ်ပြားများကို နာရီပိုင်းနှင့် ငှားလို့ရသည်။ UWSA မှ တပ်မှူးတစ်ယောက် ဆိုလျှင် သူနှင့် သူ့ရောင်းရင်းများ ကစားရန် ကိုယ်ပိုင်ဘိုးလင်း ကစားရုံတစ်ရုံ တည်ဆောက်ထားသည်ဟု ဆိုသည်။ သူ့ဘိုးလင်းရုံကို အများပြည်သူကစားဖို့ ဖွင့်ပေးသော်လည်း လမ်းကြောင်း တစ်ခုကိုမူ ဝခေါင်းဆောင်များ အတွက်သာ သီးသန့်ထားသည်ဟု သိရသည်။ ယူနီဖောင်း အသစ်စက်စက်များနှင့် UWSA တပ်ဖွဲ့များကိုလည်း မြို့ထဲတွင် အဖွဲ့လိုက် စစ်ရေးပြနေကြသည်ကို တွေ့နိုင်သည်။ ဝ ရဲတပ်ဖွဲ့ယာဉ် များကလည်း လမ်းများပေါ်တွင် ပတ်တရောင် လှည့်နေကြသည်။ ပန်ဆန်းလမ်းမကြီးများ၏ လမ်းသွယ်များကြားတွင် ပန်းဘောင်များကို စနစ်တကျ စိုက်ပျိုးထားပါသည်။ “ပန်းဘောင်ပေါ် မနင်းရ” ဆိုသော ဆိုင်းဘုတ်များကို နေရာအနှံ့ တွေ့ရသည်။ မလိုက်နာလျှင် ဒဏ်ငွေကြီးကြီး တပ်ခံရပါလိမ့်မည်။ ရမ်မင်ဘီ ၃၀၀ သို့မဟုတ် အမေရိကန် ဒေါ်လာ ၄၄ အထိ ဒဏ်ငွေဆောင်ရသည်။ အစိုးရနှင့် နားလည်မှုယူထားသော ဆိုခဲ့ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အရ မြန်မာ့တပ်မတော်မှာ ပန်ဆန်းတွင် ဆက်ဆံရေးရုံး တစ်ရုံး ထားခွင့်ရှိသည်။ ဤရုံးတွင် အရာရှိအဆင့် ဆယ်ယောက်လောက် ခန့်ထားပါသည်။ သို့တစေ အဆိုပါအရာရှိ များမှာ သူတို့နေထိုင်ရာ ဝင်းထဲမှ အပြင်သို့ ထွက်ခဲပါသည်။ ပန်ဆန်းတွင် တစ်ခုတည်းသော မြန်မာအလံဆို၍ အစိုးရဆေးပေးခန်း မှာသာရှိသည်။ ကျန်ရုံးအဆောက်အအုံ အားလုံးတွင် လွှင့်ထူထားသည်မှာ UWSA အလံနှင့် ဝ ပြည်နယ် အလံသာဖြစ်သည်။ အပြာ၊ အနီ နောက်ခံထက်တွင် ကြယ်တစ်ပွင့်၊ နေတစ်စင်း၊ ဓားမြှောင်နှင့် လှံတံကန့်လန့်ဖြတ်ထားသော အမှတ်အသားတစ်ခု ပါဝင်သည့် အလံတော် ဖြစ်ပါသည်။ တရားဝင်ထုတ်ဝေ ဖြန့်ချိထားသော မြေပုံများတွင် ရှာကြည့်လျှင် ဝ ပြည်နယ် ဆိုသည်ကို တွေ့ရလိမ့်မည် မဟုတ်ပါ။ သို့တိုင်အောင် တစ်စိတ် တစ်ပိုင်း လွတ်လပ်သည့် နယ်မြေ ဖြစ်လာစေရန်ကား အကြံအစည်နှင့် ရည်ရွယ်ချက် ရှိဟန် တူပါသည်။ တရားဝင် သိမှတ်လက်ခံထားခြင်း မရှိသည့်တိုင် ဝ နယ်မြေမှာ မြန်မာနိုင်ငံနှင့် တရုတ်ပြည်ကြား ဒေသဆိုင်ရာ အုပ်ချုပ် ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော ကြားခံနယ်မြေ တစ်ခုလိုဖြစ်နေသည်။ ပြဿနာကို ပို၍ရှုပ်ထွေးစေသည်မှာ တရုတ်ထောက်လှမ်းရေး အေဂျင်စီများ အနေနှင့် ၁၉၈၉ တပ်တွင်းပုန်ကန်မှု နောက်ပိုင်းအထိ နယ်စပ် တစ်ဖက်မှ ယခင်မဟာမိတ်ဟောင်း များနှင့် အဆက်အသွယ် မပြတ်နိုင်သေးခြင်း ပင်ဖြစ်သည်။ UWSA နှင့် ယခင် CPB တပ်ဖွဲ့ဟောင်း အားလုံးမှာ မူးယစ်ဆေး အရောင်းအဝယ်တွင် ပါဝင်ပတ်သက်နေသည့် အချက်ကို ထည့်သွင်း စဉ်းစားလိုက်ပါက တရုတ်ထောက်လှမ်းရေး များဘက်မှ သူတို့ကို သည်းခံခွင့်လွှတ် ထားရုံမျှမက အကူအညီပင် ပေးနေသည်ဟု ယူဆဖို့ လိုသည်မှာလည်း ဆီလျော်မှုမရှိသလို ဖြစ်နေသည်။ တရားဝင် အနေနှင့်မူ ယခင် CPB တပ်မှူး တော်တော်များများကို သူတို့၏မူးယစ်ဆေး အရောင်းအဝယ် ပါဝင်ပတ်သက်မှု များကြောင့် တရုတ်ပြည်ထဲသို့ ဝင်ခွင့် မပြုသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့နှင့်တိုင် သူတို့အားလုံးမှာ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ကာလတာရှည်စွာ အတူတွဲဖက် အလုပ်လုပ်ခဲ့ကြသူများလည်း ဖြစ်နေပြန်သည်။ ဤအချက်အရ ဆိုလျှင် ယူနန်မှ (အခြားပြည်နယ်များ မှလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်) တရုတ်လုံခြုံရေး အာဏာပိုင်များနှင့် အဆိုပါ CPB တပ်မှူးဟောင်းများ ကြားတွင် ရှည်ကြာသော လုပ်ငန်းဆိုင်ရာ ဆက်စပ်မှုများ ရှိနေလိမ့်မည်ဟု ယူဆနိုင်စရာ ရှိနေပြန်သည်။ ၁၉၉၁ ခုနှစ် အစောပိုင်းလောက်က မြန်မာပြည်အရှေ့မြောက် ဒေသတွင် အထိုင်ကျနေသော သတင်းရင်းမြစ်တစ်ခုနှင့် တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါသည်။ ပြောရလျှင် ထိုစဉ်ကပင် ဘိန်းအပါအဝင် မူးယစ်ဆေးဝါးများ နယ်စပ်ကို ဖြတ်ပြီး တရုတ်ပြည်ထဲ ဝင်ရောက်စပြုနေပြီ ဖြစ်ပါသည်။ အဆိုပါ အရင်းအမြစ်၏ အဆိုအရ ယခင် CPB တပ်မှူးဟောင်းများမှာ တရုတ် အရာရှိများနှင့် ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းစွဲ ရှိနေ၍ တရုတ်ပြည်သို့ ပုံမှန် လည်ပတ်ခွင့် ရနေသည်။ ဟိုတယ်များ၊ အိမ်များ စသည့် သူတို့ပိုင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများမှာလည်း နှစ်ဖက်လုံးတွင် ရှိနေသည် စသဖြင့် အခိုင်အမာဆိုသည်။ "ပြောရရင်တော့ဗျာ။ တရုတ်လုံခြုံရေး အစောင့်အရှောက်နဲ့ ဒီလူတွေရဲ့ ကားတွေ၊ နယ်စပ်မှာ ဝင်ထွက်သွားလာနေတာ မတွေ့ချင်၊ မမြင်ချင် အဆုံးပဲလေ ..." ဆိုခဲ့ပါ သတင်းအရင်းအမြစ်၏ စကား ဖြစ်ပါသည်။ နယ်စပ်လုံခြုံရေး အကြောင်းများကြောင့် တရုတ်ပြည် အနေနှင့် တရုတ်-မြန်မာ နယ်စပ်တစ်လျှောက် ထိန်းချုပ်ထားနိုင်သော အင်အားကြီးသည့် UWSA နှင့် အနိမ့်ဆုံးအားဖြင့် အလုပ်သဘော ဆက်ဆံရေးများ ရှိဖို့ လိုပါလိမ့်မည်။ ထို့ထက် တစ်နည်းအားဖြင့် သမ္မုတိဝိရောဓိ သဘောဖြစ်နေ သည်မှာ အသစ် ပေါ်ထွက်လာသော UWSA သည် ယခင် CPB ထက်ပင် အင်အားပိုကြီးပြီး ပိုမိုကောင်းမွန်စွာ လက်နက် တပ်ဆင်ထားနိုင်ခြင်းပင် ဖြစ်သည်။ UWSA အနေနှင့် လက်နက်သစ် များစွာ တရုတ်ပြည်ဘက်မှ ရရှိနေသည်။ ၄င်းတို့ထဲတွင် ကလက်(ရှ)နီကော့(ဗ) တိုက်ခိုက်ရေး ရိုင်ဖယ်များ အသေးစား၊ အလတ်စား၊ အကြီးစား စက်သေနတ်များ၊ ရော့ကက်လောင်ချာများ၊ မော်တာများသာမက တရုတ်လုပ် ပခုံးထမ်း ပစ်နိုင်သော HN-5N လေကြောင်း ကာကွယ်ရေးစနစ်လို လက်နက်ငယ် များပင် ပါဝင်သည်။ နောက်ထပ် မြင်သာထင်သာရှိသော အခြင်းအရာတစ်ခုမှာ တရုတ် ပြည်အနေနှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးကစားကွက် တော်တော်များများ ဆက်ရှိနေသေးသည့် အချက်ဖြစ်ပါသည်။ ယခင်ကလို ကွန်မြူနစ်တော်လှန်ရေး ကို တင်ပို့ဖို့ မကြိုးစားတော့ သော်လည်း ၄င်း၏စီးပွားရေး သြဇာကိုမူ အရှေ့တောင်အာရှ ကျွန်းဆွယ်တစ်လွှား ဖြန့်ကြက်ထားလိုဟန် ရှိသည်။ ထို့ပြင် လက်ရှိ တပ်မတော်အစိုးရ၏ မရေရာသော အနာဂတ်ကြောင့်လည်း UWSA လို အုပ်စုမျိုးနှင့် ဆက်ဆံရေးကို လက်လွှတ်လို့ မဖြစ်။ မြန်မာနိုင်ငံ ထဲရှိ တရုတ်ခြေကုပ်အဖြစ် ဆက်ထိန်းထားလိုသည့် သဘော ရှိပါသည်။ နယ်စပ်တစ်ဖက်တွင် UWSA တပ်များ ရှိနေသည်ကို တရုတ်ပြည် ဘက်မှ လိုလားထောက်ခံမှု ရှိသည်မှာ ထင်ရှားပါသည်။ ဤအတွက် မြင်သာ ထင်သာရှိသော လက္ခဏာတစ်ခုမှာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလက အသစ်ပြုပြင် တည်ဆောက်လိုက်သော ပန်ဆန်းရှိ နာမ်ခမြစ်ကူး ကွန်ကရစ် တံတားပင်ဖြစ်သည်။ ယခင် CPB လက်ထက်က ဤတံတားလေးမှာ သံမဏိဘောင်၊ သစ်သားတို့ဖြင့် တည်ဆောက်ထားသော ခနော်နီ ခနော်နဲ့မျှသာ ဖြစ်သည်။ ယခုအခါတွင်ကား တရုတ်-မြန်မာ နယ်စပ် ဖြတ်ကျော် နာမ်ခ တံတားမှာ အာရှဒေသ၏ အခြားနယ်စပ်များ လိုပင် သားသားနားနား ရှိနေပြီဖြစ်ပါသည်။ တံတားပေါ်တွင်လည်း ယာဉ်အသွားအလာ ပြတ်သည်မရှိ။ တရုတ်အရာရှိ များရော၊ တစ်ဖက်မှ ဝ အရာရှိတွေပါ သွားချည်ပြန်ချည် ရှိနေတော့သည်။ သို့နှင့်တိုင် ဝ ခေါင်းဆောင်များနှင့် တရုတ်ပြည်၏ ဆက်ဆံရေးမှာ အခါခပ်သိမ်း ကောင်းလှသည်တော့ မဟုတ်ပါချေ။ ဝ ခေါင်းဆောင်များ အနေနှင့် မူးယစ်ဆေးအရောင်းအဝယ်နှင့် ပတ်သက်ပြီး တရုတ်တို့၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရသည်များ ရှိသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ အတွင်းက UWSA ခေါင်းဆောင် ပေါင်းယိုရှန်းကို ကူမင်းသို့ အကြိမ်ကြိမ်ဆင့်ခေါ်ပြီး တရုတ် ပြည်ထဲသို့ မူးယစ်ဆေးဝါးများ မသွင်းရန် သတိပေးခဲ့သည်။ (ပေါင်းယိုရှန်းမှာ တရုတ်အမည်ဖြစ်သော်လည်း ဝ အမျိုးသား ဖြစ်ပါသည်။) တရုတ်တွေမှာ မြန်မာပြည်ဘက်ခြမ်း (ဝနယ်) မှ ဘိန်းဖြူတွေ တရုတ်ပြည်ဘက်သို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ နေသည့်အတွက် တိုး၍ တိုး၍ မကျေမနပ် ဖြစ်လာကြသည်။ ၁၉၈၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကဆိုလျှင် ဘိန်းဖြူဆိုသည်မှာ တရုတ်ပြည်တွင် မကြားဖူးသလောက်ပင် ဖြစ်သည်။ သို့တစေ ၁၉၉၅ ခုနှစ် တွင် တရုတ်အာဏာပိုင်များက ဘိန်းဖြူ ၂ ဒသမ ၃၇၆ တန် ဖမ်းဆီးရမိ လိုက်သည်။ ဤသို့ ဖမ်းဆီးရမိသည့် ဘိန်းဖြူပမာဏမှာ ၁၉၉၆ တွင် ၄ ဒသမ ၃၄၇ တန်၊ ၁၉၉၇ တွင် ၅ ဒသမ ၄၇၇ တန်၊ ၂၀၀၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၈၁ တန် တောက်လျှောက် တက်လာသည်။ ၂၀၀၁ ခုနှစ်တွင်ကား ၁၃ ဒသမ ၂ တန် အထိ စံချိန်တင် သွားပါတော့သည်။ ဗဟိုအာရှဒေသ၏ “ရွှေလခြမ်း” ဟု ခေါ်သော အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် တာဂျစ်ကစ္စတန် နယ်စပ်မှလည်း တရုတ်ပြည်တွင်းသို့ ဘိန်းဖြူအချို့ ဝင်သင့်သလောက် ဝင်ပါသည်။ သို့တိုင်အောင် အဆိုပါဘိန်းဖြူ အားလုံးလောက်မှာ မြန်မာပြည်မှ လာခြင်း ဖြစ်သည်။ ၁၉၉၁ ခုနှစ်က တရုတ်ပြည်တွင် မူးယစ်ဆေးနှင့် ဆက်စပ်သော ဖမ်းဆီးအရေးယူမှုပေါင်း ၈,၀၈၀ ရှိသည်။ နောင်ဆယ်စုတစ်ခု ကြာသောအခါ ဤအရေအတွက်မှာ ၄၀,၆၀၂ အထိ တိုးသွားသည်။ ယနေ့အခါတွင်ကား ဘိန်းဖြူသာမက “မီသမ်ဖီတမင်း” ပါ ပေါ်လာ၍ အခြေအနေမှာ ပိုဆိုးလာပါ တော့သည်။ နောက်ဆုံးပေါ် မူးယစ်ဆေးအသစ် “မီသမ်ဖီတမင်း” ကိုလည်း UWSA အခြေခံဒေသမှာပင် ထုတ်လုပ်ပါသည်။ တရုတ်အာဏာပိုင်များ၏ တောင်းဆိုချက်ကို UWSA ခေါင်းဆောင်များ၏ တုံ့ပြန်မှုကား ဘိန်းမည်း ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်ရာမှ “မီသမ်ဖီတမင်း” ကို ပြောင်းလဲ ထုတ်လုပ်လိုက်ခြင်း ဖြစ်ပါသည်။ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သော အဆိုပါမူးယစ် ဆေးမှာ ဘိန်းလိုရာသီဥတုကို ကြည့်ပြီး ဒုက္ခခံ စိုက်နေစရာမလို။ ပို၍ အဆင် ပြေလွယ်ကူသလို ပို၍လည်း တွက်ခြေကိုက်သည်။ အဆိုပါ ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သော မူးယစ်ဆေးမှာ တရုတ် ပြည်တွင်လည်း ဈေးကွက်ရှိသည်သာ ဖြစ်ပါသည်။ သို့တစေ ဤဆေးကို တရုတ်ပြည်တွင်းမှာပင် ထုတ်လုပ်သည်ဖြစ်၍ တရုတ်တို့ဘက်မှ ပြည်တွင်း ပြဿနာအဖြစ် ယူဆကြသည်။ UWSA နှင့် အခြားသော CPB တပ်ဖွဲ့ ဟောင်းများ ထိန်းချုပ်ထားသည့် ဒေသမှ ထုတ်လုပ်သော “မီသမ်ဖီတမင်း” မှာ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယား ဈေးကွက်သို့ ရောက်သည်က များသည်။ အိန္ဒိယအရှေ့ မြောက်ပိုင်းအထိ ရောက်သည်များပင် ရှိသည်။ တရုတ်ပြည်အနေနှင့် မူးယစ်ဆေးဝါး စီးဝင်မှု (အနည်းဆုံး ၄င်းတို့နိုင်ငံထဲသို့ စီးဝင်မှု) ကို ပိတ်ဆို့ဖို့ ကြိုးစားကြသည့်တိုင် အမှန်စင်စစ် မူးယစ် ဆေးဝါးကိစ္စမှာ တရုတ်ပြည်အတွက် ဒုတိယအလေးထားစရာ ကိစ္စမျှသာ ဖြစ်ပါသည်။ မဟာဗျူဟာကျကျ စဉ်းစားလိုက်လျှင် တော်လှန်ရေးများ ပျံ့နှံ့ စေရေးလို၊ စီးပွားရေးသြဇာနယ်ပယ် ချဲ့ထွင်ရေးလို နိုင်ငံရေး၊ စီးပွားရေး ကိစ္စများသည်သာ ပို၍အရေးကြီးပါသည်။ ၁၉၄၉ ကွန်မြူနစ်များ အာဏာရ ပြီးကတည်းက ဘေဂျင်းတွင် မည်သည့်ခေါင်းဆောင်မျိုး အာဏာရသည် ဖြစ်စေ တရုတ်ပြည်၏ မဟာဗျူဟာမြောက် ပထမဦးစားပေးမှာ နိုင်ငံရေးနှင့် စီးပွားရေးသာဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌကြီး သခင်ဗသိန်းတင်နှင့် သူ၏ရဲဘော်များသာ သူတို့တစ်တွေ ပစ္စည်းမဲ့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲရန် ကြိုးပမ်းခဲ့ကြသည့် ပန်ဆန်းဌာနချုပ်၏ အဖြစ်သနစ်များကို မြင်ကြရလျှင် ယနေ့ တရုတ်ပြည် လျှောက်လှမ်းနေသော အရင်းရှင်လမ်းကြောင်းကို တွေ့ကြမည် ဆိုလျှင် မြေကြီးထဲမှ ခုန်ထွက်လာပြီး ဒေါသတွေ တနုံ့နုံ့ဖြစ်နေကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေလိမ့်မည်။ ယခုစာစုမှာ ဇာတ်၏အစ CPB အနေနှင့် ခန့်ညားလောက်သော တိုက်ခိုက်ရေး အင်အားစုတစ်ရပ်ဖြစ်အောင် ဘယ်ပုံစည်းရုံး လှုပ်ရှားခဲ့ကြပုံ နောက်ဆုံး သူတို့ကြိုးပမ်းခဲ့ကြသော ကွန်မြူနစ် တော်လှန်ပုန်ကန်မှုကြီး ဘာ့ကြောင့် ဘယ်လို အရေးနိမ့်သွားရပုံ တို့ကို စုစည်းဖော်ပြရန် ကြိုးပမ်းထားသည့် ဇာတ်လမ်းရှည်ကြီး ဖြစ်ပါသည်။ ယခုအခါ ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုသော နိုင်ငံရေးအင်အားစုကြီး တစ်ရပ် သမိုင်းဖြစ်စဉ်ထဲတွင် မရှိလေတော့ပါ။ သမိုင်းထဲတွင် ဆက်လက် ကျန်ရှိနေသည်မှာကား UWSA နှင့် ရှမ်းပြည်နယ် ဝ တောင်တန်းများ ပေါ်ရှိ ၄င်း၏ တရားမဝင် ကြားခံနယ်မြေသာ ဖြစ်ပါသည်။ မြန်မာပြည် အရှေ့ မြောက်နယ်စပ်မှ ထိုးဖောက်ဝင်ရောက်လျက် ရှိသော တရုတ်သြဇာမှာလည်း ဆက်လက်ရှိမြဲ ရှိနေဆဲသာ ဖြစ်ပါသတည်း ...။ (ဆက်လက်ဖော်ပြပါမည်) https://www.facebook.com/photo.php?fbid=575935285760068&set=a.164790403541227.32157.158797964140471&type=1&relevant_count=1
วันอาทิตย์ที่ 19 พฤษภาคม พ.ศ. 2556
สมัครสมาชิก:
ส่งความคิดเห็น (Atom)
0 ความคิดเห็น:
แสดงความคิดเห็น